အာဆီယံအစည်းအဝေး ရလာဒ်ကောင်းထွက်လာမယ်လို့ လေ့လာသူတွေ မျှော်လင့်မထား

asean flags (asean.org)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာဖို့ အာဆီယံနိုင်ငံတွေကြား ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ နက်ဖြန်ကျင်းပမှာပါ။ စည်းဝေးပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်မှာဖြစ်ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ မပါတာကြောင့် လက်တွေ့ကျတဲ့ ရလာဒ်တွေ ထွက်လာမှာမဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ လူ့အခွင့်အရေးဆောင်ရွက်သူတွေကလည်း မေးခွန်းထုတ်နေတဲ့ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ မနက်ဖြန် ကျင်းပမယ့် မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်မှာပါ။

မြန်မာနိုင်ငံရဲ့ အရေးနဲ့ ပတ်သက်လို့ အထူးအစည်းအဝေးလုပ်တာဖြစ်ပေမဲ့ အာဆီယံက အနောက်နိုင်ငံတွေလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန်ပြောဆို နိုင်ဖွယ်မရှိဘူးလို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။

ဒီအစည်းအဝေးမှာလည်း စစ်ခေါင်းဆောင်က မြန်မာအရေး၊ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ လက်ရှိ ပြည်တွင်းမှာ လုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲလို ပုံစံမျိုးသာ ပြောဆိုနိုင်ဖွယ်ရှိတယ်လို့ လူ့အခွင့်အရေးနှင့် အာဆီယံအရေး ဆောင်ရွက်နေသူ ဦးအောင်မျိုးမင်းက VOA ကို ပြောပါတယ်။

“ပထမ ဦးဆုံးကတော့ သူ့အနေနဲ့ သွားမလား မသွားမလား ချီတုံချတုံ ဖြစ်နေတဲ့ကိစ္စ၊ ခုတော့ နောက်ဆုံး သွားမယ်လို့ သတင်းထွက်လာတဲ့ ကိစ္စကိုယ်တိုင်က ပြည်ပကို ထွက်ဖို့အတွက် ကြောက်ရွံ့နေတဲ့ ကိစ္စတစ်ခုပါ။ ဒါကတော့ အမြဲတမ်း သမိုင်းကြောင်းမကောင်းတဲ့သူ၊ တကယ့်ကို နောက်ကြောင်းမရှင်းတဲ့သူတွေမှာ ကြုံတွေ့ရတယ်။ အဲ့တော့ သူကတော့ သေချာတာတစ်ခုက သေချာအောင် သူစီစဉ်သွားမှာတော့ ဖြစ်ပါလိမ့်မယ်။ အစောကြီးကတည်းကနေ သူ့အနေနဲ့ ဖိတ်ကြားမှုလာမယ် ဒီဖိတ်ကြားမှုမှာ လုံခြုံရေးကိစ္စကို အထူးအလေးအနက် လုပ်ဆောင်ပေးဖို့အတွက် စီစဉ်တဲ့ အာဆီယံခေါင်းဆောင်တွေ နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ သူသေသေချာချာတောင်းဆိုမှာတော့ သေချာတယ်။ နောက်တစ်ခုကတော့ သူ့အနေနဲ့ ခန့်မှန်းပါလိမ့်မယ်၊ ဒီကိစ္စက ပြင်းပြင်းထန်ထန်နဲ့ လူ့အခွင့်အရေးကိစ္စတွေကို ပြောဆိုထောက်ပြမှာ မဟုတ်သည့်တိုင်အောင် လူ့အခွင့်အရေးကိစ္စကတော့ ပြောမှာသေချာပါတယ်။ ဒါတွေ ဆွေးနွေးဖို့အတွက် အဖြေရှာဖို့အတွက် သီးသန့်ခေါ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့အနေနဲ့ ပြင်ဆင်သွားမယ့် ကိစ္စတစ်ခုကတော့ ကျွန်တော်တို့ အမြဲတမ်းကြားနေရတဲ့ သတင်းစာရှင်းလင်းပွဲလိုပေါ့၊ ဒါတွေ မဟုတ်ပါဘူး၊ ဒါတွေ မလုပ်ပါဘူး၊ ဒါတွေကတော့ ဆူပူသောင်းကျန်းသူမို့လို့ ဖြေရှင်းတာဖြစ်တယ်။ သတ်ဖြတ်တာမဟုတ်ပါဘူး။ နောက်တစ်ခု ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေက သံသယဖြစ်စရာတွေ၊ မှားယွင်းတဲ့ အချက်တွေဆိုပြီးတော့ သူပြောဖို့အတွက် ပြင်ဆင်မှာတော့ သေချာပါတယ်။ ဒါကတော့ သူ့ရဲ့ သွားလာမှု လုံခြုံမှုတင် မကပဲနဲ့ ဆွေးနွေးတဲ့ အချိန်မှာ ဒီကိစ္စတွေပြောလာရင် အဖြေသေချာမပေးဘဲနဲ့ ခုခံပြောဆိုမယ့် ပုံစံတွေ သူပြင်သွားမှာ သေချာပါတယ်။”

မြန်မာစစ်တပ်က လူအခွင့်အရေးချိုးဖောက်မှုတွေလုပ်လာတာ ကြာပြီဆိုပေမယ့် ခုအချိန်မှာ မှတ်တမ်းတွေ၊ ဓာတ်ပုံ၊ ဗွီဒီယို သက်သေတွေ အများကြီးရှိနေပြီဖြစ်တာကြောင့် အာဆီယံအနေနဲ့ သေချာ ထောက်ပြပြောဆိုဖို့ လိုတယ်လို့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်တားဆီးရေး ကုလသမဂ္ဂ သဘောတူညီချက်မှာ ပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်ထားသူ အဖြစ် သံသယရှိခံထားရသူတွေကို သူ့မြေပေါ်မှာ အရေးယူတာ ဒါမှမဟုတ် တရားခံလွဲပြောင်းပေးတာမျိုး လုပ်ဖို့ ဝတ္တရားရှိတယ်လို့ AI ရဲ့ ကြေညာချက်မှာ ရေးထားပါတယ်။ အာဆီယံအစည်းအဝေး လာတက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာအဖွဲ့ထဲပါလာသူတွေ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ထားတာ စုံစမ်းနိုင်ဖို့ အိမ်ရှင် အင်ဒိုနီးရှားမှာလည်း တာဝန်ရှိတယ်လို့ AI ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံ အပါအဝင် မတရားဖမ်းဆီးထားသူတွေကို ပြန်လွတ်ပေးပြီး လူထုသဘောထားအတိုင်း တွေ့ဆုံဆွေးနွေးအဖြေရှာတာမျိုးလုပ်ဖို့ အာဆီယံက တိုက်တွန်းမယ့် သဘောရှိနေပေမယ့် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ သဘောတူလက်ခံမယ့် အခြေအနေ မရှိဘူးလို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က မြင်ပါတယ်။

“သူက သူ့သဘောထားတွေကို စပြီးတော့ အာဏာသိမ်းစဉ်ကတည်းက ပြောထားပြီးသား နောက်ပိုင်းမှာလည်း သူက ကြေညာထားပြီးသား။ ပြီးခဲ့တဲ့ မကြာခင်တုန်းက ဆိုရင် ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာပြောပြီးသား။ နိုင်ငံတကာ အသိုင်းအဝိုင်းတွေက ပြောတယ်၊ ဘယ်လောက်ပြောပြော ဘယ်လိုပြောပြော၊ နောက် အာဆီယံ အသိုင်းအဝိုင်း ဘယ်လို ပြောပြော သူတို့မှာ ချမှတ်ထားတဲ့ လမ်းစဉ်၊ လမ်းပြမြေပုံရှိတယ်။ အဲ့ဒီအတိုင်းပဲ သွားနေတယ်ဆိုတာမျိုး သူက ပြောထားတယ်။ အဲ့တော့ ကုလသမ္မဂ လုံခြုံရေး ကောင်စီက တောင်းဆိုတဲ့၊ ကမ္ဘာ့နိုင်ငံတွေက တောင်းဆိုတဲ့၊ နောက်ပြည်တွင်းက ပြည်သူလူထုကြီးက တောင်းဆိုနေတဲ့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တွေကို ပြန်လွတ်ပေး ပြီးရင် သူတို့တွေနဲ့ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းနဲ့ အဖြေရှာ ပြီးရင် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ပြန်သွားဆိုတာကိုတော့ သူက လုပ်ပေးလိမ့်မယ်၊ သဘောတူလိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး။ သူကတော့ သူ့လမ်းပြမြေပုံအတိုင်းပဲ သူသွားမယ်၊ ထပ်ပြီး ဆွေးနွေးစရာရှိရင်လည်း တခြားနည်းနဲ့ပဲ ဆွေးနွေးမယ်။ ဒီလူတွေကိုတော့ လွတ်ပေးမှာမဟုတ်ဘူးဆိုတာမျိုးပဲ လုပ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂျာကာတာကိုရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့လည်း သီးခြားတွေ့ဆုံမယ်လို့ မေ ျှာ်လင့်ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အာဆီယံ စည်းဝေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုပါ ဖိတ်ကြားသင့်တယ်လို့ ကျယ်ကျယ်ပြန်ပြန့် တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေပါတယ်။

အာဆီယံ အစည်းအဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားတာက ပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ကို တရားဝင် အသိအမှတ်ပြုရာ ရောက်တယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အစိုးရမဟုတ်တဲ့ လူထုအခြေပြုအဖွဲ့အစည်း ၄၅ ဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ကြပါတယ်။

နက်ဖြန် ဧပြီလ ၂၄ ရက်နေ့မှာ လုပ်မယ့် မြန်မာ့အရေး ဆွေးနွေးပွဲကို ဖိလစ်ပိုင်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ကတော့ မတက်ဘူးလို့ အသိပေးထားကြပါတယ်။ 


မခင်ဖြူထွေး/ VOA Burmese

https://burmese.voanews.com/a/human-rights-activists-critised-asean-meeting-about-burma/5864443.html

အာဆီယံအစည်းအဝေး ရလာဒ်ကောင်းထွက်လာမယ်လို့ လေ့လာသူတွေ မျှော်လင့်မထား အာဆီယံအစည်းအဝေး ရလာဒ်ကောင်းထွက်လာမယ်လို့ လေ့လာသူတွေ မျှော်လင့်မထား Reviewed by THITHTOOLWIN on 22:01 Rating: 5

No comments:

Powered by Blogger.