တနိုင်ငံလုံး တော်လှန်သြင်္ကန် ဆင်နွဲကြဖို့ စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေဆော်သြ

တော်လှန်သင်္ကြန် (ဓာတ်ပုံ-GSC)

စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းထားတဲ့ကာလအတွင်း ကျရောက်မယ့် ဒီနှစ်မြန်မာ့နှစ်သစ်ကူး အတာသြင်္ကန်ပွဲတော်ကို တော်လှန်သြင်္ကန်အဖြစ်ဆင်နွှဲပြီး အာဏာရှင်စနစ်ကိုဆန့်ကျင်ဆန္ဒပြကြဖို့ တိုက်တွန်းဆော်သြနေကြပါတယ်။ တော်လှန်သြင်္ကန်ကို တနိုင်ငံလုံးအတိုင်းအတာ ဆင်နွှဲဖို့ ဆန္ဒပြသပိတ်ဦးဆောင်ပါဝင်တဲ့လူငယ်တွေ ဘယ်လိုပြင်ဆင်ဆောင်ရွက်နေကြပါသလဲ။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မဆုမွန်က တင်ဆက်ပေးမှာပါ။

မနက်ဖြန်စတင်မယ့် မြန်မာ့နှစ်သစ်ကူး သြင်္ကန်ပွဲတော်ကာလမှာ ပျော်ပွဲရွှင်ပွဲတွေအစား ဒီနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လုပ်သွားကြဖို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ဆော်သြတိုက်တွန်းနေကြပါတယ်။ ပျော်စရာသြင်္ကန်မဟုတ်တဲ့ တော်လှန်သြင်္ကန်ဆိုပြီး လူငယ်တွေက သြင်္ကန်လေးရက်တာကာလနဲ့ နှစ်ဆန်းတရက်နေ့အထိ ပုံစံမျိုးစုံနဲ့ဆန္ဒပြသွားကြဖို့ စီစဉ်နေကြတာပါ။

တော်လှန်သင်္ကြန် (ဓာတ်ပုံ-GSC)

ဆန္ဒပြသပိတ်တွေကို အကြမ်းဖက်ဖြိုခွဲနေတဲ့ကြားထဲက လူအင်အားအလုံးအရင်းနဲ့ ပင်မသပိတ်စစ်ကြောင်း နေ့တိုင်းလိုလိုချီတက်နေတဲ့ မုံရွာမြို့က ဆန္ဒပြလူထုဟာ ဧပြီလ ၁ ရက်နေ့ကတည်းက အဦးဆုံးပွင့်တဲ့ပိတောက်ပန်းတွေနဲ့ ပိတောက်သပိတ်ကို ဆင်နွှဲခဲ့ကြတာပါ။ မုံရွာ၊ မန္တလေးနဲ့ ရန်ကုန်မြို့အပါအဝင် သပိတ်ကော်မတီတွေစုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (General Strike Coordination Body) GSCB အနေနဲ့လည်း တနိုင်ငံလုံးအတိုင်းအတာ သြင်္ကန်ရက်တွေမှာပါ အာဏာရှင်ကို တော်လှန်ကြဖို့ တိုက်တွန်းထားပါတယ်။ မုံရွာသပိတ်စစ်ကြောင်းမှာ ဦးဆောင်ပါဝင်နေသူတဦးဖြစ်တဲ့ ကိုဝေမိုးနိုင်က သူတို့ အစီအစဉ်ကို ဗီအိုအေကို ခုလိုပြောပြပါတယ်။

တော်လှန်သင်္ကြန် (ဓာတ်ပုံ ထိန်လင်း-မန္တလေး)

"ကျနော်တို့ရဲ့ GSCB မှာ နယ်ဒေသအသီးသီးက သပိတ်ကော်မတီများနဲ့ ဆွေးနွေးချက်အရဆိုရင် ဒီ သြင်္ကန် ၅ ရက်ကို Call တွေခေါ်ပြီးတော့ လှုပ်ရှားဖို့ရှိပါတယ်။ အကြိုနေ့မှာကတော့ အတာအိုးသပိတ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ အတာသြင်္ကန်ကို ကြိုဆိုတဲ့အနေနဲ့ ပန်းတွေစိုက်ပြီးတော့ အတာအိုးတွေကို ကိုယ့်အိမ်ရှေ့မှာ ချထားကြမယ်။ အကျနေ့မှာကတော့ “သွေးမတိတ်သပိတ်” ဆိုပြီးတော့ နွေဦးတော်လှန်ရေးမှာ အသက်သွေး ပေးဆပ်သွားခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းများကို အောင်းမေ့တသတဲ့အနေနဲ့ အနီရောင်ဆေးတွေကို အိမ်တွေ၊ ခြံဝန်းတွေ၊ အိမ်ရှေ့လမ်းတွေပေါ်မှာ ပက်ဖြန်းခြင်းအားဖြင့် ကျနော်တို့ဆင်နွှဲဖို့ ရှိမယ်။ ဒါက ရန်ကုန်မှာ လောလောဆယ်လုပ်နေကြတဲ့ လုံးဝအုပ်ချုပ်လို့ မရစေရဆိုတဲ့ Red Campaign နဲ့လည်း သဘောတရားချင်း တူပါတယ်။"

သြင်္ကန်ရက်တိုင်းမှာ ပုံစံတမျိုးစီနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ လုပ်ကြဖို့ စီစဉ်ထားကြတာဖြစ်ပါတယ်။

"အကြတ်နေ့မှာကတော့ ကျနော်တို့က ယာဉ်သပိတ်ပါ။ ယာဉ်သပိတ်ကတော့ သြင်္ကန်ကာလမှာ ကိုဗစ်မတိုင်ခင် အရင်နှစ်တွေတုန်းက သြင်္ကန်မှာလှည့်လည်ကြတဲ့ ပုံစံအတိုင်းပဲ။ ဆိုင်ကယ်တွေနဲ့ လှည့်ချင်လည်းလှည့်၊ ကားတွေနဲ့ လှည့်ချင်လည်းလှည့်၊ ကျနော်တို့ ရတဲ့ နည်းလမ်းနဲ့ ယာဉ်တမျိုးမျိုးကို အသုံးပြုပြီးတော့ လှည့်လည်ကြမယ်။ လှည့်လည်တဲ့အချိန်မှာ သြင်္ကန်သီချင်းတွေ သီဆိုခြင်းလုံးဝမပြုဘဲနဲ့ တော်လှန်ရေးသီချင်းတွေဖြစ်တဲ့ သွေးသစ္စာပဲဖြစ်ဖြစ်၊ အလိုမရှိပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရ အံတုအာခံတဲ့ တော်လှန်ပုန်ကန်တဲ့ သီချင်းတွေကို ကျနော်တို့ကြွေးကြော် ဟစ်ကြွေးကြမယ်။ အတက်နေ့မှာကတော့ ပုံမှန်သြင်္ကန်ကာလတွေမှာဆိုရင် ကျနော်တို့လူမျိုးတွေက မီးကုန်ယမ်းကုန် သြင်္ကန်နောက်ဆုံးနေ့အဖြစ် အတက်နေ့ကိုပျော်ပါးကြလေ့ ရှိတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ တော်လှန်သြင်္ကန်ဖြစ်တဲ့အတွက် အတက်နေ့ကို ကိုယ့်ရဲ့ပျော်ပါးချင်တဲ့ စိတ်ဆန္ဒတွေကို တတ်နိုင်သမျှချုပ်တည်းပြီးတော့ Silent Strike အနေနဲ့ အတက်နေ့မှာ အိမ်ထဲကအိမ်ပြင် လုံးဝ မထွက်ကြဘဲနဲ့ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အသံတိတ်ဆန္ဒဖော်ထုတ်ကြမှာ ဖြစ်တယ်။ နှစ်ဆန်းတရက်နေ့မှာတော့ ကျနော်တို့က တနိုင်ငံလုံး ရတဲ့နည်းလမ်းနဲ့ ရတဲ့နေရာကနေ အုံကြွပြီးတော့ ပြန်လည်စုဝေးချီတက်ကြဖို့အတွက် ဆောင်ရွက်ဖို့ ရှိပါတယ်ခင်ဗျ။"

တော်လှန်သင်္ကြန် (ဓာတ်ပုံ-GSC)

ပုံမှန်ဆိုရင် ခုလို နှစ်သစ်ကူးသြင်္ကန်အချိန်ဟာမြန်မာပြည်သူတွေအတွက် စိတ်လွတ် လက်လွတ်ပျော်ကြတဲ့ အချိန်ဖြစ်ပါတယ်။

သြင်္ကန်ရေကစားတာ၊ ဥပုသ်သီလ စောင့်တည်တာနဲ့ စတုဒီသာအလှူဒါနပြုတာမျိုးတွေ လုပ်ကြလေ့ရှိပေမဲ့ ဒီနှစ်တော့ စစ်အာဏာသိမ်း ထားတာရော၊ တပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ ပြည်သူအများအပြား သေဆုံးထားတာကြောင့်ပါ တော်တော်များများက ပျော်စရာ သြင်္ကန်ပွဲကို ဆင်နွဲဖြစ်မှာ မဟုတ်ဘူးလို့ ပြောနေကြပါတယ်။

ရန်ကုန်မြို့ ဆန္ဒပြပွဲတွေမှာ ဦးဆောင်သူတယောက်ဖြစ်တဲ့ ရန်ကုန် တ.က.သ ကျောင်း ၁၅ကျောင်း ပေါင်းစုထားတဲ့ Alliance of Students' Union ကလည်း ဒီနှစ်သြင်္ကန်ပွဲတော်ကို အသံတိတ်သပိတ် ဆင်နွှဲသွားမယ်လို့ ပြောပါတယ်။

"သူတို့ (စစ်ကောင်စီ) က နေရာတိုင်းမှာ အခုအချိန်မှာ ရပ်ကွက်တွေအထိ သူတို့ရဲ့ အခြေခံအုပ်ချုပ်ရေးစနစ်ကို စတင်နေပြီဆိုတဲ့အခါမှာ ကျနော်တို့ဘက်ကမှာ အခက်အခဲအများကြီးရှိတယ်။ ကျနော်တို့ လက်ရှိသွားနေတာကလည်း ကျောင်းသားချည်းပဲ သီးသန့်သွားလို့မရဘူး။ ကျနော်တို့က အရင်ကလိုပေါ့ ... ဆန္ဒထွက်ပြတယ်၊ ပစ်တယ် ခတ်တယ်၊ ရပ်ကွက်အိမ်တွေထဲကို ကျနော်တို့ဝင်တယ်၊ ပြေးတယ်။ ဒါပေမဲ့ အခုလက်ရှိမှာ ဧည့်စာရင်းကိစ္စတွေလည်း ဖြစ်လာပြီ။ ဥက္ကဌတွေလည်း ခန့်ထားတယ်ဆိုတော့ ရပ်ကွက်တွေနဲ့ ချိတ်ဆက်ဖို့က ခက်ခဲတဲ့ အတိုင်းအတာတခုအထိ ရောက်သွားပြီ။ အဲဒီအချိန်မှာ အရင်တုန်းက ကိုယ်နဲ့ပါဝင်ပတ်သက်ခဲ့ဖူးတဲ့ ရပ်ကွက်က လူငယ်ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေနဲ့ပဲ ဆက်သွယ်ပြီးတော့ ဆက်သွားနေရတာပေါ့။"

"သြင်္ကန်တွင်းကတော့ ကျနော်တို့က ပထမကတည်းက target ထားထားပြီးသားပေါ့နော်။ Silent ပဲသွားမယ်ဆိုပြီးတော့ အားလုံးက စီစဉ်ထားပြီးသားပေါ့။ သြင်္ကန်ကို အိမ်ထဲက အိမ်ပြင် ဘယ်သူမှမထွက်ဘဲနဲ့ အကြမ်းဖက်စစ်ဘက်က လုပ်တဲ့သြင်္ကန်ကို ကျနော်တို့က လုံးဝအားမပေးဘဲနဲ့ ဒီတိုင်းပဲ အိမ်ထဲမှာနေပြီးတော့ ဆက်သွားဖို့ကို ကျနော်တို့က စီစဉ်ထားတယ်ခင်ဗျ။"

တော်လှန်သင်္ကြန် (ဓာတ်ပုံ-GSC)

ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ရန်ကုန်မြို့က ဆန္ဒပြသပိတ်တွေဟာ လက်နက်ကိုင်တွေနဲ့ ထိပ်တိုက်တွေ့တာကို ရှောင်ပြီး ရှောင်တခင် ပုံစံမျိုးတွေနဲ့ ပျောက်ကြားသပိတ်တွေလုပ်နေကြပါတယ်။

ဆန္ဒပြသူတွေအပေါ်တပ်ဖွဲ့ဝင်တွေကလက်နက်တွေသုံး အကြမ်းဖက်ပစ်ခတ်လို့ သေဆုံးသူ ၇၀၆ ဦးရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ ဧပြီလ ၁၁ ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ AAPPB က ကောက်ယူ ရရှိထားတဲ့ သေဆုံးသူအရေအတွက် ဖြစ်ပြီး၊ စစ်တပ်နဲ့ရဲတွေက အင်အားသုံးအကြမ်းဖက်လို့ သေဆုံးခဲ့ရသူတွေဟာ ဒီထက်မက ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်ဖြိုခွဲခံရလို့ သေဆုံးသူ ရာနဲ့ချီရှိနေသလို ဖမ်းဆီးခံထားရသူတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေ ရှိနေပေမဲ့လည်း စစ်အာဏာသိမ်း အုပ်ချုပ်နေတာကို ရတဲ့နည်းနဲ့ ဆက်ပြီးဆန့်ကျင်နေကြတာဖြစ်ပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/water-festival-thagyan-military-coup-2021-/5849854.html

တနိုင်ငံလုံး တော်လှန်သြင်္ကန် ဆင်နွဲကြဖို့ စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေဆော်သြ တနိုင်ငံလုံး တော်လှန်သြင်္ကန် ဆင်နွဲကြဖို့ စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေဆော်သြ Reviewed by THITHTOOLWIN on 06:19 Rating: 5

No comments:

Powered by Blogger.