လုံခြုံရေးဝန်ထမ်းတဦး ကိုဗစ်ဖြစ်လို့ ဘန်ကောက်မြန်မာသံရုံးယာယီပိတ်ထား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က မြန်မာသံရုံး လုံခြုံရေးဝန်ထမ်း ၁ ယောက်မှာ ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့အတွက် သံရုံးကို မေလ၉ရက်နေ့ အထိ ယာယီပိတ်လိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ နေ့စဉ် တိုးနေချိန် မြန်မာသံရုံး လုံခြံုရေးဝန်ထမ်းတယောက်ပါ ရောဂါကူးစက်နေတဲ့အကြောင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပို့ပါတယ်။

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်း ကူးစက်ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ အတည်ပြုလူနာ တနေ့ကို ၂၀၀၀ ထက်မနည်း ရှိနေပါတယ်။ ဒီလိုအခြေအနေမှာပဲ မြန်မာသံရုံးက လုံခြုံရေး ဝန်ထမ်း တယောက်မှာ ကိုဗစ်ရောဂါကူးစက်နေကြောင်း အတည်ပြုပြီး သံရုံးကို မေလ ၉ ရက်နေ့အထိ ပိတ်ထားမယ်လို့ မြန်မာသံရုံးက အသိပေးချက် ထုတ်ပြန်ပါတယ်။

ခုလိုသံရုံးကို သီတင်း ၂ ပါတ်ကြာပိတ်ထားမယ့်အတွက် မြန်မာတွေအတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်တယ်ဆိုတာကို ရွေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက် ဥက္ကဋ္ဌဦးအောင်ကျော်က အခုလိုပြောပါတယ်။

" ရွေ့ပြောင်းအလုပ်သမားတွေ စာအုပ်သက်တမ်းတိုးတာတို့ စာအုပ်အပြောင်းအလဲလုပ်တာတို့ နဲ့ ထောက်ခံစာတွေလည်းရပ်နေတယ်။ ၂မျိုးကတော့လုပ်ပေးတယ်လို့သိရတယ်။ အရေးပေါ်သေဆုံးမူ အလောင်းထုတ်တဲ့ကိစ္စတွေလုပ်ပေးတယ် ။ အရေးပေါ်ဆေးရုံတင်ရတဲ့ကိစ္စတွေ ကျန်းမာရေးကိစ္စကလွဲပြီး အကုန်ရပ်တာ"။

ရောဂါကူးစက်တဲ့ သံရုံးလုံခြုံရေးဝန်ထမ်းဟာ မြန်မာလူမျိုးလား ဒေသခံထိုင်းလူမျိုးလားဆိုတာ သံရုံး ထုတ်ပြန်ချက်မှာ ပြောမထားပါဘူး။ ဦးအောင်ကျော်ကတော့ ဒေသခံထိုင်းလူမျိုးလည်း ဖြစ်နိုင်တယ်လို့ပြောပါတယ်။

"ကျနော်တိုမြန်မာလိုပြောရင် ဆွဲခန့်ပေါ့ဗျာ။ နိုင်ငံတော်အစိုးရက အစိုးရဝန်ထမ်းတော့မဟုတ်ဘူး လိုအပ်လို့ ဆွဲခန့်ထားတဲ့ဝန်ထမ်းတဦးမှာစစ်ဆေးတဲ့အခါကိုဗစ်တွေ့လို့ ရုံးကိုယာယီပိတ်လိုက်တာ ၉ရက်နေ့ထိပိ်တ်ထားတယ်။ ဒေသခန့်ဝန်ထမ်းဆိုတော့ကတော့ထိုင်းလူမျိုးလည်းဂိတ်စောင့်ခန့်တာလည်းရှိတယ် ။ အဝင်ဝမှာလည်းထိုင်းလူမျိုးကိုလည်းခန့်ထားတယ်။ အတွင်းထဲက စုံစမ်းစစ်ဆေးရေးနေရာမှာလည်းထိုင်းနိုင်ငံသားတွေခန့်ထားတာရှိတယ် ။ နိုင်ငံခြားသားတွေတွေလည်းလာတယ်ဆိုတော့ ထိုင်းကိုခန့်ထားတာလူမျိုးစုံခန့်ထားတာ။ စကားပြန်တွေဆိုလည်းမြန်မာတွေခန့်ထားတာ။ ဒေသခန့်လိုသာပြောထားတာ သူတိုကကွဲကွဲပြားပြားမပြောဘူ။း ထိုင်းလားမြန်မာလားမသိဘူး"။

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလဆန်းပိုင်းက ဖြစ်ခဲ့တဲ့ ကိုဗစ် ဒုတိယလှိုင်းတုံးကတော့ ဘန်ကောက်မြို့ပြင်မှာရှိတဲ့ စမုတ်ဆာခွန်းပြည်နယ်ထဲက ပင်လယ်စာထုတ်လုပ်စက်ရုံတွေမှာ အများစုအလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဆီက ဖြစ်ပါတယ်။

အခုတတိယလှိုင်းမှာတော့ ထိုင်းလူမျိုးတွေ အဓိက ကူးစက်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ တာ့ခ်ပြည်နယ် စမုတ်ဆာခွန်း စတဲ့ပြည်နယ်အပါအဝင်မြန်မာအလုပ်သမားတွေ အများအပြားရှိတဲ့ နေရာတွေမှာတော့ အလုပ်ရှင်တွေက covid 19 ကပ်ရောဂါ ကာကွယ်တားဆီးတာတွေကို ကြပ်ကြပ်မတ်မတ် လုပ်နေတယ်လို့ဦးအောင်ကျော်ကပြောပါတယ်။

"အလုပ်ရုံပိုင်ရှင်တွေပေါ့ လုပ်ငန်းရှင်တွေက သူတို့စီးပွားရှိတော့ တချိုလုပ်သားတွေ ကျန်းမာရေးနဲ့ပတ်သက်ပြီး စံနစ်တကျ ကြပ်ကြပ်မတ်မတ်လိုက်ပြီးထိမ်းသိမ်းတာတာပေါ့ ။ ပထမလှိုင်းမှာကော ဒုတိယလှိုင်းမှာကော တတိယလှိုင်းမှာကော ပါးစပ်မပိတ်ရင်ဘယ်လို လက်မဆေးရင်ဘယ်လိုဆိုတာတော့မြန်မာပြည်သားတွေကကျင့်သားရသွားပြီ "

အခုလောလောဆယ် အတည်ပြုလူနာနေ့စဉ် ထောင်ချီတိုးနေတဲ့ ကိုဗစ်တတိယလှိုင်းကို ထိန်းချုပ်နိုင်ဖို့လည်း ထိုင်းအစိုးရက တင်းကြပ်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။

နှာခေါင်းစည်း maskကို အပြင်ထွက်တိုင်း တပ်ကြဖို့ မတပ်တဲ့သူတွေကို ဘတ်ငွေ ၂ သောင်းထိ ဒဏ်ငွေရိုက်မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသလို့ မလိုက်နာသူတွေကို ဖမ်းဆီးပြီးဒဏ်ငွေရိုက်တာတွေတွေလည်းရှိနေပါတယ် ။

အခုဆိုရင် ထိုင်းနိုင်ငံထဲမှာ နယ်မြေဖြတ်ကျော်ခရီးသွားလာခွင့်တွေကိုလည်းပိတ်ပင်ထားပါတယ်။ ထိုင်းနိုင်ငံက လောလောဆယ်အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၅ သောင်း ၅ ထောက်ထက်မနည်း ရှိနေပြီး သေဆုံးသူက ၁၄၀ ကျော်ရှိတယ်လို့ ထိုင်းအစိုးရက တရားဝင်သတင်းထုတ်ပြန်ထားပါတယ် ။ 


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/myanmar-embassy-closed-in-thai-temporarily-due-to-covid-positive/5866926.html

လုံခြုံရေးဝန်ထမ်းတဦး ကိုဗစ်ဖြစ်လို့ ဘန်ကောက်မြန်မာသံရုံးယာယီပိတ်ထား လုံခြုံရေးဝန်ထမ်းတဦး ကိုဗစ်ဖြစ်လို့ ဘန်ကောက်မြန်မာသံရုံးယာယီပိတ်ထား Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.