မြန်မာ့အရေး အဖြေမရှာနိုင်ရင် အာဆီယံပါ ထိခိုက်မည် (သံအမတ်ကြီး ဦးကျော်မိုးထွန်း)

ASEAN အဖွဲ့ဝင် အလံများ

မြန်မာနိုင်ငံ လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ထည့်သွင်းစဉ်းစား အဖြေရှာတာမျိုး မလုပ်နိုင်ဘူးဆိုရင် အာဆီယံအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက် လာစေမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာ့အရေး အာဆီယံအရေးပေါ်စည်းဝေးပွဲကို စနေ ဒီကနေ့ ကျင်းပဖို့ ရှိနေချိန်မှာသူက အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ သီးသန့်ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုအတွင်း နေ့စဉ်နီးပါး လူသေဆုံးနေရတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဆွေးနွေးအဖြေရှာဖို့မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားပြီး အာဆီယံခေါင်းဆောင်တွေ တက်ရောက်ကြမယ့် အရေးပေါ် စည်းဝေးပွဲကို ဧပြီ(၂၄)ရက် ဒီကနေ့ အင်ဒိုနီးရှား ဂျာကာတာမြို့မှာ ကျင်းပဖို့ ရှိနေပါတယ်။

ဂျာကာတာမှာ ကျင်းပမယ့် အစည်းအဝေးဟာ " မြန်မာပြည်သူတွေ အကျိုးရှိစေမယ့် သဘောတူညီမှုမျိုး ရလာနိုင်လိမ့်မယ်လို့ အာဆီယံခေါင်းဆောင်တွေက မျှော်လင့်ထားပါတယ်။ မြန်မာပြည်သူတွေအတွက် အရေးကြီးတဲ့အတွက် ဒီအစည်းအဝေးကို ကျင်းပရတာဖြစ်တယ်ဆိုတာ အင်ဒိုနီးရှားသမ္မတက အလေးပေးပြောကြားခဲ့တယ်" လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာပါ။

အာဆီယံ ခေါင်းဆောင်တွေ မျှော်လင့်ထားကြသလိုမျိုးပဲဒီဆွေးနွေးပွဲအတွင်းမြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ထည့်သွင်းစဉ်းစားတာမျိုး မလုပ်နိုင်ဘူးဆိုရင် အာဆီယံအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာစေမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက VOA နဲ့ သီးသန့် မေးမြန်းစဉ်မှာ သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

" ကျနော်တို့ရဲ့ အခုဖြစ်ပျက်နေတဲ့ဥစ္စာက ပြည်တွင်းရေးလို့ ပြောလို့မရတဲ့ အနေအထား ရောက်လာပြီ။ ဒါကြောင့် ဒီလိုမျိုးကိစ္စမှာ ဒေသတွင်းနိုင်ငံအနေနဲ့ ထိရောက်တဲ့အဖြေ မရဘူး၊ နောက်ပြီးတော့ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်တဲ့အဖြေ မရဘူးဆိုရင်တော့ ဘာပဲပြောပြော အာဆီယံရဲ့သိက္ခာကလည်း အတိုင်းအတာ တခုထိ ထိခိုက်နိုင်တယ်လို့တော့ ကျနော် သုံးသပ်ပါတယ်။ တချိန်ထဲမှာပဲ ဒေသတွင်းက မဆောင်ရွက်နိုင်ဘူးဆိုရင် ၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကိုတော့ အမြန်ဆုံး ထည့်သွင်းစဉ်းစားဖို့ လိုလာပါတယ်ခင်ဗျ။ ဘာလို့လည်းဆိုတော့ ဆုံးဖြတ်ချက်လုပ်ဖို့ ၊ (အရေးယူဆောင်ရွက်မှု) Action တခုယူဖို့ကို တမိနစ် တနာရီ တရက် စောင့်မယ်ဆိုရင် ကျနော်တို့ပြည်တွင်းမှာ ပြည်သူတွေ သေဆုံးမှုက ပိုပိုများလာတယ် ဆိုတဲ့အချက်ကိုတော့ လျစ်လျှူမရှုကြဖို့ အာဆီယံနိုင်ငံ့ ခေါင်းဆောင်တွေကို ကျနော် တိုက်တွန်းပြောကြားလိုပါတယ်။ "

အာဆီယံအဖွဲ့ကြီးထဲမှာ နိုင်ငံရေးစနစ်မျိုးစုံ၊ ကန့်သတ်ချက် စည်းမျည်း မျိုးစုံရှိနေတာကြောင့် မြန်မာနိုင်ငံသားတွေ လိုလားတဲ့ ရလဒ်ကောင်း ထွက်ပေါ်လာမယ်ဆိုရင်တော့ အထူးဝမ်းမြောက်ရမှာ ဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

" ကျနော်တို့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်တဲ့အတွက်ကြောင့် အာဆီယံအပေါ်တော့ မျှော်လင့်ပါတယ်။ တချိန်ထဲမှာပဲ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံမှာ နိုင်ငံရေးစနစ်တွေက မတူကြတဲ့အတွက်ကြောင့် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ရပ်တည်ချက်ကလည်း ကွာခြားနိုင်ပါတယ်။ ကွားခြားနိုင်တဲ့အတွက် အာဆီယံမှာ သူ့ရဲ့ကန့်သတ်ချက်တွေ ၊ သူ့ရဲ့ မူတွေ ရှိတဲ့အတွက်ကြောင့် ကျနော်တို့လိုချင်တဲ့ ရလဒ်မျိုး ရဖို့ဆိုတာတော့ တော်တော် ခက်ခဲမယ်ပေါ့နော်။ ရလာရင်တော့ ဒီအတွက်ကို ဦးစီးဦးဆောင် လုပ်တဲ့နိုင်ငံတွေ ၊ နောက်ပြီး အဖွဲ့ဝင်နိုင်ငံတွေကိုတော့ အရမ်းကြီး ကျေးဇူးတင်ပါတယ်။"

တကယ်တော့ ပြဿနာတခုကို ဖြေရှင်းရာမှာ သက်ဆိုင်တဲ့ အင်အားစုတွေ ဘက်ပေါင်းစုံက ပါဝင်ဖို့လိုအပ်တာ ဖြစ်ပေမယ့် မကြာသေးခင်က ဖွဲ့စည်းထားတဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကို အာဆီယံအရေးပေါ်ဆွေးနွေးပွဲ တက်ဖို့ ဖိတ်ကြားထားခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း NUG က တင်ပြလိုတဲ့အချက်တွေ၊ မြန်မာပြည်သူတွေ တောင်းဆိုနေတဲ့ အချက်တွေကို အခြားနည်းလမ်းတွေနဲ့ တင်ပြ ပြောဆိုထားတာမျိုး ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။

" ကျနော်တို့ NUG က ကိုယ်စားလှယ်တွေကို မဖိတ်တာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်ပျက်စရာပေ့ါနော်။ ဘာလို့လည်းဆိုတော့ ဆုံးဖြတ်ချက်တခု ချမယ်ဆိုရင် အဖက်ဖက်ကအမြင်တွေ ၊ အဖက်ဖက်က ရှုထောင့်တွေကို ထည့်သွင်းစဉ်းစားမှသာ ရလဒ်ကောင်းတွေ ရနိုင်မယ်ပေါ့နော်။ ဒါကြောင့် အခုအနေအထားမှာ တဖက်ကပဲ ပြောတဲ့အသံကို နားထောင်ပြီး ဆုံးဖြတ်မယ်ဆိုရင်တော့ ဒါက ပြည်သူတွေရဲ့ဆန္ဒ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ ကျနော် မယူဆဘူး။ ဒါပေမဲ့လည်း တချိန်ထဲမှာပဲ ကျနော်တို့ ပြည်သူတွေရဲ့အသံတွေ ၊ နောက်ပြီး NUG ရဲ့ဆန္ဒတွေကိုတေ့ာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဆီရောက်အောင် နည်းမျိုးစုံနဲ့ကျနော်တို့ ပို့ထားပါတယ်။ အရပ်ဖက်အဖွဲ့အစည်း Civil Society တွေကတဆင့် ၊ နောက် လွှတ်တော်အမတ်တွေကတဆင့် ကျနော်တို့ ပြောကြားထားတာတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေရဲ့အသံကို သက်ဆိုင်ရာ သက်ဆိုင်ရာ နိုင်ငံတွေဆီရောက်အောင် ဆောင်ရွက်ပေးတဲ့ အခြားနိုင်ငံက ပြည်သူတွေကိုလည်း ကျနော်တို့ အများကြီးကျေးဇူးတင်ပါတယ် ခင်ဗျ။ "

မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးအစည်းအဝေးကို ကနဦးမှာ အာဆီယံ(၁၀)နိုင်ငံရဲ့ ထိပ်သီးခေါင်းဆောင်တွေ ကိုယ်တိုင် တက်ရောက်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ၊ နောက်ပိုင်းမှာ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချမ်အိုချာရော ဖိလစ်ပိုင်သမ္မတ ဒူတာတေးပါ တက်ရောက်ခြင်း မရှိတော့ပဲ သူတို့ရဲ့ကိုယ်စားလှယ်တွေကိုသာ စေလွှတ်မယ်လို့ ပြောဆိုထားပါတယ်။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/asean-should-resolve-myanmar-crisis-u-kyaw-moe-htun-/5864915.html

မြန်မာ့အရေး အဖြေမရှာနိုင်ရင် အာဆီယံပါ ထိခိုက်မည် (သံအမတ်ကြီး ဦးကျော်မိုးထွန်း) မြန်မာ့အရေး အဖြေမရှာနိုင်ရင် အာဆီယံပါ ထိခိုက်မည် (သံအမတ်ကြီး ဦးကျော်မိုးထွန်း) Reviewed by THITHTOOLWIN on 06:19 Rating: 5

No comments:

Powered by Blogger.