ဗိုလ်မှူးချစ်ကောင်းရဲ့ဇာတိလယ်သစ်ရွာကို စစ်တပ်ကစီးနင်း

ဧပြီ ၁၃ ရက် မြင်းခြံ အတာသင်္ကြန်သပိတ်

“ရွာသားတချို့ကို အရင်ဖမ်းပြီးမှ စစ်တပ်ကရွာထဲကိုဝင်လာကြတာဗျ။ ရွာကလေးသေးသေးလေးကို စစ်တိုက်သလို သေနတ်တွေနဲ့ ပစ်ကြခတ်ကြတယ်ဗျာ။ တွေ့တဲ့ယောက်ျားမှန်သမျှကိုလည်း ဖမ်းပြီး ခါးပတ်နဲ့ရိုက်တယ်။ စစ်ဦးထုပ်နဲ့ရိုက်တယ်။ ဝါးရင်းတုတ်နဲ့ရိုက်ကြတယ်ဗျ။” လို့ လယ်သစ်ရွာသားတယောက်က ပြောပါတယ်။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ မြင်းခြံမြို့မြောက်ဘက်က လယ်သစ်ကျေးရွာကို စစ်တပ်က စီးနင်း၊ ပစ်ခတ်၊ ရှာဖွေ၊ ဖမ်းဆီးမှုတွေ လုပ်ရာကနေ မြင်းခြံမြို့ပေါ်မှာပါ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လယ်သစ်ရွာဟာ အင်္ဂလိပ်၊ ဂျပန်တော်လှန်ရေးသမားဟောင်း လေထီးတပ်ဖွဲ့ဝင်ဟောင်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင်ဟောင်းတဦးဖြစ်သူ ဗိုလ်မှူးချစ်ကောင်းရဲ့ ဇာတိကျေးရွာဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်သောင်းက မြင်းခြံခရိုင်ထဲက ကျေးရွာတွေကို ပြည်ခိုင်ဖြိုးစံပြကျေးရွာဆိုပြီး ကျောက်တိုင်တွေလိုက်လံ စိုက်ထူရာမှာ လယ်သစ်ရွာဟာ ကျောက်တိုင်အစိုက်မခံခဲ့တဲ့ရွာအဖြစ် မြင်းခြံခရိုင်အတွင်းမှာ နာမည်ကြီးခဲ့ပါတယ်။

မနက်အရုဏ်တက်မှာလယ်သစ်ရွာနားစတင်ချဥ်းကပ်

မြင်းခြံမြို့တောင်ဖျားမှာ မထင်မှတ်ဘဲ ထွက်ပေါ်လာတဲ့ ပြောက်ကျားဆန္ဒပြပွဲ

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မနက် ၄ နာရီခွဲအချိန်မှာ စစ်တပ်က လယ်သစ်ရွာကို ဝိုင်းခဲ့ပါတယ်။

ရွာဘေးမှာရှိတဲ့ မြင်းခြံ၊ မြို့သာ၊ တံတားဦး၊ မန္တလေးကားလမ်းမပေါ်မှာ စစ်တပ်က အင်အားအပြည့်နေရာယူထားပြီး စစ်သားတချို့က ရွာရဲ့ အရှေ့ဘက်က စိုက်ပျိုးရေးဥယျာဥ်ခြံတွေထဲကို အရင်ဝင်ရောက်ရှာဖွေပါတယ်။

တောထဲမှာ ညအိပ်ခြံစောင့်နေသူတချို့ကို ရိုက်နှက်ဖမ်းဆီးပြီး ရွာထဲကို ဆက်ဝင်လာကြတယ်လို့ လယ်သစ်ရွာသား တဦးက ဘီဘီစီကို ပြောပါတယ်။

“သူတို့ကိုဖမ်းခေါ်လာ၊ ရွာထဲမှာ သေနတ်တွေ ပစ်ဖောက်ပြီး ရွာထဲမှာရှိတဲ့ ယောက်ျားသားတွေ မှန်သမျှကိုလည်း လမ်းပေါ်တွေ့တဲ့သူရော၊ အိမ်ထဲမှာ ရပ်နေတဲ့လူတွေပါ ဖမ်းခေါ်တာပဲ။ NLD ပါတီဝင်တွေရဲ့ အိမ်တွေကိုလည်း ဝင်တယ်။ လူတော့ မမိဘူးပေါ့။ လူတွေက ထွက်ပြေးကြတော့ အိမ်ထဲဝင်ပြီး ပစ္စည်းတွေကိုဖျက်ဆီးသွားတယ်” လို့ ရွာသားတဦးက ဘီဘီစီကို ပြောပါတယ်။

အဖမ်းဆီးခံရသူအများစုဟာ နိုင်ငံရေးမလုပ်ဆောင်ကြသူ၊ ဘယ်ပါတီဝင်မှ မဟုတ်ကြသူတွေက ပိုများတယ်လို့ဆိုပါတယ်။ NLD ပါတီဝင်တွေက ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်ပါတယ်။

ရွာသားတွေကိုရိုက်နှက်

ဖမ်းဆီးမိသူတွေကို လက်သီးနဲ့ထိုး၊ ခါးပတ်နဲ့ချွတ်ရိုက်၊ စစ်ဦးထုပ်နဲ့ ချွတ်ရိုက်တဲ့အပြင် တချို့ကိုတော့ ဝါးလုံးတွေနဲ့ ရိုက်နှက်လို့ ဒဏ်ရာတော်တော်ပြင်းပြင်းထန်ထန် ရကြတယ်လို့ ရွာသားတွေက ဆိုပါတယ်။

လယ်သစ်ရွာဟာ တခြားရွာတွေနည်းတူ မြင်းခြံမြို့ပေါ်တက်ပြီး ဆန္ဒပြကြပါတယ်။ ညအခါမှာ ဆီမီးထွန်း ဆုတောင်းပွဲလုပ်ပါတယ်။ တခြားရွာတွေထက် ဘာမှ ထူးထူးခြားခြား လုပ်ဆောင်တာ မရှိဘူးလို့ ဆိုပါတယ်။

ရွာအဝင်မှာအတားအဆီးအဖြစ် သဲအိတ်တချို့ပုံပြီး တားဆီးထားတာတွေ ရှိပါတယ်။ အဲဒီအတားအဆီးတွေကိုလည်း ရွာသားတွေကိုပဲ ရွှေ့ခိုင်းပါတယ်။ ရွှေ့ပြောင်းနေစဥ်မှာလည်း ရိုက်နှက်ကြပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတော့ ဆန္ဒပြပွဲတွေကို ပစ်ခတ်နှိမ်နင်းရာမှာ မပါဝင်နိုင်ဘူးလို့ ငြင်းဆန်ပြီး CDM လုပ်ကြတဲ့ ရဲ ၁၅ ဦးကို လယ်သစ်ရွာထဲမှာ ပုန်းခိုခွင့်ပြုထားတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

CDM ရဲ ၁၅ ဦးကို ရွာမှာ ပုန်းခိုခွင့်ပြုထားတယ်ဆိုတဲ့ သတင်းကို ရွာရဲ့အခေါ် ဒလံလို့ခေါ်တဲ့ အတိုက်အခံပါတီကြီးတခုရဲ့ ပါတီဝင်တွေက စစ်တပ်ဆီသွားရောက်သတင်းပို့တဲ့အတွက် ရွာကို စစ်တပ်က စီးနင်းတိုက်ခိုက်တာဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ လယ်သစ်ရွာသားတဦးက ဘီဘီစီကို ပြောပါတယ်။

အတိုက်အခံပါတီကြီးရဲ့ အဖွဲ့ဝင် ၄ ဦးက စစ်တပ်ကို သွားရောက်ခေါ်တာ သေသေချာချာသိပေမဲ့ CDM ရဲ ၁၅ ဦးကိစ္စနဲ့ သက်ဆိုင်ခြင်းရှိမရှိကိုတော့ သေသေချာချာ မသိဘူးလို့ ရွာသားတဦးက ဘီဘီစီကို ပြောပါတယ်။

ရွာကနေ စစ်တပ်ပြန်လည်ထွက်ခွာချိန်မှာ ရွာသား ၁၄ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။ ၉ ဦးကို ပြန်လွှတ်ပြီး ၅ ဦးကို ပြန်မလွှတ်ဘဲ ချန်ထားပါတယ်။ ဆက်လက်ဖမ်းဆီးထားသူ ၅ ဦးကတော့ ကိုနိုင်မိုယု၊ ဦးစိန်အောင်မင်း၊ ကိုထွန်းဝင်း၊ ကိုလင်းစိုးနဲ့ တခြား အမည်မသိသေးတဲ့ ရွာသား တဦးတို့ ဖြစ်ကြပါတယ်။

ကိုနိုင်မိုယုဟာ အရင်က NLD ပါတီက ခန့်အပ်ထားတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစန်းယုရဲ့သား ဖြစ်ပါတယ်။

ကိုနိုင်မိုယုကို အပြင်းထန်ဆုံးရိုက်နှက်တာတွေ့ရပြီး “မင့်အဖေကိုမမိမချင်းမင်းကို မလွှတ်ဘူးကွ” လို့စစ်သားတွေက ပြောကြောင်းလည်း လယ်သစ်ရွာသားတဦးက ပြန်ပြောပြပါတယ်။

ဦးစန်းယုဟာ ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်တာကလွဲပြီး တခြားနိုင်ငံရေး အလုပ်တွေ လုပ်ဆောင်တာလည်း မရှိသလို၊ ဆန္ဒပြရာမှာတောင် မပါဝင်ဘူးလို့လည်း ရွာသားတွေက ပြောပါတယ်။

သေဆုံးမှုအများအပြားရှိခဲ့ပေမဲ့ မြင်းခြံမှာ ဆက်လက်ဆန္ဒပြနေဆဲ

မြင်းခြံမြို့ပေါ်မှာ ပစ်ခတ်

မြင်းခြံမြို့ပေါ်မှာ မနက်လင်းစ အချိန်ကတည်းက ပြောက်ကျား ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ နေ့စဥ်ပြုလုပ်နေကျ ဆန္ဒပြပွဲတွေဖြစ်ကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြင်းပြင်းထန်ထန် အနှိမ်နင်း အခံရဆုံး မြို့ ၁၀ မြို့လောက်ထဲမှာ မြင်းခြံဟာ တမြို့ အပါအဝင်ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ဖေဖော်ဝါရီလကစပြီး မြင်းခြံမှာ လူပေါင်း ၂၂ ယောက်အထိ သေဆုံးခဲ့ပါတယ်။

ပြင်းပြင်းထန်ထန် ဖြိုခွဲမှုတွေကြောင့် ဆန္ဒပြပွဲတွေဟာ ပြောက်ကျားဆန္ဒပြပွဲတွေ အသွင်ဖြစ်ပေါ်ခဲ့ပါတယ်။ သတင်းကြိုမထုတ်ဘဲ မမျှော်လင့်တဲ့နေရာတွေမှာ ဆန္ဒပြပွဲတွေ ပေါ်ထွက်လာလေ့ရှိပါတယ်။

လယ်သစ်မှာ ပစ်ခတ်ရိုက်နှက်မှုတွေ ဖြစ်နေချိန်မှာတော့ မြင်းခြံမြို့ပေါ် စံပြစျေးလေး အနီးနဲ့ လမ်းသစ်တို့မှာ အသံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြတဲ့နေရာမှာ မဟုတ်ဘဲ သီးခြားဖြစ်ပွားခဲ့တာပါ။ မြို့ပေါ်ဒေသခံတချို့ကတော့ လယ်သစ်မှာ စစ်တပ်က ဖိနှိပ်နေတာသက်သာအောင် မြို့ပေါ်ကနေ အသံပေးခြောက်လှန့်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အသံဗုံးပေါက်ကွဲမှု ဖြစ်တဲ့နေရာတွေက မြို့တောင်ပိုင်းဖြစ်ပါတယ်။ မြို့တောင်ပိုင်း အသံဗုံးတွေ ပေါက်ကွဲရာနေရာကနေ မြို့လယ်ပိုင်း အမှတ် ၄ အထက်တန်းကျောင်းနေရာဝန်းကျင်အထိ စစ်တပ်က လမ်းဘေးနဲ့ လမ်းပေါ်တွေမှာ သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့ပါတယ်။ အရင်ကလည်း လမ်းပေါ်မှာမောင်းနှင်တဲ့ ဟိုက်ဂျက်ကားတစီးကို စစ်တပ်ကပစ်ခတ်တဲ့အတွက် သေဆုံးမှု ဖြစ်ခဲ့ဖူးတာကြောင့် လူအများအပြားဟာ လမ်းပေါ်မထွက်ရဲကြပါဘူး။

ပစ်ခတ်မှုဖြစ်စဥ်အတွင်းမှာ အမှတ် ၉ ကံဦးရပ်ကွက်က မိန်းကလေးတဦး လက်မောင်းကို ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောဆိုကြပေမဲ့ မိန်းကလေးရဲ့အမည်ကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာတော့ အဲဒီအထက်တန်းကျောင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်လုပ်သေနတ်တွေအပါအဝင် လေးခွစတာတွေနဲ့ ရန်ပြုလာတာ ရှိလို့ ခြောက်လှန့် ပစ်ခတ် လူစုခွဲခဲ့တယ်လို့ ဆိုပါတယ်။

ဦးအောင်သူရဲနာရေး

မြင်းခြံမြို့ပေါ်က ထင်ရှားတဲ့ ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်သူ အသက် ၈၅ နှစ်အရွယ် ဦးအောင်သူဟာ ဧပြီလ ၁၃ ရက်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဦးအောင်သူဟာ ၁၉၈၈ ခုနှစ် မြင်းခြံသပိတ်ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်းတဦးလည်း ဖြစ်ပါတယ်။ မြို့ပေါ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့ အတွက် ဦးအောင်သူရဲ့ နာရေးအိမ်ကိုတောင် လာရောက်သူနည်းပါးခဲ့တယ်လို့ မြို့ခံတဦးကဆိုပါတယ်။

ဦးအောင်သူရဲ့နေအိမ်ဟာ စစ်တပ်က ပစ်ခတ်မှုတွေပြုလုပ်နေတဲ့ အမှတ် ၄ အစိုးရအထက်တန်းကျောင်း၊ ဦးချန်ထွန်းကုန်းအဆင်းတို့နဲ့ သိပ်မဝေးတဲ့နေရာမှာရှိပါတယ်။

ညနေပိုင်းမှာတော့ မြို့ပေါ်မှာ ဆန္ဒပြမှုတွေရော၊ ပစ်ခတ်မှုတွေပါမရှိဘဲ အေးဆေး ငြိမ်သက်နေပါတယ်။ ညနေ ၄ နာရီဝန်းကျင်လောက်မှာ မြို့အနောက်ပိုင်း အမှတ် ၆ ကွေ့ကြီးရပ်ကွက်ဘက်က ထူးဆန်းကျယ်လောင်တဲ့ ပေါက်ကွဲသံတခုကို ကြားရပါတယ်။ ဘယ်သူဖောက်ခွဲတယ်ဆိုတာ မသိကြရပါဘူး။ ဒါပေမဲ့ စစ်တပ်က ရောက်မလာဘဲ ညပိုင်းမှာတော့ ငြိမ်သက်နေပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56740047

ဗိုလ်မှူးချစ်ကောင်းရဲ့ဇာတိလယ်သစ်ရွာကို စစ်တပ်ကစီးနင်း  ဗိုလ်မှူးချစ်ကောင်းရဲ့ဇာတိလယ်သစ်ရွာကို စစ်တပ်ကစီးနင်း Reviewed by THITHTOOLWIN on 20:57 Rating: 5

No comments:

Powered by Blogger.