ဧပြီ ၁၉ ရက်မှာ သေဆုံးသူတစ်ယောက်နဲ့ အဖမ်းခံရသူ အယောက် ၃၀ ကျော်ရှိ



စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတွေကြောင့် ဧပြီလ ၁၈ ရက် မနေ့ နေ့လယ်ပိုင်းကနေ ဧပြီလ ၁၉ ရက် ဒီနေ့ထိ ၂၄ နာရီလောက်အတွင်း RFA က အတည်ပြုလို့ရသမျှ တစ်နိုင်ငံလုံးမှာ သေဆုံးသူ တစ်ယောက်နဲ့ အဖမ်းခံရတဲ့သူ အယောက် ၃၀ ကျော်ရှိခဲ့ပြီး မီးရှို့ခံရတဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။

သေဆုံးတဲ့သူ တစ်ယောက်က မြင်းခြံမြို့ကဖြစ်ပြီး၊ အဖမ်းခံရသူတွေကတော့ ရန်ကုန်က ၁၄ ယောက်၊ မန္တလေးက ၁၀ ယောက်၊ မိုးညှင်းက နှစ်ယောက်နဲ့ မိုးကုတ်က လေးယောက်ဖြစ်ပါတယ်။

အဲဒီအပြင် မုံရွာမြို့နားက ရွာတွေမှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေဖမ်းဆီး တာကြောင့် ဒေသခံပြည်သူ သုံးထောင်လောက် နီးစပ်ရာတောတွေထဲ ထွက်ပြေးခိုလှုံနေရပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို စစ်ကောင်စီဖက်က အကြမ်းဖက်ဖြိုခွင်းတာ မရပ်သေးသလို၊ လူထုရဲ့လှုပ်ရှားမှုတွေလည်း နေ့စဉ်မပြတ် နိုင်ငံတဝှမ်းမှာရှိနေပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့မှာ စစ်တပ်ကပစ်လို့ သေဆုံးသွားတဲ့ ရုပ်အလောင်းတစ်ခုကို လာသယ်ဖို့ မြို့ပေါ်က လူမှုကူညီရေးအသင်းတစ်ခုကို ဆေးရုံတာဝန်ရှိသူတွေက ဒီညနေက ဆက်သွယ်ပြောဆိုလာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ အမှတ်(၁၁)ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၀ ဝန်းကျင် လူငယ် ကိုသိန်းမင်းစိုး ဖြစ်ပါတယ်။ အခုသေဆုံးတဲ့လူငယ်ဟာ ဘယ်လိုပစ်ခတ်ခံရပြီး သေဆုံးတယ်ဆိုတာကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်တပ်နဲ့ရဲက မနေ့ကညက ဖယ်ရှားလိုက်တဲ့ လမ်းပေါ်ကအတားအဆီးတွေကို လူငယ်တွေက ဒီနေ့မနက် ၈ နာရီလောက်က ထပ်ပြီး ပြန်လည်တည်ဆောက်ရာမှာ စစ်တပ်နဲ့ရဲက ထပ်ပြီးပစ်ခတ်လို့ နောက်ထပ်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီအပြင် ဒီနေ့နေ့လယ်ပိုင်းက မြင်းခြံမြို့ အမှတ် (၃)၊ အမှတ် (၄)၊ အေးဂျင့်ရပ်ကွက်က စစ်အာဏာရှင် ဆန့်ကျင်နေတဲ့ မြို့ခံတွေရဲ့ ခံတပ်ကို ဧပြီ ၁၉ ရက်၊ နေ့လယ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ဖြိုခွင်း ခဲ့ပြီး နေအိမ်တစ်လုံးနဲ့ ဆိုင်ကယ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ည ၈ နာရီလောက်ကလည်း စစ်အာဏာရှင်ဆန့်ကျင်သူတွေကာထားတဲ့ အတားအဆီးတွေကို စစ်တပ်နဲ့ ရဲက လာရောက်ရှင်းလင်းရာမှာ အပြန်အလှန်တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ ပြောပါတယ်။ မနေ့ မနက် ၁၁ နာရီလောက်ကလည်း စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ၂၄ နာရီအတွင်း မြင်းခြံမြို့မှာ ပစ်ခတ်ခံရလို့ ထိခိုက်ဒဏ်ရာရသူဟာ ခြောက်ဦးရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒီထဲက မနေ့မနက် ၁၁ နာရီအချိန်ဖြစ်စဉ်အတွင် ဒဏ်ရာရသူတစ်ဦးကို မန္တလေးကို အရေးပေါ် ပို့ဆောင် ထားရပြီး ကျန်တဲ့လူတွေကိုတော့ မြင်းခြံမြို့မှာပဲ လိုအပ်တဲ့ဆေးဝါးကုသမှုတွေ လုပ်ပေးနေရတယ်လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။ နေအိမ်အချို့မှာ တပ်ဆင်ထားတဲ့ စီစီတီဗွီတွေကိုလည်း စစ်တပ်နဲ့ရဲက ဝင်ရောက် ဖျက်ဆီးသွားတယ်လို့ဆိုပါတယ်။ မြင်းခြံမြို့မှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေ ဖြိုခွင်းပစ်ခတ်ခံရလို့ သေဆုံးသူ ၂၃ ဦးရှိနေပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်း သာကေတမြို့နယ် ခိုင်ရွှေဝါလမ်းမပေါ်က (၁၀) တောင်ရပ်ကွက်ရုံးဟာ ဒီနေ့နေ့လယ် ၁ နာရီကျော်လောက်ကစပြီး မီးလောင်ပြာကျသွားခဲ့ပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းကို လတ်တလောမသိရသေးပါဘူး။ မီးလောင်တာကိုတော့ ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဝန်းညှိမ်းသတ်လိုက်တဲ့အတွက် ဘေးနားကအိမ်တွေ ကူးစက်လောင်ကျွမ်းတာ မဖြစ်ခဲ့ပါဘူး။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က ကြို့ကုန်းက ချီတက်ဆန္ဒပြပွဲလဲ ဧပြီလ ၁၉ ရက် ဒီနေ့ မနက် ၁၁ ခွဲ လောက်လောက်မှာ ဖြိုခွင်းခံရပြီး သပိတ်စစ်ကြောင်းမှာပါတဲ့ လူငယ် ၁၄ ယောက်ကို ဖမ်းသွားတယ်လို့ သပိတ်မှာပါဝင်သူတစ်ယောက်က ပြောပါတယ်။

အနားယူနေချိန်မှာ စစ်ကားရော ရဲကားတွေပါရောက်ချလာပြီး ဝင်ဖမ်းသွားတာလို့ အမည်မဖော်လိုသူ တစ်ယောက်က RFA ကိုပြောပါတယ်။

အဖမ်းခံရတဲ့လူငယ်တွေကို အခုညနေပိုင်းအထိ အင်းစိန်မြို့မရဲ့စခန်းမှာ ပို့ထားတယ်လို့ ပြောပါတယ်။

မန္တလေးမြို့မှာ မော်တော်ဆိုင်ကယ်တွေနဲ့လှည့်ပြီး ဆန္ဒပြတဲ့သူတွေကို စစ်တပ်က ကားတွေနဲ့ လိုက်တိုက်ပြီး ဖမ်းခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်၊ မြို့ဟောင်းဈေးနားမှာ ဧပြီလ ၁၉ ရက် ဒီကနေ့ မနက် ၈ နာရီလောက်က ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီရဲ့ အဖွဲ့ဝင်တွေက ဖြိုခွင်းလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားတွေအပါအဝင် လူငယ် ၁၀ ယောက် လောက် ဖမ်းဆီးလိုက်ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး သပိတ်စစ်ကြောင်းမှာပါတဲ့ အမည်မဖော်လိုတဲ့ လူငယ်တစ်ယောက်က RFA ကိုပြောပါတယ်။

မနက်အစောပိုင်းမှာလည်း အထွေထွေသပိတ်စစ်ကြောင်းတစ်ခု ဖြိုခွင်းခံခဲ့ရပေမယ့် အဖမ်းမခံရဘဲ အောင်မြင်စွာ ပြီးသွားခဲ့ပါတယ်။ အဲဒီနောက် ဒုတိယအကြိမ် အင်အားလေးရာဝန်းကျော်လောက်ပါတဲ့ သပိတ်စစ်ကြောင်း ထပ်မံဖြိုခွင်းခံရတဲ့အခါမှာ ဖမ်းဆီးခံရတာလို့ လူငယ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့၊ မုံရွာ-ယာကြီးလမ်း မိုင်တိုင် ၆၅ အနီး လမ်းဘေးဝဲယာက ရွာ ငါးရွာလောက်ကို စစ်တပ်က ဒီကနေ့ ဝင်ရောက်ရှာဖွေတာ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးနေရပါတယ်။

ချောင်းမ၊ ယင်းမ၊ အင်းဘော်နဲ့ အောင်မင်္ဂလာအပါအဝင် ရွာ ငါးရွာလောက်ကို စစ်အင်အားအလုံးအရင်းနဲ့ ဝင်ပြီး တစ်အိမ်တက်ဆင်း ရှာဖွေရိုက်နှက်စစ်ဆေးတဲ့အပြင် တစ်ချို့ပစ္စည်းတွေကို ယူသွားကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက ပြောပါတယ်။ အဖမ်းခံရသူတွေလည်းရှိပေမယ့် ဘယ်နှစ် ယောက်အဖမ်းခံရလဲဆိုတာတော့ မသိရသေးပါဘူး။ လက်ရှိ နီးစပ်ရာတောတွေထဲ ထွက်ပြေးရတဲ့ အရပ်သား တွေ များနေတာကြောင့် စားသောက်ရေးအတွက်လည်း အခက်အခဲတွေရှိနေကြတယ်လို့ သိရပါတယ်။ အဲဒီ မိုင်တိုင် ၆၅ အနီးမှာ ဧပြီလ ၁၈ ရက် မနေ့က စစ်တပ်နဲ့ ရွာသားတွေ ထိပ်တိုက်တွေ့ပြီးနောက် ဒေသခံရွာသား နှစ်ယောက် သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဒီနေ့မနက်ပိုင်း ၉ နာရီခွဲလောက်က စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းက လူငယ်နှစ်ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ဦးဆောင်သူ တစ်ယောက်က ပြော ပါတယ်။

ဖမ်းဆီးခံရသူနှစ်ယောက်မှာ တစ်ယောက်က မြစ်ကြီးနားတက္ကသိုလ် သင်္ချာဘာသာရပ် မဟာတန်း ဒုတိယနှစ် ကျောင်းသူ မမြတ်နိုးဝေဖြစ်တယ်လို့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ နောက် တစ်ယောက်ကတော့ သပိတ်ခေါင်းဆောင် လူငယ် ကိုကျော်မြင့်ထွန်း ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်ကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို တော့ မသိရသေးပါဘူး။

မိုးညှင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ မိုးညှင်းနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းသား ၁၂ ယောက်၊ သပိတ်စစ်ကြောင်းဦးဆောင်သူ နှစ်ယောက်၊ အလွတ်သတင်းထောက် တစ်ယောက်တို့ကိုလည်း တပ်မတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ-၅၀၅(က) ဖမ်းဝရမ်းထုတ်ခံထားရတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

မိုးညှင်းမြို့မှာ လက်ရှိအချိန်ထိ စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒပြတာကို ပစ်ခတ်ဖြိုခွင်းခံရလို့ သေဆုံးသူ သုံးယောက်ရှိနေပြီး အယောက် ၆၀ ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေကိုအကြောင်းပြုပြီး မနေ့ည ၁၀ နာရီလောက်မှာပဲ တအာင်းစာပေယဉ်ကျေးမှုအသင်းက ကိုစိုင်းဝဏ္ဏကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒီနေ့မနက်မှာလည်း CDM မှာပါဝင်တဲ့ အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဗျာလေးကို စစ်တပ်က ဖမ်းဖို့ကြိုးစားတဲ့အခါမှာ သူ့ကိုမမိတဲ့အတွက် သူ့ရဲ့ သမီး မမေရီဦး ကို ဖမ်းသွားပါတယ်။ အဲဒီအပြင် မြို့ခံ လူကြီး ဦးအောင်သိန်းနဲ့ သူ့ရဲ့သား ကိုယောစု တို့ ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက် စနေနေ့က ဆန္ဒပြပွဲသပိတ်စစ်ကြောင်း ဖြိုခွင်းပစ်ခတ်ခံရလို့ နှစ်ယောက်သေဆုံးပြီး ခုနစ်ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဖားကန့်၊ မြိတ်မြို့၊ ထားဝယ်၊ မုံရွာ၊ မန္တလေး၊ ကြည့်မြင်တိုင်၊ ကမာရွတ် လှည်းတန်း၊ အမရပူရ၊ မိတ္ထီလာ၊ ကံမ္မ၊ ဒီမော့ဆို၊ ရေဦး၊ ဘားအံ၊ မော်လမြိုင်၊ မုဒုံ၊ ပုသိမ်မြို့တွေ အပါအဝင် တစ်နိုင်ငံလုံးက မြို့နယ်တွေ တော်တော် များများမှာလည်း ဧပြီလ ၁၉ ရက် ဒီနေ့မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ နည်းလမ်းမျိုးစုံနဲ့ သပိတ်တွေဆင်နွှပြီး ဆက်လက်ဆန္ဒပြနေကြပါတယ်။

RFA Burmese



ဧပြီ ၁၉ ရက်မှာ သေဆုံးသူတစ်ယောက်နဲ့ အဖမ်းခံရသူ အယောက် ၃၀ ကျော်ရှိ ဧပြီ ၁၉ ရက်မှာ သေဆုံးသူတစ်ယောက်နဲ့ အဖမ်းခံရသူ အယောက် ၃၀ ကျော်ရှိ Reviewed by THITHTOOLWIN on 21:40 Rating: 5

No comments:

Powered by Blogger.