အကြမ်းဖက်နှိမ်နင်းလို့ ၂၄ နာရီအတွင်း ဆန္ဒပြသူ ခြောက်ဦးသေဆုံး


အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဧပြီလ ၄ ရက် မနေ့ညနေပိုင်းကနေ ဧပြီလ ၅ ရက် ဒီနေ့ညပိုင်းအထိ လူ ခြောက်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်မှာ ဧပြီလ ၅ ရက် ဒီနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေထဲက ဒေသခံ နှစ်ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဒေသခံပြည်သူတွေက အဖမ်းခံရသူ နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ဝိုင်းဝန်တောင်းပန်ချိန်မှာပဲ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံရွာသား သုံးယောက် ပေါင်၊ တင်ပါးနဲ့ ပခုံးတွေမှာ ကျည်ဆံထိမှန် ဒဏ်ရာတွေရရှိခဲ့ပြီး တစ်ယောက် သေဆုံးသွားပါတယ်။ ည ၁၀ နာရီကျော်အထိ စစ်ကောင်စီတပ်တွေက ဆက်လက် ပစ်ခတ်နေတဲ့အတွက်‌ နောက်ထပ် နှစ်ယောက်သေဆုံးသွားပြီး လေးယောက်ထက်မနည်း ဒဏ်ရာရရှိထားတယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။

မန္တလေးမြို့ ၅၂ လမ်းနဲ့ ၅၄ လမ်းကြား မနော်ဟရီလမ်းပေါ်မှာ ဧပြီလ ၄ ရက် မနေ့ ည ၈ နာရီကျော်လောက် မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့အတွက် အသက် ၁၈ နှစ်အရွယ် မထက် ထက်ဝင်း ဆိုသူ အမျိုးသမီး တစ်ယောက် သေနတ်ကျည်ထိမှန် သေဆုံးသွားပါတယ်။

မန္တလေးမြို့၊ ၅၃ လမ်း မနော်ဟရီလမ်းအနီးမှာလည်း မနေ့ည ၇ နာရီခွဲကျော်လောက်က နွေဦးတော်လှန်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ လက်မှာတက်တူး ရေးထိုးထားသူကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တာယာမီးနဲ့မြှိုက်ပြီး တက်တူးကို ဖျက်ဆီးလိုက်ပါတယ်။

အဲဒီအမျိုးသားဟာ အိမ်ကနေ လမ်းထိပ်အထွက် အမှောင်ထဲမှာထိုင်နေတဲ့ စစ်သားနဲ့ ရဲ လေးယောက်လောက် က အတင်းခေါ် အင်္ကျီကိုချွတ်ခိုင်းပြီး စစ်ဆေးပါတယ်။ ဒိနောက် သူ့လက်ပေါ်မှာထိုးထားတဲ့ နွေဦးတော်လှန် ရေး၊ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ၂၂၂၂၂ စတဲ့ အဓိပ္ပာယ်ရ တက်တူးတွေကို ကားတာယာကွင်းတွေမီးမွှေးပြီး မီးရှို့ဖျက်ဆီးပစ်တယ်လို့ ကာယကံရှင်က RFA ကို ပြောပါတယ်။

မန္တလေးမြို့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်ပတ်နေကြပြီး လမ်းသွား လမ်းလာတွေကို စစ်ဆေးပြီး ဖမ်းဆီးနေပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့မှာ ဧပြီလ ၄ ရက် မနေ့ နေ့လယ် ၂ နာရီလောက်မှာ မြို့တွင်း ဆိုက်ကယ်သပိတ် အဖြစ် လှည့်လည်ဆန္ဒပြအပြီး ၂ နာရီခွဲလောက်မှာ အဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲတွေက ပစ်ခတ်ခဲ့ တာကြောင့် ပြည်သူ တစ်ယောက် သေဆုံးသွားပါတယ်။ ပန်းခင်းအုပ်စု၊ ကုန်းမြင့်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၅ ဝန်းကျင် အစ္စလာမ်ဘာသာဝင် အမျိုးသား ကိုသိန်းတန်ဦးဖြစ်ပြီး ရွှေဖီရပ်ကွက်၊ မောင်ခင်လမ်းမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတာပါ။ နောက်ကျောကျည်ထိမှန် သေဆုံးခဲ့တာဖြစ်ပြီး အလောင်းကို လူမှုကူညီရေး အသင်းတစ်သင်းက မနေ့ကပဲ အရပ်ဘက်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

နောက်တစ်ယောက်ကတော့ လက်မောင်းမှာ သေနတ်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။ နောက်ထပ်တစ်ယောက် သေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် RFA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မုံရွာမြို့၊ မြို့ပတ်လမ်း၊ တောင်ပလူကျေးရွာနားမှာလည်း ဧပြီလ ၅ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က ပိုင်ရှင်မဲ့အလောင်းတစ်လောင်း လာချထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလောင်းမှာ သေနတ်ဒဏ်ရာမတွေ့ရဘဲ မျက်နှာမှာ အညိုအမည်းစွဲနေပြီး လက်ဖျံရိုးတွေ ကျိုးနေတယ်လို့ လူမှုရေး အကူအညီပေးနေတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။ အလောင်းကို မုံရွာဆေးရုံ ရင်ခွဲရုံကို သွားပို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်မှာတော့ ဧပြီလ ၅ ရက် ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီ ကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြသူတွေထဲက ဒေသခံ နှစ်ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွား ပါတယ်။ အဖမ်းခံရသူနှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ဒေသခံပြည်သူတွေက ဝိုင်းဝန်တောင်းပန်ချိန်မှာပဲ ရဲတပ်ဖွဲ့ ဘက်က သေနတ်နဲ့ပစ်ခတ်တဲ့အတွက် ရွာသား သုံးယောက် ပေါင်၊ တင်ပါးနဲ့ ပခုံးတွေမှာ ကျည်ဆံ ထိမှန်လို့ ဒဏ်ရာတွေရသွားပါတယ်။

တစ်နိုင်ငံလုံးမှာတော့ ဧပြီ ၅ ရက် ဒီနေ့မှာလည်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပြောက်ကျားနည်းအပါအဝင် နည်းမျိုးစုံနဲ့ သပိတ်တွေဆင်နွဲပြီး ဆက်လက်ဆန္ဒပြနေကြပါတယ်။

တနင်္သာလာရီတိုင်း မြိတ်မြို့၊ ထားဝယ်မြို့၊ မန္တလေးတိုင်း မန္တလေးမြို့ပေါ် အပါအဝင် ရတနာပုံတက္ကသိုလ်၊ မြင်းခြံမြို့၊ ပခုက္ခူမြို့၊ ကမ္မမြို့၊ စစ်ကိုင်းတိုင်း ကလေးမြို့၊ စစ်ကိုင်းမြို့၊ ခင်ဦးမြို့၊ စဉ့်ကူးမြို့၊ ရှမ်းပြည်နယ် မူဆယ်မြို့၊ ကန့်ဘလူမြို့၊ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကော့မှူးမြို့နယ် ကျိုက်ထော်စံပြကျေးရွာ၊ ဖားကန့်မြို့ ဆိုင်းတောင်၊ လုံးခင်းအုပ်စုနဲ့ မော်ဝမ်းသပိတ် စစ်ကြောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ မုတ္တမမြို့နဲ့ ပေါင်မြို့၊ ပဲခူးအနောက်ခြမ်းနဲ့ ပုဂံရှေးဟောင်းနယ် မြေအပါအဝင် တစ်နိုင်ငံလုံးကမြို့နယ်တော်တော်များများမှာ ဆန္ဒတွေဆက်လက် ပြခဲ့ကြပါတယ်။

RFA Burmese



အကြမ်းဖက်နှိမ်နင်းလို့ ၂၄ နာရီအတွင်း ဆန္ဒပြသူ ခြောက်ဦးသေဆုံး အကြမ်းဖက်နှိမ်နင်းလို့ ၂၄ နာရီအတွင်း ဆန္ဒပြသူ ခြောက်ဦးသေဆုံး Reviewed by THITHTOOLWIN on 05:58 Rating: 5

No comments:

Powered by Blogger.