ပညာရေးဝန်ထမ်းတွေ စစ်ကောင်စီကို ဆက်လက်ဖီဆန်မည်



အာဏာသိမ်း စစ်ကောင်စီ က လာမယ့် မေလ ၅ ရက်နေ့မှာ တက္ကသိုလ်နောက်ဆုံးနှစ်နဲ့ မဟာတန်းတွေကို ပြန်ဖွင့်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ သူတို့ကို နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေး လုပ်ဆောင်မှုတွေထဲက တခုပဲလို့ ဝေဖန်သူတွေကပြောပါတယ်။ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းဟန်ထက် က ဆရာဆရာမတွေအနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

“ကျနော်တို့ တက္ကသိုလ်ကျောင်းသူ တော်တော်များများက အခုအချိန်မှာ အကျဉ်းထောင်တွေထဲ ရောက်နေကြတာရှိတယ်။ စစ်ကြောရေးမှာ ရောက်နေတာရှိတယ်။ သွေးမြေကျခဲ့ရသူတွေ ရှိတယ်။ အဲဒီအခြေအနေမျိုးမှာ တက္ကသိုလ်တွေ ပြန်ဖွင့်မယ်ဆိုတဲ့ ကိစ္စဟာ ကျနော်တို့ လက်သင့်ခံစရာ အခြေအနေမှာ ရှိမနေဘူး။ စစ်ကောင်စီ ရဲ့ ဘယ်လို ညွှန်ကြားမှုကို မဆို ကျနော်တို့အနေနဲ့ လက်ခံသွားမှာ မဟုတ်ဘူး။ စစ်ကောင်စီက ပြန်ပြီးလည်ပတ်မယ့် ဒီပညာရေးစနစ်၊ ပညာရေး ယန္တရားကြီးကိုလည်း ကျနော်တို့ သပိတ် မှောက်ရမှာပဲ။ ကျနော်တို့နိုင်ငံကိုလည်း ဒီပညာရေးစနစ်ကပဲ ချောက်ထဲကို ဆွဲချခဲ့တာပဲ။ ကျနော်တို့ နိုင်ငံမှာ ဒီစစ်အာဏာရှင်စနစ်ကြီး အမြစ်တွယ်စေခဲ့တာလဲ ဒီပညာရေးစနစ် ယိုယွင်းပျက်စီးခဲ့တဲ့အတွက်ကြောင့်လို့ ကျနော်တို့ယူဆတယ်။ အဲဒီတော့ ဒီအခြေအနေဟာ ဒီပညာရေးစနစ်ကို ဖြိုဖျက်ပစ်လိုက်ဖို့ ဖျက်သိမ်းပစ်လိုက်ဖို့ အကောင်းဆုံးအချိန်ပဲလို့ ကျနော်တို့ ယူဆတယ်။ ကျောင်းသူ ကျောင်းသား အားလုံးနဲ့ မိဘတွေက စလို့ အားလုံးညီညီညာညာနဲ့ ဒီပညာရေးစနစ်ကို သပိတ်မှောက်လိုက်ဖို့ လိုတယ်။ အဲဒီကနေတဆင့် နောက်ထပ် တကယ့်ကို ကျနော်တို့အားလုံးအတွက် ကောင်းမွန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ဆီကို သွားကြမယ်။ ကျနော်တို့နိုင်ငံရဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပညာရေး အတွက်၊ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် ဒီစစ်ကောင်စီကို အာဏာဖီဆန်ခြင်းအားဖြင့် ကျနော်တို့ကျောင်းသားတွေနဲ့အတူတူ ဒီပညာရေးစနစ်ကို သပိတ်မှောက်ကြပါ၊ သူတို့ကိုယ်တိုင်လည်း ကျောင်းမှာသွားပြီး စာသင်တာမျိုးတွေ၊ ရုံးတက်တာတွေ မလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။”

CDM မှာပါဝင်နေတဲ့ ရန်ကုန်တိုင်းက အလယ်တန်းပြဆရာ ဦးဖြိုးကျော်က ဘယ်လိုအခြေအနေမျိုးမှာမဆို စစ်ကောင်စီကို သူတို့ဆက်လက်ဆန့်ကျင်ဖို့ သံန္နိဌာန်ချထားတယ်လို့ RFA ကိုပြောပါတယ်။

“ကျနော်တို့ကတော့ ကျနော်တို့ယုံကြည်ချက်အတိုင်း ဒီ CDM ကို ဆက်လုပ်မှာပဲ စစ်ကောင်စီပြုတ်ကြအောင်။ ဘာပဲ အခက်အခဲရှိရှိ။ ကျနော်တို့ ဒါကို ကြိုက်မှ မကြိုက်တာ အုပ်ချုပ်တာရော အာဏာသိမ်းတာရော အားလုံး။ ကျေလဲ မကျေနပ်ဘူး။ ဒါက နိုင်ငံ့အရေး ဖြစ်နေတာကိုး။ ကျနော်တို့ ပြည်သူ့အစိုးရ မတက်မချင်း ဆက်လုပ်သွားမယ်။ သူတို့က မြို့နယ်ပညာရေးမှူးကတဆင့် ကျောင်းတွေကို ပြောတယ်၊ ချော့တာပေါ့။ အဲဒီထဲမှာ ကျနော်တို့ကပဲ အပြစ်ကြီးတွေ လုပ်ထားလို့ မှားသလိုလိုနဲ့။ ဒီသင်တန်းကို တက်လိုက်မယ်ဆိုရင် ရှေ့မှာ CDM လုပ်ထားတာတွေကို အားလုံးကို ပြည်ဖုံးကား ချပေးမယ်ပေါ့။ ကျနော်တို့က အမှားလုပ်ထားတဲ့သူတွေမှ မဟုတ်တာ။ သူတို့က မှန်သလိုလို ပြောနေတာကို ကျနော်တို့က ခံပြင်းတာ။ မှားနေတာ သိသိချည်းနဲ့ ကျနော်တို့က အမှန်ပါဆိုပြီး သင်တန်းမတက်နိုင်ဘူး။ ကျနော်တို့ မြို့နယ်မှာ ကျောင်းဆရာဆရာမ အားလုံးပေါင်း တစ်ထောင်ကျော်ရှိတယ်။ အဲဒီမှာ သင်တန်းတက်တာက ၃ဝဝ ကျော်ပဲ ရှိတယ်။ ကျနော်တို့ မြို့နယ်မှာ အထက်တန်းပြတွေအားလုံး CDM လုပ်ထားတဲ့အတွက် သူတို့ တော်တော် အခက်တွေ့နေပြီ”

CDM ဝန်ထမ်းတွေကို ကူညီဖို့ လှုပ်ရှားနေတဲ့ စင်္ကာပူက ကိုနွေဦးကလည်း -

“ကျနော်တို့လည်း ဒီသတင်းတွေကြားပါတယ်။ လက်ရှိမှာ ကျနော်တို့ ကူညီနေတဲ့အဖွဲ့အစည်းတွေကို အသီးသီး ဆရာ ဆရာမတွေက လာပြောတာရှိပါတယ်။ ကျနော်တု့ိ ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေကလည်း ဆက်လက်ပြီး CDM ဝန်ထမ်းတွေ တောင့်ခံဖို့ တတ်နိုင်သမျှ ကြိုးစားပြီးထောက်ပံ့နေပါတယ်။ ကျောင်းဆရာ ဆရာမတွေကလည်း CDM ကို ဆက်လက်ပြီး တောင့်ခံပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”

လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီဟာ CDM မှာပါဝင်ပြီး အာဏာဖီဆန်နေတဲ့ ဝန်ထမ်းတွေ၊ ဘက်ပြောင်းပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းတဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြောင့် အကြီးအကျယ် အခက်တွေ့နေပြီ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

RFA Burmese



ပညာရေးဝန်ထမ်းတွေ စစ်ကောင်စီကို ဆက်လက်ဖီဆန်မည် ပညာရေးဝန်ထမ်းတွေ စစ်ကောင်စီကို ဆက်လက်ဖီဆန်မည် Reviewed by THITHTOOLWIN on 06:15 Rating: 5

No comments:

Powered by Blogger.