ဧပြီလ ၇ ရက် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂၆ ယောက်သေဆုံး

ဧပြီလ ၇ ရက် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂၆ ယောက်သေဆုံး ကချင်ပြည်နယ်၊ ဖားကန့်မြို့ ညသပိတ် / Photo: RFA

စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် မနေ့ညပိုင်းကနေ ဒီနေ့ ဧပြီလ ၇ ရက် ည ၁၀ နာရီအထိ တစ်နိုင်ငံလုံးမှာ ပစ်သတ်ခံရလို့ သေဆုံးတဲ့သူ ၂၆ ယောက်ထက်မနည်းရှိခဲ့တယ်လို့ RFA က အတည်ပြုနိုင်ပါတယ်။

စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာ ၁၂ ယောက် အင်းတော်မြို့မှာ ၁ ယောက်၊ တန့်ဆည်မြို့မှာ ၈ ယောက်၊ ရှမ်းပြည်နယ် ညောင်ရွှေမှာ ၂ ယောက်၊ ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ၁ ယောက် ပဲခူးမြို့မှာ ၂ ယောက် စုစုပေါင်း ၂၆ ယောက် သေဆုံးသွားပါတယ်။

ဒီကနေ့ ပစ်ခတ်ဖြိုခွဲမှုတွေထဲမှာ ကလေးမြို့ဟာ အဆိုးဆုံးဖြစ်ပါတယ်။ မတ်လ ၂၇ ရက်နေ့ကတည်းက ဆန္ဒပြသူတွေ အခိုင်အမာတည်ဆောက်ထားတဲ့ ကလေးမြို့ တာဟန်းရပ်ကွက်က ခံတပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ အင်အား တစ်ရာကျော်နဲ့ ဒီနေ့ ဖြိုဖျက်တာခံခဲ့ရပါတယ်။

လူအင်အားထောင်နဲ့ချီ နေ့တိုင်းလမ်းမပေါ်ထွက် ဆန္ဒပြနေကြတဲ့ တန့်ဆည်မြို့ကိုလည်း စစ်ကောင်စီက ဒီကနေ့ ဖြိုခွဲခဲ့ပါတယ်။ တန့်ဆည်မြို့မှာ ဒီည၁၁ နာရီအထိ ပစ်ခတ်မှုတွေဆက်ရှိနေပြီး ၈ ဦး သေနတ်ကျည်ထိမှန် သေဆုံးသွားပြီး ဒဏ်ရာရသူတွေလည်း များစွာရှိနေတယ်လို့ ဒေသခံတွေက RFA ကို စာရေးသားပေးပို့လာကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုတွေ ဆက်ရှိနေပေမယ့် မြို့နယ်တော်တော်များများမှာ နေ့ပိုင်း လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ဆက်ရှိနေသလို မြို့နယ်တချို့မှာ ညပိုင်းသပိတ်တွေ ဆက်လက်ရှိနေပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့ထိ သေဆုံးသူ ၆၀၀ နီးပါးရှိသွားပါပြီ။


RFA Burmese

https://www.rfa.org/burmese/news/deaths-april-myanmar-military-coup-04072021124347.html

ဧပြီလ ၇ ရက် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂၆ ယောက်သေဆုံး  ဧပြီလ ၇ ရက် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂၆ ယောက်သေဆုံး Reviewed by THITHTOOLWIN on 03:59 Rating: 5

No comments:

Powered by Blogger.