စစ်ကောင်စီ အကြမ်းမဖက်ဖို့ အာဆီယံ ဆုံးဖြတ်သလို ဖြစ်မလာသေး



အကြမ်းဖက် သတ်ဖြတ်နှိပ်ကွပ်တာတွေရပ်ဖို့ အာဆီယံ ခေါင်းဆောင်တွေက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြီးခဲ့တဲ့ စနေနေ့ကမှ တွေ့ဆုံပြောဆိုလိုက်ပေမယ့်၊ စစ်တပ်နဲ့ ရဲကတော့ ဆန္ဒပြသူတွေကို ဆက်ပြီး အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးနေဆဲဖြစ်ပါတယ်။ 
 
တစ်ပြိုင်နက်တည်းမှာပဲ လက်သည်မပေါ်တဲ့ ဗုံးကွဲမှုတွေ ပိုပြီးများလာနေပါတယ်။
 
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးစည်လှိုင်ရဲ့ နေအိမ် ခြံဝန်းထဲကို ဧပြီလ ၂၆ ရက် ဒီနေ့ မနက်အစော ၅ နာရီကျော်လောက် လက်ပစ်ဗုံးနဲ့ အပစ်ခံခဲ့ရပါတယ်။
 
အုပ်ချုပ်ရေးမှူးအိမ်က တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းအရ မော်တော်ဆိုင်ကယ်နဲ့ လူနှစ်ယောက်က ခြံအပြင်က ပစ်သွားတာလို့ မြို့ခံတွေက ပြောကြပါတယ်။
 
လူထိခိုက်မှုမရှိပေမယ့် ခြံဝန်းထဲမှာရပ်ထားတဲ့ ကားဘီးတွေနဲ့ ကားကိုယ်ထည်မှာ ဗုံးစတွေထိမှန် ပျက်စီး ခဲ့တယ်လို့ ကရင်သတင်းဌာန KIC က ရေးသားထားပါတယ်။
 
ဗုံးကွဲပြီးတဲ့နောက်ပိုင်း အဲဒီအုပ်ချုပ်ရေးမှူးရဲ့အိမ်ကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်သားနဲ့ရဲတွေ အပြင် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေပါ ရောက်လာပြီး စစ်ခဲ့သလို ရပ်ကွက်ထဲက လူနေအိမ်တွေ ကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးတာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။
 
အလားတူ မန္တလေးမြို့မှာလည်း ဒီနေ့မှာပဲ၊ ၃၅ လမ်းနဲ့ လမ်း ၇၀ ထောင့်က ရတနာပုံဘဏ်နားမှာလည်း ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။
 
ချင်းပြည်နယ် မင်းတပ်မြို့မှာ ဧပြီလ ၂၅ ရက် မနေ့က စစ်တပ်နဲ့ ပြည်သူတွေ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ဒဏ်ရာအချို့ ရသွားကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံက RFA ကိုပြောပါတယ်။
 
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြည်သူ ခြောက်ယောက်ကို အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင် သွားတာကြောင့် ပြည်သူတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် မလွှတ်ပေးခဲ့တာကြောင့် အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံက ဆိုပါတယ်။
 
စစ်ကိုင်းမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဧပြီလ ၂၅ရက်နေ့ မနေ့ညနေက ဆိုင်ကယ်တွေနဲ့လှည့်လည် ဆန္ဒပြနေချိန်မှာ နန်းဦးမြို့သစ်ရပ်ကွက်‌အရောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကားနဲ့ လိုက်တိုက်ပြီး လေးယောက်ကို ဖမ်းသွားတယ်လို့  စစ်ကိုင်းမြို့ ဒေသခံက ပြောပါတယ်။
 
အဖမ်းခံရသူတွေက အပြင်ပုဂ္ဂလိကကျောင်းက ဆရာမနှစ်ယောက်နဲ့ ကျောင်းသား နှစ်ယောက်ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေက ကိုနိုင်မင်းထက်၊ ကိုကောင်းဆက်ဝေ၊ ဒေါ်သန္တာထွန်း၊ ဒေါ်တင်တင်ထွန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
 
အလားတူ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရေကျော် ယုဇနလမ်းမှာ ဧပြီလ ၂၅ရက်နေ့ မနေ့ညပိုင်းက ဧည့်စာရင်း စစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က ဝင်ရောက် ရှာဖွေပြီး လူငယ်သုံးယောက်ကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေကို ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
 
ဒီနေ့မှာလည်း မန္တလေးမြို့မှာ သပိတ်စစ်ကြောင်းတွေနဲ့ ဆက်လက်ဆန္ဒပြနေသလို ရန်ကုန်မြို့က လမ်းတွေ ပေါ်မှာလည်း လူတွေရာနဲ့ချီ ချီတက်ဆန္ဒပြမှုတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်၊ ဒါ့အပြင် ပဲခူးမြို့၊ ပခုက္ကူခရိုင် ကမ္မမြို့၊ ဟိုပုံးမြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ၊ အင်းလေး မိုင်းသောက်တံတား စတဲ့ နေရာတွေ အပါအဝင် မြို့နယ်အများအပြားမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်စစ်ကြောင်း တွေရှိနေကြပါတယ်။
 
RFA က ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ၇၀၀ ကျော် နေပြီ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်း အရ ဒီနေ့ထိ အဖမ်းခံထားရတဲ့သူ သုံးထောင့်လေးရာကျော်နေပြီး ဖမ်းဝရမ်းအထုတ်ခံထားရသူ တစ်ထောင့်တစ်ရာ ကျော်နေပြီလို့ သိရပါတယ်။

RFA Burmese



စစ်ကောင်စီ အကြမ်းမဖက်ဖို့ အာဆီယံ ဆုံးဖြတ်သလို ဖြစ်မလာသေး စစ်ကောင်စီ အကြမ်းမဖက်ဖို့ အာဆီယံ ဆုံးဖြတ်သလို ဖြစ်မလာသေး Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.