တာချီလိတ်မြို့ ကုန်ပစ္စည်းများ အလုယက်ဝယ်ယူ၊ ကုန်ဈေးနှုန်းမြင့်တက်


ဧပြီ ၃၀ရက် ၂၀၂၁

မြန်မာ-ထိုင်း နယ်စပ် သျှမ်းရှေ့ တာချီလိတ်မြို့တွင်  ကုန်ပစ္စည်းကို အလုယက် ဝယ်ယူနေသဖြင့် ကုန်ဈေးနှုန်း မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။ 

အကြမ်းဖက် စစ်ကောင်စီမှ မေလ ၁ ရက်နေ့မှ စတင်ပြီး ထိုင်းကုန်ပစ္စည်း ၅ မျိုးကို တင်းသွင်းခွင့် ပိတ်ထားလိုက်မည်ဟု ကြေညာပြီးနောက် ကုန်ပစ္စည်းများ ပြတ်လပ်မည်ကို စိုးရိမ်သဖြင့် အလုအယက်ဝယ်ယူကြသဖြင့် ကုန်ပစ္စည်းဈေးနှုန်းများ တက်လာနေကြောင်းသိရသည်။ 

“ထိုင်းစားသောက်ကုန် တွေ ဈေးတက်လာတယ်။ ထိုင်းကုန်ပစ္စည်းအားလုံးနီးပါး တက်နေတယ်။ အချိုရည်လည်း ဘတ် ၁၀ (၄ ထိတက်တယ်။ ၁ ရက်နေ့ နောက်ပိုင်းပိုဆိုးလာမလား မပြောတက်သေးဘူး” ဟု တာချီလိတ် ကုန်စုံရောင်းနေသူ တဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

လက်ရှိ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ကုန်သည်ကြီးများ၏  ပစ္စည်းထား ဂိုဒေါင်တွင် အကြမ်းဖက်စစ်ကောင်စီ မှ ဝင်ရောက်စစ်ဆေးမှုပြုလုပ်ကာ အခွန်ငွေ(ဆက်ကြေး) အဆမတန် တောင်းနေသဖြင့် ကုန်သည်များက စိုးရိမ်စိတ်ဖြင့် ကုန်ပစ္စည်းများကို ဝယ်ယူသိုလှောင်ခြင်း မပြုလုပ်တော့ကြောင်း တာချီလိတ် ကုန်သည်များက ပြောသည်။

“ ကျမတို့ ထိုင်းပစ္စည်းတွေ ဝယ်ပြီး သိုလှောင်တာ မလုပ်ရဲဘူး။ သူတို့က ဝင်စစ်တယ်။ နောက်လိုချင်တာ ယူတယ်။ အခွန်တွေလည်း အဆမတန် တောင်းနေတယ်” ဟု တာချီလိတ် ကုန်သည်ကြီး အမျိုးသမီး တဦး က ဆိုသည်။

ထို့အပြင် ပြည်သူများနေ့စဉ် စားသောက်နေသည့် အခြေခံ စားသောက်ကုန်ပစ္စည်း (၅)မျိုးကို အကြမ်းဖက်စစ်ကောင်စီမှ နယ်စပ်တင်သွင်းခွင့်ကို ပိတ်သည် အကြောင်းအမျိုးမျိုးရှိနိုင်ကြောင်း၊ ထိုကုန်ပစ္စည်းများ တင်ရောင်းမည်ဆိုပါက အကြမ်းဖက်ကောင်စီမှ အဆမတန် အခွန်တောင်လာနိုင်ကြောင်လည်း ကုန်သည်များက သုံးသပ်ပြောသည်။

ထိုင်းနိုင်ငံမှ စားသောက်ကုန်ပစ္စည်း (၅)မျိုး တင်သွင်းခွင့် ပိတ်လိုက်ခြင်းသည် နယ်စပ် ကုန်သည်များနှင့် စားသုံးသူများအတွက် အကြပ်အတည်း တခု ဖြစ်လာနိုင်သည်။

မြန်မာ-ထိုင်းနယ်စပ် တလျောက် တင်သွင်းနေသည့် ကုန်ပစ္စည်း (၅)မျိုးဖြစ်သည့် အချိုရည်၊ ကော်ဖီ၊ တီးမစ် နှင့် နို့ဆီ၊နို့စိမ်း များကို မေ (၁)ရက်မှစတင်ကာ  ယာယီပိတ်ဆိုင်းမည် ဟု အကြမ်းဖက်စစ်ကောင်စီ က ကြေညာခဲ့သည်။

ထိုသို့ ကုန်ပစ္စည်း ၅ မျိုးကို နယ်စပ်ဖက်မှတင်သွင်းခွင့်မပြုလိုက်သည့်အကြောင်းရင်းသည် ပြည်သူများကို စစ်တပ်ပိုင်း ကုန်ပစ္စည်းများနှင့် တရုတ်ထုတ်ကုန်များကို ပြန်လည်သုံးစွဲလာရန်အတွက် ရည်ရွယ်သည်ဟု နယ်စပ် ကုန်သည် တစ်ချို့က သုံးသပ်ပြောဆိုသည်။  


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

တာချီလိတ်မြို့ ကုန်ပစ္စည်းများ အလုယက်ဝယ်ယူ၊ ကုန်ဈေးနှုန်းမြင့်တက် တာချီလိတ်မြို့ ကုန်ပစ္စည်းများ အလုယက်ဝယ်ယူ၊ ကုန်ဈေးနှုန်းမြင့်တက် Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.