သမိုင်း မုဒိတာအိမ်ရာမှာ ဧည့်စာရင်းဝင်စစ်ချိန် လူဆယ်ချီ အဖမ်းခံရ


ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ သမိုင်းမုဒိတာအိမ်ရာမှာ စစ်ကောင်စီတပ်တွေက မနေ့ည ဧပြီလ ၁၂ ရက်မှာ ဧည့်စာရင်းဝင်စစ်ချိန် ဖမ်းဆီးခံရသူအယောက် ၃၀ နီးပါးရှိတယ်လို့ အိမ်ရာမှာ နေထိုင်သူတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

''ဧည့်စာရင်းတိုင်ထားတဲ့အခန်းတွေကို ဝင်စစ်တာ၊ တံခါးတွေဘာတွေ ဖျက်ဝင်တာမျိုးလည်းရှိတယ်'' လို့ မနေ့ည ၁၁ နာရီကျော်ကျော်က အခြေအနေကို အိမ်ရာမှာနေသူတစ်ဦးက ပြောပြပါတယ်။

ဧည့်စာရင်းစစ်ချိန်ဖမ်းထားတဲ့သူတွေကို စစ်ကောင်စီတပ်တွေတပ်စွဲထားပြီး အမှတ် ၂ ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးလည်းရှိတဲ့ ပေါ်တော်မူဘုရားဝန်းထဲ ခေါ်သွားပြီး အခုတော့ တချို့ပြန်လွတ်လာတယ်လို့ သိရပါတယ်။

အဲဒီဘုရားဝန်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာလရွေးကောက်ပွဲမှာ မဲရုံပြုလုပ်ခဲ့တဲ့ဝန်းလည်းဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ပေါ်တော်မူ၊ အမှတ် ၁ အထက်တန်းကျောင်းနဲ့ အမှတ် ၄ အလယ်တန်းကျောင်းတွေမှာ တပ်စွဲထားတယ်လို့ နယ်ခံတွေက ပြောပါတယ်။

အခုလအစောပိုင်းတုန်းကတော့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ရဲတွေက ဧည့်စာရင်းတိုင်ဖို့လိုက်လံဖိအားပေးနေပြီး ဧည့်စာရင်းမတိုင်ရင် ဒဏ်ငွေ ၃ သိန်းဆောင်ရမယ်လို့ လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှာလိုက်လံကြေညာတာမျိုးရှိခဲ့ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

သမိုင်း မုဒိတာအိမ်ရာမှာ ဧည့်စာရင်းဝင်စစ်ချိန် လူဆယ်ချီ အဖမ်းခံရ  သမိုင်း မုဒိတာအိမ်ရာမှာ ဧည့်စာရင်းဝင်စစ်ချိန် လူဆယ်ချီ အဖမ်းခံရ Reviewed by THITHTOOLWIN on 20:57 Rating: 5

No comments:

Powered by Blogger.