အာဆီယံ မြန်မာ့အရေး ထိပ်သီးစည်းဝေးပွဲ - "အာဆီယံ ကိုယ်တိုင်က ပြဿနာ ကိုယ်စီနဲ့ တိုင်းပြည်တွေ ချည်းပဲ

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ဘာတွေ မျှော်လင့်နိုင်လဲ

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ဧပြီ ၂၄ ရက် ဆိုရင် မြန်မာ့ အရေး အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပတော့မှာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ပထမဆုံး အကြိမ် ခေါင်းဆောင်တွေ ဆွေးနွေးမှာ ဖြစ်သလို ကိုဗစ်ကပ် ဖြစ်ပြီးကတည်းက ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမှာ လည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်မယ်လို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က ထုတ်ပြောထားပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက မြန်မာပြည်အတွင်းက စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ဖို့ အာဆီယံကို ကြားဝင် ညှိနှိုင်း ပေးဖို့ လည်း တောင်းဆိုနေကြပါတယ်။ ဒီအခြေအနေမှာ အခု လာမယ့် အာဆီယံ အစည်းအဝေးက မြန်မာ့ အရေး အပေါ် လက်တွေ့ကျကျ ဘယ်လို ဖြေရှင်း ပေးနိုင်ပါမလဲ။ ဒီအစည်းအဝေး မှာ အဓိက ဘာတွေ ဆွေးနွေးဖို့ ရှိပြီး ဘယ်လို အရေးပါပါသလဲ။ ထိုင်းနိုင်ငံက အခြေစိုက် ဝါရင့် သတင်းစာဆရာ အာရှနဲ့ အာဆီယံရေးရာ ကျွမ်းကျင်သူ ကာဝီချုံကစ်တာဝုန် ကို ဘီဘီစီက မေးမြန်းထားပါတယ်။

ဖြေ - တပ်မတော် အနေနဲ့ အာဆီယံရဲ့ တန်ဖိုးကို နားလည်တယ် ထင်ပါတယ်။ အာဆီယံဆိုတာက သူ့ အဖွဲ့ဝင် မိသားစုဝင် နိုင်ငံ တစ်နိုင်ငံ ဒုက္ခရောက်ရင် ကူညီတာမျိုးပဲ။ အခုလို ပြဿနာမျိုးပေါ့။ အာဆီယံ အဖွဲ့ဝင် နိုင်ငံ အားလုံး သဘောတူပြီး ချမှတ်တဲ့ အစီအစဉ်မျိုးဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ပယ်ချမယ် မထင်ပါဘူး။

စစ် အာဏာသိမ်း အစိုးရ အပေါ် အာဆီယံ ထိတွေ့မှုယူတာက အဓိက အင်အားကြီး နိုင်ငံတွေ ထက် ပို ကောင်းပါတယ်။ ဘာကြောင့်ဆို အင်အားကြီး နိုင်ငံတွေမှာက အာဏာ ရှိတယ်၊ စီးပွားရေး ရှိတယ်၊ အသုံးချနိုင်တဲ့ တပ်တွေ ရှိတယ်။ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတာကို ကြည့်ပါ။ အခု လူ အများက မြန်မာကို ဆီးရီးယား အခြေအနေနဲ့ ဥပမာ ပေးနေကြတယ်။ ကျွန်တော့် အမြင်ကတော့ မြန်မာဟာ ဆီးရီးယားလို ဖြစ်လာမှာ မဟုတ်ဘူး။ စစ်ခေါင်းဆောင်တွေ အနေနဲ့ လုပ်စရာ နည်းလမ်းတွေ အများကြီး ရှိတယ်။

၂၀၁၉ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ

မေး - အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ ဒီ အစည်းအဝေးကနေ စစ်ခေါင်းဆောင် အပေါ် တစ်စုံတစ်ခု လုပ်ဖို့ ကတိပြု စေနိုင်မလားဗျာ။

ဖြေ - သေချာတာပေါ့။ ဒါ အာဆီယံ ခေါင်းဆောင်တွေ အတွက် အခွင့်ကောင်းပဲ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ပြီး လုပ်ငန်းစဉ် မူဘောင် တစ်ခု အကောင်အထည် ဖော်မယ်။ ဒါမှ အကြမ်းဖက် သွေးစွန်းမှုတွေ ရပ်မယ်၊ နောင်မှာလည်း ဆက်လက် ထိတွေ့ ဆက်မှုတွေ လုပ်မယ်။ ဒီ နှစ်ခု အတွက် အရင်ဆုံး ကတိကဝတ်တွေ ထားဖို့ ဖြစ်ပါမယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာတက်မယ် ဆိုတာကလည်း ဒီ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အရေးကြီးပါတယ်။ အာဆီယံခေါင်းဆောင်တွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မိတ်ဖြစ်ဆွေဖြစ် ဖက်လှဲတကင်း လုပ်ရုံသက်သက်တော့ ဟုတ်မယ်မထင်ပါဘူး။

မျက်နှာချင်းဆိုင်တွေ့ကြမှာမို့ မျက်လုံးချင်းဆုံ တည့်တည့်ကြည့်ပြီး ပြောစရာ ရှိတာတွေကို ပြောနိုင်မယ်။ ဒါမျိုး လူချင်းဆုံ စိတ်ခံစားမှုတွေ ဖော်ပြပြီး တွေ့ဆုံတာမျိုးက အဝေးကနေ တွေ့ဆုံ စကားပြောတဲ့ အချိန်မှာ မလုပ်နိုင်ဘူး။ ဒါက သိပ် အရေးကြီးတယ်။ တစ်ခန်းတည်းမှာ အတူ ထိုင်ပြီး စကားပြောကြမယ်။ တစ်ယောက်ရဲ့ ကိုယ်လက် အမူအရာ တွေကို တစ်ယောက်က လေ့လာနိုင်မယ်။ ဒီအခြေအနေက မြန်မာ့ စစ်ခေါင်းဆောင်ရော၊ အာဆီယံ နိုင်ငံတွေရော လက်ခံနိုင်မယ့် တစ်စုံတစ်ရာ ထွက်လာနိုင်ပါမယ်။

မေး - မြန်မာ့ အကျပ်အတည်းကို တကယ် ဖြေရှင်းချင်တယ်ဆိုရင် အာဆီယံ အနေနဲ့ သူတို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က ပြောတယ်။ ဒါကို အာဆီယံက ဘယ်လို တုံ့ပြန်မလဲ။

ဖြေ - အာဆီယံ အနေနဲ့ တချိန်ချိန်မှာတော့ အမျိုးသားညီညွတ်ရေး အစိုးရကို တွေ့ကို တွေ့ရမှာပဲ။ ဒါပေမယ့် လက်ရှိမှာတော့ ဦးစားပေးရမှာက သွေးထွက်သံယို ဖြစ်မှုတွေကို မြန်နိုင်သမျှ အမြန်ဆုံး ရပ်တန့်ဖို့ပဲ။ ဒါကြောင့် အခု အာဆီယံ ထိပ်သီး အစည်းအဝေးပွဲမှာ စစ်အာဏာသိမ်းအစိုးရခေါင်းဆောင်နဲ့ အာဆီယံခေါင်းဆောင်တွေဟာ အဖြေတစ်ခု ရှာနိုင်ဖို့ လူချင်းတွေ့ကြမှာ။ သွေးစွန်းမှုတွေ ရပ်ဖို့ အတွက် လက်ဆုပ်လက်ကိုင် ပြလို့ရတဲ့ နည်းလမ်းပုံစံတခု ရှာနိုင်မယ်လို့ ကျွန်တော် ပြောချင်တယ်။

မေး - နိုင်ငံတကာ အသိုင်းအဝန်း အထူးသဖြင့် အနောက်အင်အားကြီးနိုင်ငံတွေက မြန်မာ့အရေးမှာ အဓိပ္ပာယ် ရှိပြီး ငြိမ်းချမ်းတဲ့ အဖြေရဖို့ အတွက် အာဆီယံကို တွေ့ဆုံ ဆွေးနွေးရေး ကြားဝင် ညှိနှိုင်ပေးဖို့ တောင်းဆိုကြပါတယ်။ ကုလသမဂ္ဂ အကြီးအကဲက ဆိုရင် သိပ်မကြာခင်ကတင် ဒေသတွင်းမှာ အရေးတကြီး ဖြေရှင်းဖို့လိုတဲ့ မြန်မာ့ အရေး အကျပ်တည်း အတွက် အာဆီယံ ရဲ့ အခန်းကဏ္ဍ က ဘယ်တုန်းကမှနဲ့ မတူအောင် အရေးပါလာတယ်လို့ ပြောခဲ့ပါတယ်။ အာဆီယံအနေနဲ့ ဒီလို အရေးပါတဲ့ နေရာကို အလုံးစုံ ယူမလား၊ ဒီလို ယူဖို့ရော စွမ်းဆောင်နိုင်ပါ့မလား။

ဖြေ - ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က အာဆီယံ အပေါ် ဒေသတွင်း အဖွဲ့အစည်း အနေနဲ့ ယုံကြည်မှုထားတာက လုပ်သင့်တဲ့ အလုပ်ပါ။ ဒါက ရေရှည်အလုပ် ဖြစ်မယ့်၊ ထပ်ပြီး အလေးထားပြောရရင် မြန်မာ့အရေး ဖြေရှင်းမယ့် ရေရှည်တည်တံ့ ခိုင်မြဲတဲ့ အဖြေမျိုး ရှာနိုင်မှာပါ။ ရေရှည်ခိုင်မာမယ့် ဆိုတာကို အလေးထားပြောချင်ပါတယ် အဲဒီလို အဖြေမျိုးရဖို့ နိုင်ငံတကာ အသိုင်းအဝန်းက အာဆီယံအပေါ် မျှော်လင့်ချက် ထားတာပါ။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ဘာတွေ မျှော်လင့်နိုင်လဲ

အာဆီယံက ဒါကို ဖြည့်ဆည်းပေးနိုင်မလား။ ဒီ အရေးကို ကိုင်တွယ်နိုင်မလား။ ကျွန်တော်ကတော့ လုပ်နိုင်မယ်လို့ ပြောပါမယ်။ ဒါပေမယ့် အချိန်တော့ ယူရပါမယ်။ နိုင်ငံတကာကတော့ သိပ် စိတ်ရှည်မှာ မဟုတ်ဘူး။ မြန်မြန်ဆန်ဆန် အရေးယူတာမျိုး လိုချင်မယ်။ ခပ်မြန်မြန်ပဲ ဝေဖန်တာ မှတ်ချက်ပြုတာမျိုး လိုချင်တယ်။ ဒါမျိုးတော့ အာဆီယံက လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ အာဆီယံက ရေရှည် အလုပ်ဖြစ်မယ့် အဖြေကို အချိန်ယူ စဉ်းစားပြီး ရှာတာမျိုးပဲ လုပ်မယ်။ ဆွေးနွေးတိုင်ပင်မှုတွေလည်း လိုတယ်။ ဒါကြောင့် လက်ဆုပ်လက်ကိုင် ပြနိုင်မယ့် ဆောင်ရွက်မှုမျိုး ထွက်လာဖို့ အချိန်ယူရတာပါ။ အာဆီယံက သူတို့ လုပ်မယ်လို့ ကတိကဝတ်ပြုထားပြီးရင် နောက်ပြန်မဆုတ်ပါဘူး။ သမိုင်းကိုကြည့်ရင်လည်း အဲဒီလို လုပ်ခဲ့တာမရှိဘူး၊ အင်အားကြီးနိုင်ငံကြီးတွေကတော့ သူတို့ မူတွေကို တစ်ချိန်လုံး ပြောင်းလဲနေကြတာတာပါပဲ။

မေး - နေပြည်တော်က စစ်ဗိုလ်ချုပ်ကြီးတွေက အင်ဒိုနီးရှား ပုံစံ ကို ကြည့်တယ်၊ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုကို အင်ဒိုနီးရှားဆီက ယူတယ်လို့တောင် လူတွေက ပြောကြတယ်။ ဆိုတော့ အင်ဒိုနီးရှား ရဲ့ အခန်းကဏ္ဍက တခြား နိုင်ငံတွေထက် ပို အရေးပါမလား ခင်ဗျာ။

ဖြေ - လွန်ခဲ့တဲ့ ၁၀ နှစ်ကာလ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အင်ဒိုနီးရှားက အရေးပါခဲ့ပါတယ်။ အင်ဒိုနီးရှား တပ်မတော် TNI ရဲ့ အတွေ့အကြုံတွေကို မြန်မာက လေ့လာခဲ့တယ်။ အရပ်သား အုပ်ချုပ်မှု ကို ဘယ်လို ပြောင်းခဲ့သလဲ ဆိုတာပေါ့။ ဒါပေမယ့် မြန်မာ့တပ်မတော်မှာက သီးခြား ဖြစ်တဲ့ သမိုင်း ရှိပါတယ်။ အင်ဒိုနီးရှားဆီက အလုံးစုံ ကူးတာမျိုးတော့ မဟုတ်ဘူး၊ အခုကိစ္စမှာ ထိုင်းနိုင်ငံဆီက ပုံတူ ကူးတယ်လို့လည်း ပြောကြပါတယ်။ မဟုတ်ပါဘူး၊ မြန်မာ့ တပ်မတော်က ထူးခြားပါတယ်။ သူ့ဘာသာ သီးခြား စဉ်းစားချက် ရှိပါတယ်။ တပ်မတော်ရဲ့ အနာဂတ် အတွက် အင်ဒိုနီးရှား၊ ထိုင်းနဲ့ တခြား နိုင်ငံတွေက အရေးပါတဲ့ အချက်တွေကို လေ့လာ သင်ယူ အသုံးချမယ် ဆိုတာတော့ သေချာပါတယ်။

တပ်မတော်အနေနဲ့ ယုံကြည်ကိုယ်စားမှုရအောင်တော့ လုပ်ရဦးမယ်။ ဘာကြောင့်လဲ ဆိုတော့ အခု တပ်မတော်ဟာ အရင်က သမိုင်း မှာရှိခဲ့တဲ့ သူတို့ရဲ့အခန်းကဏ္ဍ နဲ့ ယုံကြည်ကိုယ်စားခံရမှု ရှိခဲ့တာလေးတွေတောင် အားလုံးကို ဆုံးရှုံးခဲ့ပြီ။ သူတို့ အဆုံးကနေ ပြန်စရမှာ။ ဟိုး အစကနေ ပြန်စ ရမယ်လို့လည်း ပြောနိုင်တယ်။ ဒါက တကယ့်ကို ကြီးမားတဲ့ အလုပ်ပါ။ ဒါကိုလည်း တပ်မတော်က သိပါတယ်။ ပြည်သူ့ရဲ့ ယုံကြည်ကိုယ်စားမှု မရဘူး ဆိုရင် မြန်မာ့ သမိုင်းမှာ သူ့ အတွက် နေရာ မရှိဘူး ဆိုတာ တပ်မတော် သိပါတယ်။

မေး- အာဆီယံ အနေနဲ့ ဆန္ဒပြသူတွေကို အကြမ်းမဖက်ဖို့ ပြောမှာကို လူတွေက မျှော်လင့်ထားတာ သေချာပါတယ်။ ဒါ့အပြင် တခြား ဘာမျှော်လင့်နိုင်မလဲဗျာ။

ဖြေ- မြန်မာနိုင်ငံထဲက သက်ဆိုင်သူတွေ အားလုံး တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေး စနိုင်ဖို့ အာဆီယံက မြင်ချင်ပါတယ်။ ဒီ့အတွက် အာဆီယံက သူ လုပ်နိုင်တာ မှန်သမျှ သူ လုပ်မှာပါ။ အကူအညီပေးမယ်။ ဒီ့ အတွက် ပံ့ပိုးပေးမယ်။ အင်အားသုံးပြီး ဖြေရှင်းမှာတော့ မဟုတ်ဘူး။ မြန်မာကို မိသားစုဝင် တစ်ဦး အနေနဲ့ ကူညီမှာပါ။ ဒါက အဓိက အချက်ပါပဲ။ ကျွန်တော် သိပါတယ်။ အများပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို။ နေပြည်တော်က စစ်အစိုးရကို အာဆီယံ အနေနဲ့ အပြစ်ပေးဖို့ လိုလားတယ် ဆိုတာ သိတယ်။ ဒါဘယ်လို လုပ်နိုင်မလဲဗျာ။ အာဆီယံ ကိုယ်တိုင်က ပြဿနာ ကိုယ်စီနဲ့ တိုင်းပြည်တွေ ချည်းပဲ။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ဘာတွေ မျှော်လင့်နိုင်လဲ

အာဆီယံရေးရာ ကျွမ်းကျင်သူ ကာဝီချုံကစ်တာဝုန်

မေး - ဒါဆို အာဆီယံက ဘယ်လို အလုပ်တွေ လုပ်မလဲ ခင်ဗျာ။ အထူးကိုယ်စားလှယ် ခန့်တာမျိုး၊ မြန်မာပြည်ထဲကို ဝင်ခွင့်တောင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တာမျိုးပေါ့။

ဖြေ- ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အနေနဲ့တော့ မဟုတ်နိုင်ဘူး။ ဖြစ်နိုင်ခြေက အာဆီယံက ခန့်တဲ့ အထူးကိုယ်စားလှယ်မျိုးပေါ့။ ဒါက ပထမ အဆင့် ဖြစ်မယ်။ ပြီးမှ လက်ရှိ အနေအထားမှာ တခြား အာဆီယံ မဟုတ်တဲ့ နိုင်ငံတွေက ဝင်လာဖို့ ဆက်ပြီး နှစ်ဖက် ယုံကြည်မှု တည်ဆောက်ရဦးမှာပါ။ မြန်မာနိုင်ငံမဟုတ်တဲ့ မြန်မာပြည် ပြင်ပ က ဖြစ်ဖို့ကတော့ အာဆီယံက ပထမ မှာ ဖြစ်လာပါမယ်။

လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာမျိုး ဖြစ်ဖြစ်၊ အထူးကိုယ်စားလှယ် ခန့်တာမျိုးပဲ ဖြစ်ဖြစ်၊ အထူး စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့တာမျိုး ပဲ ဖြစ်ဖြစ် က အာဆီယံက အစပြု ပါဝင်ပြီးမှ နောက်ပိုင်းကျမှ တခြား ကူညီချင်တဲ့ နိုင်ငံတွေကို တွေ့ဆုံ ဆွေးနွေးရေး မိတ်ဖက် နိုင်ငံတွေကို ဖိတ်ခေါ်လာနိုင်မှာပါ။

ဥပမာ - ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ တရုတ်၊ အမေရိကန် နိုင်ငံတွေပါ။ ဒီနိုင်ငံတွေက အဓိက ဆွေးနွေးရေး မိတ်ဖက် နိုင်ငံတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနိုင်ငံတွေကလည်း အနာဂတ် အတွက် ပြင်ဆင်နိုင်ဖို့ အလုပ် ဖြစ်မယ့် ပုံစံနည်းလမ်းမျိုး၊ သတ်သတ်မှတ်မှတ် အချိန် ဇယား တခုခုနဲ့ လုပ်ငန်းစဉ် မူဘောင် တစ်ခုခု အာဆီယံ အနေနဲ့ စီစဉ် ပေးနိုင်ဖို့ စောင့်နေကြတဲ့ သဘောပါပဲ။ ဒီလို ဖြစ်ဖို့က အရေးကြီးပါတယ်။

တဆင့်ပြီး တဆင့်သွားရမယ်။ ကံမကောင်းစွာနဲ့ပဲ ဒါမျိုးက အလျင်စလို လုပ်လို့ မရဘူး။ အခု မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေကြောင့် လူတွေ ခံစားနေရာပြီး၊ တပ်မတော် အပေါ် မလိုလားတာတွေ ရှိတယ်။ ဒီလို လူတွေ ဆက်တိုက် သတ်ဖြတ်နေတာကိုတော့ ရပ်တန်းက ရပ်ရပါမယ်၊ ဒါကတော့ အသေအချာပါပဲ။ အခုလောလောဆယ်တော့ အာဆီယံ ခေါင်းဆောင်တွေ နဲ့ သက်ဆိုင်သူတွေ အားလုံးကို ကို အချိန် ခဏ ပေးဖို့ လိုနေပါတယ်။ ဒါမှ အခြေအနေကို ထိန်းချုပ်နိုင်မယ့် မြင်သာတဲ့ အရေးယူဆောင်ရွက်မှုမျိုး ရလာပါမယ်။

မေး - ဒါဆို အနောက် အင်အားကြီး နိုင်ငံတွေက မြန်မာ့ အကျပ်အတည်း ဖြေရှင်းဖို့ ဘာလုပ်နိုင်မလဲ ခင်ဗျာ။

ဖြေ - ဒါက အတော်လေးပြောသင့်တဲ့ကိစ္စပါ။ သူတို့လည်း အာဆီယံကို တတ်နိုင်သမျှ ထောက်ခံအားပေးသင့်ပါတယ်။ အခုအချိန်အထိတော့ အဆင်ပြေပါတယ်။ အမေရိကန်ရော၊ တရုတ်ရောဦ ဂျပန်ပါ ပါပါတယ်။ ဂျပန်က အတော်လေး အရေးပါပါတယ်။ သူတို့အားလုံးက အာဆီယံကို ထောက်ခံကြပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက အကောင်းဆုံးလုပ်နိုင်တာကတော့ အာဆီယံကို ယုံကြည်ဖို့ပါ။ ဒီလိုဆိုရင် တဖြေးဖြေးအဆင်ပြေလာပါလိမ့်မယ်၊ ဒါကတော့ ကျွန်တော့် ယုံကြည်ချက်ပါ။


BBC Burmese

https://www.bbc.com/burmese/burma-56866752

အာဆီယံ မြန်မာ့အရေး ထိပ်သီးစည်းဝေးပွဲ - "အာဆီယံ ကိုယ်တိုင်က ပြဿနာ ကိုယ်စီနဲ့ တိုင်းပြည်တွေ ချည်းပဲ အာဆီယံ မြန်မာ့အရေး ထိပ်သီးစည်းဝေးပွဲ - "အာဆီယံ ကိုယ်တိုင်က ပြဿနာ ကိုယ်စီနဲ့ တိုင်းပြည်တွေ ချည်းပဲ Reviewed by THITHTOOLWIN on 06:25 Rating: 5

No comments:

Powered by Blogger.