ဗြိတိန်တလွှားက လွှတ်တော်အမတ် ၁၀၀ က မြန်မာစစ်ကောင်စီကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အဆိုတင်

စစ်ကောင်စီက အာဏာသိမ်းမှုကို နိုင်ငံတကာရောက်မြန်မာတွေကလည်း ဆန့်ကျင်ကြ

မြန်မာပြည်ကို နိုင်ငံတကာကနေ လက်နက်တင်သွင်းမှုကို ပိတ်ပင်ဖို့၊ နိုင်ငံတကာတရားရုံး (ICJ)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) စတဲ့ တရားရုံးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် တခြားနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စတာတွေအပါအဝင် မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိုပြီး ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်တာတွေလုပ်ဖို့ ယူကေ နိုင်ငံ တဝန်းက နိုင်ငံရေးပါတီ ၉ ပါတီက လွှတ်တော်အမတ် အယောက် ၁၀၀ က ဗြိတိန်အစိုးရကို စုပေါင်းတောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကိုဗြိတိန်အနေနဲ့ ရှုတ်ချဖို့နဲ့ ရွေးချယ် တင်မြှောက်ခံ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပိုပြီး သွေးစည်း ညီညွှတ်ဖို့ ကိုလည်း သူတို့က ပန်ကြားထားတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UKအဖွဲ့က ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

Early Day Motion 1545 လို့ အမည်ရတဲ့ အဆိုပြုချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ သာမန်ပြည်သူတွေ မထိခိုက်စေတဲ့ ပစ်မှတ်ထား စီးပွားရေးဆန်ရှင် အရေးယူဆောင်ရွက်မှုတွေ လုပ်ကြဖို့လည်း လွှတ်တော်အမတ်တွေက ထည့်သွင်းထားပါတယ်။

ဗြိတိန်အစိုးရဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဆန့်ကျင်မှုတွေကို ပစ်ခတ်ဖြိုခွဲနေတာတွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်တချို့ကို ပစ်မှတ်ထား အရေးယူထားသလို၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC) နဲ့ မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက် (MEHL)တို့ကိုလည်း ပိတ်ဆို့အရေးယူထားပါတယ်။

ဒီလို အရေးယူဆောင်ရွက်မှုတွေကို ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ထောက်ခံကြိုဆိုကြပေမယ့် ဒီလိုအရေးယူမှုတွေလောက်နဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို ပြောင်းလဲစေမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပစ်ခတ်သတ်ဖြတ်မှုတွေ အတွင်း လူပေါင်း ၇၃၀ ကျော်သေဆုံးခဲ့ကြောင်းနဲ့ ဖမ်းဆီးခံရသူ ၃၃၀၀ ကျော်ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က စာရင်းပြုစုထုတ်ပြန်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ဗြိတိန်တလွှားက လွှတ်တော်အမတ် ၁၀၀ က မြန်မာစစ်ကောင်စီကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အဆိုတင်  ဗြိတိန်တလွှားက လွှတ်တော်အမတ် ၁၀၀ က မြန်မာစစ်ကောင်စီကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အဆိုတင် Reviewed by THITHTOOLWIN on 23:23 Rating: 5

No comments:

Powered by Blogger.