မန္တလေးက စစ်တပ်ပိုင် မြဝတီဘဏ်မှာ ပေါက်ကွဲမှုဖြစ်



မန္တလေးမြို့ ၈၁ လမ်း ၂၆ နဲ့ ၂၇ လမ်းကြားက မြန်မာစစ်တပ်ပိုင် မြဝတီဘဏ်ရှေ့မှာ ဧပြီလ ၁၁ ရက်နေ့ မနက် ၉ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ လူတစ်ယောက်က ပေါက်ကွဲစေတဲ့ အရာတစ်ခုနဲ့ လှမ်းပစ်ခဲ့ တာကြောင့် ဘဏ်မှာလုံခြုံရေးယူထားတဲ့ စစ်သားတစ်ယောက်ကို ထိမှန်ခဲ့တယ်လို့ ဘဏ်နားမှာနေတဲ့ ကိုယ်တိုင်တွေ့သူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“အခြေအနေကြည့်ရတာကတော့ သေသွားတယ်လို့တော့ ထင်တယ်။ ကျွန်မ လှမ်းကြည့်ရသလောက် သူကအောက်ဘက်ကို ထိသွားတာ။ ထိုင်နေတဲ့နေရာဆိုတော့ အောက်ပိုင်းတစ်နေရာကို ထိသွားတာ။ ကျွန်မ လှမ်းကြည့်နေချိန်မှာ လဲသွားတဲ့ စစ်သားက လှုပ်နေသေးတယ်။ တစ်ယောက်ယောက်က ပစ်ထည့်သွားတာတော့ ဟုတ်တယ်။ သူတို့ကလည်း အငိုက်မိသွားတဲ့ သဘောပေါ့။ သူကအကာတွေ မထားဘူး ဒီအတိုင်းရပ်နေကြတာဆိုတော့ သူတို့အနားကိုကပ်ပြီးတော့ ပစ်သွားတာ”

စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာရှိတဲ့ မြန်မာ့စီးပွားရေး ဘဏ်နဲ့ မြဝတီဘဏ်တွေကို စစ်တပ်နဲ့ ရဲက လုံခြုံရေးယူထားတာ ဖြစ်ပါတယ်။

မန္တလေးမြို့ ၇၇ လမ်းနဲ့ ၃၄ ထောင့်က ဧရာဝတီဘဏ်အနီးမှာ ဧပြီလ ၁ဝ ရက်နေ့ နေ့လယ်လောက်ကလည်း ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ အမှိုက်ကန်အနီးမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူတော့ မရှိခဲ့ပါဘူး။

တချိန်တည်းမှာပဲ နိုင်ငံအနှံ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ရဲနဲ့စစ်တပ်က အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့မှာဆိုရင် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် စနေနေ့က အရပ်သား နှစ်ဦး သေဆုံးခဲ့ရသလို၊ တနင်္ဂနွေနေ့ နေ့လယ်မှာလည်း နောက်ထပ် တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သေဆုံးသူဟာ နမ့်ဖာလုံက အသက် ၃၅ နှစ်အရွယ် ကိုထွန်းထွန်းဦးဖြစ်ပြီး၊ နေ့လယ်မှာ ဖရဲသီးဖိုးတွေပေးဖို့ ဆိုင်ကယ်နဲ့သွားနေတုန်း ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့မှာ ပစ်ခတ်ခံရတာလို့ ပစ်ခတ်ခံရချိန်မှာရှိနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ မျက်မြင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကျွန်မတို့က ဖရဲသီးဖိုးပေးဖို့အတွက် ကားသမားကို မီအောင်လို့ဆိုပြီး ကားဂိတ်ကိုလိုက်သွားတာ။ ကားသမားကလည်းပြန်သွားပြီ မမီတော့ဘူးဆိုတော့ ကျွန်မတို့ကလည်း ပြန်လာတာ။ ပြန်လာတဲ့အခါမှာ အဲဒီရဲစခန်းနားလေးကို ရောက်တော့ ဖုန်းလာလို့ရပ်တယ်။ ကားသမားကလည်း အမှတ်(၇) ကျောင်းနားမှာ ရောက်နေတယ်လို့ပြောလို့ ပိုက်ဆံကို အဲဒီကိုသွားပေးဖို့လုပ်တာ။ အဲဒီအချိန်မှာ သူတို့က ပစ်လိုက်တာ။ ပစ်တာက ဆယ့်ငါးချက်၊ ဆယ့်ရှစ်ချက်လောက်တော့ရှိမယ်။ နောက်ဆုံးပစ်လိုက်တဲ့ကျည်က မှန်သွားတာ။ ပွဲချင်းပြီး ဆုံးသွားတယ်။ ခရိုင်ရဲရုံးထဲကနေ ပစ်လိုက်တာ”

အိန္ဒိယနိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ ဆန္ဒပြသူတွေရဲ့ အကာအကွယ် အတားအဆီးတွေကို ဖယ်ရှားဖို့ ရောက်လာတဲ့ တပ်ဖွဲ့တွေနဲ့ မြို့ခံတွေ စနေနေ့က အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်ရာမှာ နှစ်ဖက်အသေ အပျောက်တွေလည်း ရှိခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အနီးအနားမှာ ဆိုင်ကယ်နဲ့သွားနေတဲ့ အရပ်သား နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသူ အများအပြား ရှိကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ ကိန်းဂဏန်း အတိအကျကိုတော့ RFA က အတည်မပြုနိုင်သေးပါဘူး။

ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရပြီး တနင်္ဂနွေနေ့မှာတော့ ရဲနဲ့ စစ်တပ်က မြို့နေရာအနှံ့မှာ နေရာယူထားတာ တွေ့ရပြီး လုံခြုံရေးအတွက် စိုးရိမ်သူ ဒေသခံတချို့ကတော့ အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်တာတွေ ရှိတယ်လို့လည်း မြို့ခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း အကြမ်းဖက်ဖြိုခွင်းခံရမှုတွေ ရှိနေတဲ့ကြားကပဲ စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ဆန္ဒပြပွဲမှာတော့ မြန်မာ့အရေး နိုင်ငံတကာ က ဖိအားပေးရာမှာ အဟန့်အတား ဖြစ်နေတယ်လို့ ဆန္ဒပြသူတွေက ယုံကြည်ထားကြတဲ့ တရုတ်နဲ့ ရုရှား နိုင်ငံတွေရဲ့ အလံတွေကို မီးရှို့ဆန္ဒပြခဲ့ကြတာပါ။

“ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ကုလသမဂ္ဂအစည်းအဝေးတွေမှာ တရုတ်က ကျွန်တော်တို့နိုင်ငံရေး ကို ဝင်ရောက်စွက်ဖက်ပြီးတော့မှ သူတို့က ပြည်သူတွေ ကျဆုံးနေတာတွေကို ဂရုမစိုက်ဘဲနဲ့ စစ်ကောင်စီ ဘက်ကပဲ လိုက်ပြောနေတယ်။ ဘက်လိုက်နေတယ်။ သူတို့နိုင်ငံကို အလိုမရှိကြောင်းပြချင်လို့ သူတို့ အလံကို မီးရှို့ကြတာ”

ပုံစံမျိုးစုံနဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ ကလေးမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ ဖြိုခွင်းမှုကြောင့် ဧပြီလ ၈ ရက်နေ့အထိ သေဆုံးသူအရပ်သား ၃ဝ လောက် ရှိနေပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အရာတော်မြို့နယ် ဝရောင်းကျေးရွာမှာတော့ စနေနေ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲရာက အသက် ၂ဝ ကျော်အရွယ် လူငယ်တစ်ဦး သေဆုံးသွားပါတယ်။

သေဆုံးသူဟာ တစ်လမပြည့်သေးတဲ့ ကလေးတစ်ယောက်ရဲ့ဖခင် ကိုရှိုင်းဝေဖြိုးဖြစ်ပြီး၊ သူ့အလောင်းကို အစောပိုင်းမှာ စစ်တပ်က သယ်သွားခဲ့ပြီး ညဖက်ရောက်မှ ဆေးရုံမှာ လာယူဖို့ အကြောင်းကြားတာကြောင့် မိသားစုက သွားယူခဲ့ကြရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

တနင်္ဂနွေနေ့မှာ သူ့ကိုသင်္ဂြိုဟ်မယ့်အချိန်မှာပဲ ရဲနဲ့စစ်တပ် ထပ်ရောက်လာတဲ့ သတင်းကြောင့် သက်ကြီး ရွယ်အို၊ အမျိုးသမီးနဲ့ ကလေးတွေ ဘေးလွတ်ရာ ပုန်းရှောင်ကြရတယ်လို့လည်း လုံခြုံရေးအရ နာမည် မဖော်ချင်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“သူတို့ ဈာပနကိုလာမယ်လို့ကြားတာပေါ့နော်။ လူစုလူဝေးလုပ်မယ်ဆိုသူတို့က ရွာထဲကိုလာမယ်လို့ ကြားတာ။ အခုသူတို့ လာမယ်လို့သတင်းကြားတော့ ပြေးကြလွှားကြ ပုန်းနေကြရတာ”

စနေနေ့က အရာတော်မှာ ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း ထိခိုက်ဒဏ်ရာရသူ နှစ်ဦးရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးသူ အရပ်သားအရေအတွက်ဟာ အနည်းဆုံး ၆၈ဝ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

RFA Burmese



မန္တလေးက စစ်တပ်ပိုင် မြဝတီဘဏ်မှာ ပေါက်ကွဲမှုဖြစ် မန္တလေးက စစ်တပ်ပိုင် မြဝတီဘဏ်မှာ ပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.