ကချင်နဲ့ ကရင်ပြည်နယ်ရှိ နေရာအချို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်


(၂၈-၄-၂၀၂၁)

ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရှိ နေရာအချို့ကို အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်တပ်က ဒီနေ့ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေကဖေါ်ပြပါတယ်။

ကချင်ပြည်နယ်ရှိ KIO/KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ကရင်ပြည်နယ်ရှိ KNU/KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် လူမျိုးစု တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့စလုံးဟာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ဒီမိုကရေစီအရေး ဆန္ဒပြသူတွေကို ထောက်ခံတဲ့၊ ဆန္ဒပြလူငယ်တွေကို ခိုလှုံခွင့်ပေးထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။

KIA ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဗိုလ်မှူးကြီး နော်ဘူရဲ့ပြောကြားချက်အရ မနေ့ (အင်္ဂနေ့) ကတည်း အလော့ဘွမ် (Alaw Bum) စခန်းကို အာဏာသိမ်းအကြမ်းဖက်တပ်က လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်နေတာ အခုထိ မရပ်သေးဘူးလို့ 74 Media က ဖေါ်ပြပါတယ်။

ဒေသတွင်း ဗျုဟာကျတဲ့ ဒီတောင်ကုန်းစခန်းကို မတ်လ ၂၅ ရက်နေ့ကတည်းက KIA သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒါကို ပြန်ရနိုင်ဖို့ မြန်မာစစ်တပ်ဖက်က အင်အားအလွန်အကျွံ အသုံးပြု တိုက်ခိုက်နေတာဖြစ်ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ ကုလ ရုံးရဲ့သတင်းထုတ်ပြန်ချက်အရ မတ်လကစပြီး ဒီဒေသမှာ တိုက်ပွဲဖြစ်တာ အကြိမ် ၅၀ ကျော်နေပြီဖြစ်ပြီး အရပ်သားအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံအရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ကျေးရွာတွေကိုလည်း အာဏာသိမ်းအကြမ်းဖက်တပ်ရဲ့ လေယာဉ်တွေက ဒီနေ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ KNU နဲ့ ဒေသတွင်းရှိ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။

ဒါဟာ မနေ့မနက်အစောပိုင်းက ထိုင်း-မြန်မာစပ် မဲ့စန်ပလက်ရွာ (မြန်မာအခေါ် သော်လဲထာ) နဲ့မျက်နှာချင်းဆိုင် သံလွင်မြစ်ဘေးရှိ အကြမ်းဖက်စစ်တပ်စခန်းတခုကို KNLA တပ်ဖွဲ့တွေက သိမ်းပိုက်တာကို လက်တုန့်ပြန်တာဖြစ်နိင်တယ်လို့ Free Burma Rangers အဖွဲ့ကပြောပါတယ်။

အဲဒီတိုက်ပွဲဟာ ပြင်းထန်ပြီး စစ်ကောင်စီတပ်ဖက်က အကျအဆုံးများခဲ့တယ်လို့သိရပါတယ်။ ဒါကိုလက်တုန့်ပြန်တဲ့အနေနဲ့ ဒါးကွင်းဒေသရှိ ကရင်ရွာတွေကို အခုလို တိုက်ခိုက်တာဖြစ်တယ်။ ဒီတိုက်ခိုက်မှုကြောင့် ကရင်ရွာသွား ၃၀၀ ခန့် သံလွင်မြစ်ကိုဖြတ်ပြီး ထိုင်းဖက် ထွက်ပြေးလာရတယ်လို့ Karen Peace Support Network ကပြောပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား အခုလို နယ်စပ်တောင်ကုန်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနေသလို မြန်မာနိုင်ငံအတွင်းပိုင်းမှာလည်း ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ပစ်ခတ်တဲ့အတွက် လူထုလက်နက်ကိုင် တော်လှန်မှုတွေ၊ တိုက်ပွဲတွေဖြစ်ပေါ်လာနေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေက စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ နေရာအချို့မှာ လူထု လက်နက်ကိုင်တပ်တွေက အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ပြန်လှန်တိုက်ခိုက်မှုတွေရှိလာခဲ့ပြီး အခုနောက်ဆုံး ချင်းပြည်နယ် မင်းတပ်မြို့က တိုက်ပွဲဟာ အလွန်ပြင်းထန်တယ်လို့ သိရပါတယ်။

ဒေသတွင်း မီဒီယာတွေရဲ့ဖေါ်ပြချက်အရ ၃ ရက်တာ တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်တပ်ဖက်က ၃၀ ကျော်အထိ သေဆုံးခဲ့တယ်လို့သိရပါတယ်။ စစ်တပ်က ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ပြန်လွတ်ပေးဖို့တောင်းဆိုတာကို စစ်တပ်က ငြင်းပယ်ရာကနေ တင်းမာမှုစတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်တဲ့အထိ ဖြစ်လာခဲ့တာပါ။

လက်လုပ်သေနတ်တွေ၊ အမဲလိုက်တဲ့ တူမီးသေနတ်တွေ၊ ဒူးလေးတွေ စသဖြင့် ရှိတဲ့လက်နက်ကို စွဲကိုင်ပြီး ခုခံတဲ့ မင်းတပ်က တိုက်ပွဲမှာ လူသတ်လက်နက်အပြည့်အစုံရှိတဲ့ အကြမ်းဖက်စစ်တပ်က စစ်သား ၃၀ ကျော်အထိ သေဆုံးတာကို အခြားနယ်က ဆန္ဒပြလူငယ်တွေ စိတ်ဝင်စားနေတဲ့အပြင် နိုင်ငံတကာ လေ့လာသူတွေကပါ အထူးစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။






Burma News Network

https://www.facebook.com/burmanewsnetwork

ကချင်နဲ့ ကရင်ပြည်နယ်ရှိ နေရာအချို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက် ကချင်နဲ့ ကရင်ပြည်နယ်ရှိ နေရာအချို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက် Reviewed by THITHTOOLWIN on 05:40 Rating: 5

No comments:

Powered by Blogger.