အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်မှု တောင်ကိုရီးယား မြို့တော်ဝန် နဲ့ အုပ်ချုပ်ရေးမှူးတချို့ ကန့်ကွက်ဆန္ဒပြ

မှတ်တမ်းဓါတ်ပုံ- မတ်လ ၂၈ ရက်နေ့တုန်းက တောင်ကိုရီးယားနိုင်ငံ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု။ (ဓါတ်ပုံ မခိုင်ခိုင်မိုးထက်)

၂၀၂၁ ခုနှစ် ဧပြီလ (၅) ရက်၊ မနေ့ တနင်္လာနေ့မှာ ကိုရီးယားနိုင်ငံကမြို့တော်ဝန်တွေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှူး ၂၀ ကျော်ဟာ ဆိုးလ်မြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့တည့်တည့်မှာ လာရောက် ဆန္ဒပြခဲ့ ကြတဲ့အကြောင်း မခွါညိုက ပြောပြပေးပါမယ်။

ကိုရီးယားနိုင်ငံရဲ့ လူအခွင့်ရေး မြို့တော်တွေအဖြစ် အသိအမှတ်ပြုထားတဲ့ဆိုလ်းမြို့ ၊ အင်ချွန်းမြို့၊ ဂွမ်ဂျူးမြို့တွေနဲ့ ပြည်နယ်တွေဆိုရင် ဂရောင်ဂီပြည်နယ်၊ ဂျောလာဘုပြည်နယ်တွေက မြို့တော်ဝန် တွေနဲ့ ဒေသန္တရအုပ်ချုပ်ရေးမှူး စုစုပေါင်း (၂၂) ယောက်တို့စုပြီး မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အခု ကြားခဲ့ရတာက ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ တနာရီကြာ လာရောက်ဆန္ဒ္ဒပြကြတဲ့ မြို့တော်ဝန်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေကို အခမ်းအနားမှူးကတဦးချင်း မိတ်ဆက်ပေးနေတာဖြစ်ပါတယ်။

အခုလို အစိုးရအဖွဲ့လက်ရှိတာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ မြန်မာသံရုံးရှေ့မှာ လာပြီးဆန္ဒပြရခြင်း အကြောင်းရင်း နဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံတကာ စည်းရုံးရေးကော်မတီ (ကိုရီးယား) ရဲ့ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက အခုလို ပြောပြပါတယ်။

“အဓိကသူတို့ဆန္ဒပြရခြင်းအကြောင်းရင်းကတော့ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ စစ်အုပ်စုကနေပြီး တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ပြီးတော့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြသနေတဲ့ ပြည်သူလူထုတွေကို သေနတ်တွေနဲ့ပစ်တယ်၊ မတရားရိုက်နှက်တယ်၊ ဖမ်းဆီးချုပ်နှောင်ထားတယ်။ အဲဒီကိစ္စတွေကို ကန့်ကွက်တယ်။ ဒါတွေကို ရပ်တန်းကရပ်ဖို့အပါအဝင် မတရားဖမ်းဆီးထားတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ သူတွေအကုန်လုံးကို ခြွင်းချက်မရှိ အကုန်လုံးပြန်လွှတ်ပေးဖို့အပါအဝင် မြန်မာနိုင်ငံဟာ စစ်အာဏာရှင် လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းကို ရောက်ရှိသည်အထိ သူတို့အနေနဲ့ မြန်မာပြည်သူများနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို ပြတ်သားစွာနဲ့ ထုတ်ဖော်ပြသတဲ့ ဆန္ဒပြပွဲတခုဖြစ်ပါတယ်။

ဒါကတော့ မြို့တော်ဝန်နဲ့ ဒေသန္တရအုပ်ချုပ်ရေးမှူးတဦးချင်းစီက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူတို့ရဲ့ သဘောထားအမြင်တွေကို လာရောက်သတင်းယူကြတဲ့ သတင်းထောက်တွေရှေ့မှာ အလှည့်ကျ ပြောပြခဲ့ကြတာဖြစ်ပါတယ်။

“အဓိက ကတော့ သတင်းစာရှင်းလင်းပွဲ ပုံစံမျိုးပေါ့လေ- သူတို့ရဲ့ရပ်တည်ချက်၊ သူတို့က မြန်မာပြည်သူတွေနဲ့ တသွေးတည်း၊ တသားတည်းရပ်တည်သွားမယ်၊ နောက်တခုက ရှင်းရှင်း ပြောရရင် ကိုရီးယားအစိုးရကိုယ်တိုင်က အပြည့်အဝပါနေပြီ။”

တဆက်တည်း ဒီကနေ့ ညနေပိုင်းမှာပဲ မြန်မာ့အရေးဆောင်ရွက်ပေးနေတဲ့ကိုရီးယားအဖွဲ့ “စစ်အာဏာ သိမ်းမှုဆန့်ကျင်ရေး ကော်မတီ၊ (ကိုရီးယား)၊ ကိုရီးယား-မြန်မာပူးပေါင်းဖွဲ့စည်းထားတဲ့ မြန်မာ့ဒီမို ကရေစီနက်ဝပ်အဖွဲ့နဲ့ ကိုရီးယားနိုင်ငံတွင်း မြန်မာ့အရေးဆောင်ရွက်နေတဲ့ ခေါင်းဆောင်တဦး ပေါင်း ၃ ဦးကို ကိုရီးယားအခြေစိုက် နိုင်ငံခြားသတင်းထောက်တွေက ဖိတ်ကြားပြီးမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲလည်း ရှိခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ ကိုရီးယားနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေ၊ ကိုရီးယားအစိုးရကနေ ကျနော်တို့ကို ဘယ်လို အားပေးမှုတွေ ပြုလုပ်နေလဲ။ ကျနော်တို့ကလည်း ပြန်ပြီးတော့ ကိုရီးယားအစိုးရကို ဘယ်လိုတောင်းဆိုမှုတွေ ပြုလုပ်စေချင်လဲဆိုတာတွေကို အကျယ်တဝင့် သတင်းစာရှင်းလင်းပွဲကို တနာရီတိတိလောက် ကျနော်တို့ ပြုလုပ်ခဲ့ပါတယ်ခင်ဗျ။”

သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြတဲ့ သတင်းဌာနတွေကတော့ - အားလုံးပေါင်း ၁၀ ခုလောက်ရှိပြီး တရုတ်ဘက်ကလာတဲ့ Press TV, CAN, NTD, Sky News, ဂျပန်က တိုကျိုသတင်းဌာနနဲ့ South China စတဲ့သတင်းဌာနတွေ ပါဝင်ကြောင်း ဦးရန်နိုင်ထွန်းက ပြောပါတယ်။


မခြာညိဳ/ VOA Burmese

https://burmese.voanews.com/a/south-korea-mayors-and-local-governors-protest-to-myanmar-embassy-and-presser-/5841591.html

အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်မှု တောင်ကိုရီးယား မြို့တော်ဝန် နဲ့ အုပ်ချုပ်ရေးမှူးတချို့ ကန့်ကွက်ဆန္ဒပြ အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်မှု တောင်ကိုရီးယား မြို့တော်ဝန် နဲ့ အုပ်ချုပ်ရေးမှူးတချို့ ကန့်ကွက်ဆန္ဒပြ Reviewed by THITHTOOLWIN on 04:17 Rating: 5

No comments:

Powered by Blogger.