နိုင်ငံအနှံ့ ဆန္ဒပြသပိတ်တွေ ပြန်အားကောင်းလာ

အင်အားသုံး ပစ်ခတ်ဖြိုခွင်းမှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကလျော့နည်းလာနေတဲ့ လမ်းပေါ်က အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေးဆန္ဒပြသပိတ်စစ်ကြောင်းတွေဟာ ဒီကနေ့ ဧပြီ ၂၅ ရက်နေ့မှာလည်း နိုင်ငံအဝှမ်း ဆန္ဒပြ သပိတ်တွေ အများအပြားရှိခဲ့ပြီး ဖြိုခွဲဖမ်းဆီးတာတွေကလည်းရှိခဲ့ပါတယ်။

ဧပြီ ၂၄ ရက်မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက်ရည်ရွယ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်လည်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ရန်ကုန်၊ မန္တလေး ၊ စစ်ကိုင်း၊ မြင်းခြံ ၊ နတ်မောက် ၊ ပုဂံ၊ မုံရွာအပါအဝင် နိုင်ငံ အနှံ့ မြို့တွေရဲ့ လမ်းပေါ်မှာ သပိတ်စစ်ကြောင်းတွေ အင်အားကောင်းကောင်းနဲ့ ပြန်လည်ပေါ်ထွက်လာခဲ့တာတွေ့ရပါတယ်။

ဧပြီလ ၂၅ ရက်နေ့ အထိစစ်အာဏာသိမ်းအပြီး လူ ၇၅၀နီးပါးသေဆုံးမှုတွေရှိခဲ့တယ်လို့ နိုင်ငံ‌ရေး အကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ထုတ်ပြန်ထားခဲ့သလို လမ်းပေါ်သပိတ်တွေပြန်အားကောင်းလာတဲ့ ၃ ရက်မြောက် နေ့လည်းဖြစ်ပါတယ်။

မနေ့က ဧပြီလ ၂၄ ရက် အာဆီယံ မြန်မာ့အရေးထိပ်သီး အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မင်းကြီးမင်းအောင်လှိုင်က သဘောတူခဲ့တယ် ဆိုတဲ့အချက် ၅ ချက်ထဲမှာ အကြမ်းဖက်မှု အားလုံးချက်ခြင်းရပ်ဆိုင်းဖို့ ဆိုတဲ့အချက်လည်းပါပါတယ်။

ဒါပေမဲ့ လည်း လမ်းပေါ်ဆန္ဒပြဖို့ လူစုလိုက်တာနဲ့ ဖြိုခွင်းဖမ်းဆီးဖို့လုပ်နေဆဲပဲလို့ ရန်ကုန်၊ အလုံမြို့နယ်က ဆန္ဒပြလူငယ်တစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

"သူတို့က အရပ်ဝတ်ဝတ်ပြီး လက်နက်တွေ ဆိုင်ကယ်တွေနဲ့လှည့်နေတယ်၊လူ ၅ ယောက်လောက်စုတာနဲ့ သတင်းကရသွားပြီ ပိုပြီးအန္တရာယ်ရှိလာတယ်" လို့ သူကပြောပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ဧပြီလ ၂၅ ရက်နေ့က ဆန္ဒပြလူငယ်တွေကို ၄၄ ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေက ပိတ်ဆို့ဖမ်းဆီးခဲ့ ပြီးလူအချို့ဖမ်းဆီးခံခဲ့ရပါတယ်။

နောင်ချိုမြို့က ဆန္ဒပြပွဲ ပစ်ခတ်ဖမ်းဆီးမှုတွေရှိခဲ့

ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ်နောင်ချိုမြို့မှာလည်း လူငယ်တွေရဲ့ ဆန္ဒပြသပိတ်ကို စစ်ကောင်စီ တပ်တွေက ဖြိုခွင်းဖမ်းဆီးခဲ့တဲ့အတွက် လူငယ်အချို့အဖမ်းခံရပြီး သေနတ် ၃ချက်ထက် မနည်းပစ်ဖောက် တာတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ပစ်ခတ်မှုတွေကြောင့် လူသေဆုံးမှုရှိခဲ့ရတဲ့ ယူနက်စကိုစာရင်းဝင် ပုဂံမှာလည်း စစ်ကောင်စီတပ်တွေက သပိတ်လူစုတာနဲ့လိုက်လံဖမ်းဆီးတာကြောင့် သပိတ်စစ်ကြောင်းတွေဟာ ၁၀ မိနစ်ဝန်းကျင်လောက်သာ ပြနိုင်တော့တယ်လို့ သပိတ်မှာပါဝင်သူလူငယ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လူအင်အားရာချီ ဆန္ဒပြလေ့ရှိတဲ့ မြင်းခြံမြို့မှာလည်း CDM မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ၁၂ ဦးရှိခဲ့တာကြောင့် မြိုလမ်းတွေထိတပ်စွဲထားတဲ့အတွက် သပိတ်တွေကို ပြောက်ကျားစနစ်နဲ့ ပြနေရတယ်လို့ မြင်းခြံမြို့ သပိတ် မှာပါဝင်သူ လူငယ်တစ်ဦးကဘီဘီစီကို ပြောပြပါတယ်။

စစ်ကိုင်းမြို့မှာလည်း ဧပြီ ၂၅ ရက်နေ့ အခုညနေပိုင်း ဆိုင်ကယ်သပိတ် စစ်ကြောင်းကို အိမ်စီးကားနဲ့ ဝင်တိုက်ပြီးဖမ်းဆီးမှုကြောင့် လူ ၄ ဦး အဖမ်းခံခဲ့ရပါတယ်။

စစ်ကိုင်း ဆိုင်ကယ်သပိတ်

အဲ့ဒီနောက် အချုပ်ကားတွေပါရောက်လာပြီး အခုချိန်ထိ စစ်ကောင်စီက ဆိုင်ကယ်သပိတ်စစ်ကြောင်း ဖြိုခွင်းနေတဲ့ ရပ်ကွက်‌တွေထဲဝင်ရောက်ကာ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံကပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက မုံရွာ ကလေး စတဲ့ ပစ်ခတ်မှုကြောင့်လူသေဆုံးမှု များတဲ့ မြို့တွေအပါဝင် မြို့အချို့မှာလည်း ဒီနေ့ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။

နေ့စဉ်နီးပါး အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ေကြာင်းတွေထွက်လေ့ရှိတဲ့ မန္တလေးမြို့မှာတော့ မနေ့က အာဆီယံဆွေးနွေးပွဲကျင်းပနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်လို့ ကျည်ထိမှန်သေဆုံးရသူတစ်ဦး အလောင်းပြန်မရတာကြောင့် ဒီကနေ့မှာ မိသားစုဝင်တွေက ရုပ်အလောင်းမပါဘဲ သက်ပျောက်ဆွမ်း သွပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56879683

နိုင်ငံအနှံ့ ဆန္ဒပြသပိတ်တွေ ပြန်အားကောင်းလာ  နိုင်ငံအနှံ့ ဆန္ဒပြသပိတ်တွေ ပြန်အားကောင်းလာ Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.