မြန်မာနဲ့စီးပွားတွဲလုပ်နေသည့် ကနေဒါကုမ္ပဏီတွေကို အကြံပြုချက် ကနေဒါအစိုးရထုတ်ပြန်

မြန်မာနဲ့စီးပွားတွဲလုပ်နေသည့် ကနေဒါကုမ္ပဏီတွေကို အကြံပြုချက် ကနေဒါအစိုးရထုတ်ပြန် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် Justin Trudeau။ Photo: Reuters

မြန်မာနိုင်ငံနဲ့ ဆက်စပ်ပြီး စီးပွားလုပ်ကိုင်နေတဲ့ ကနေဒါကုမ္ပဏီတွေအပေါ် အကြံပြုချက်တစောင်ကို ဒီကနေ့ပဲ ကနေဒါအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

စီးပွားရေးဈေးကွက်တခုခု ဒါမှမဟုတ် မြန်မာနိုင်ငံတွင်းမှာ လုပ်ကိုင်နေဆဲ ကနေဒါကုမ္ပဏီတွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားမယ်၊ ဥပဒေနဲ့အညီ လုပ်ကိုင်မယ်၊ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ လုပ်ကိုင်ဆောင်ရွက်ပြီး နိုင်ငံတကာက အသိအမှတ်ပြု လေးစားတဲ့ လမ်းညွှန်ချက်တွေအတိုင်း အကောင်းဆုံး လိုက်နာ ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းလည်း ကနေဒါအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ ကနေဒါအစိုးရက မြန်မာစစ်တပ် တာဝန်ရှိသူ ၉ ယောက်ကို ကနေဒါအစိုးရက ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်ထားတာပါ။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးစီးပွားရေး အရေးယူဆောင်ရွက်မှုဥပဒေအရ အရေးယူတဲ့ထဲမှာ အာဏာသိမ်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့အတူ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ တင်အောင်ဆန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ စိန်ဝင်း၊ စိုးထွဋ်၊ ရဲအောင်၊ အောင်လင်းဒွေးနဲ့ ရဲဝင်းဦးတို့ ပါဝင်ပါတယ်။

ကနေဒါနိုင်ငံဟာ ဒီမိုကရေစီရရှိရေး တောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သလို၊ ဒီမိုကရေစီနည်းကျ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ပြန်လည်တင်မြှောက်နိုင်ရေး အတွက်ကိုလည်း မဟာမိတ်နိုင်ငံတွေနဲ့အတူ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ပြောဆိုထားတာပါ။

အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း - မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်မှုကို ပြည်သူတွေက ရှင်းရှင်းလင်းလင်း ငြင်းပယ်ထားပြီး၊ သူတို့အသံတွေကို ကမ္ဘာက ကြားသိအောင်လို့ ကြိုးပမ်းနေမှုတွေကို ချီးကျူးကြောင်း ဒီကနေ့ RFA ကို ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့အကျိုးအတွက် မနားမနေ ဆောင်ရွက်နေတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ကြိုးပမ်းမှုကိုလည်း ချီးကျူးကြောင်းကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရသူက ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ ဆက်လက် ထိတွေ့ ဆက်ဆံသွားမှာဖြစ်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာမိတ်ဆွေတွေနဲ့လည်း အတူလက်တွဲပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားအောင် ကြိုးပမ်းသွားမယ်လို့လည်း RFA ကို ပြောဆိုခဲ့ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ၂ လခွဲအတွင်းမှာ သေဆုံးသူ အနည်းဆုံး ၇ဝဝ ကျော်ရှိသွားပါပြီ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/canada-mynamr-military-coup-04132021182021.html

မြန်မာနဲ့စီးပွားတွဲလုပ်နေသည့် ကနေဒါကုမ္ပဏီတွေကို အကြံပြုချက် ကနေဒါအစိုးရထုတ်ပြန်  မြန်မာနဲ့စီးပွားတွဲလုပ်နေသည့် ကနေဒါကုမ္ပဏီတွေကို အကြံပြုချက် ကနေဒါအစိုးရထုတ်ပြန် Reviewed by THITHTOOLWIN on 05:43 Rating: 5

No comments:

Powered by Blogger.