ဘဏ်လုပ်ငန်းအကန့်အသတ်ကြောင့် ရွှေကို စုလာကြ

လက်ရှိမှာ ဘဏ်တွေရဲ့လည်ပတ်မှု ကန့်သတ်ချက်တွေကြောင့် ပုံမှန်လည်ပတ်နေဆဲလို့ဆိုနိုင်တဲ့ဆောက်လုပ်ငန်းရေးလုပ်ငန်းတွေဘက်က ရွှေကို ဝယ်ယူသိမ်းဆည်းလာတာမျိုးရှိတယ်လို့ မြန်မာ့ရွှေလုပ်ငန်းရှင်များအသင်းဘက်ကဆီကနေ သိရပါတယ်။

ဘဏ်တွေပိတ်ထားတာက ရွှေအရောင်းအဝယ် အေးတဲ့ဘက်ကို ရောက်သွားပေမဲ့ ဈေးနှုန်းကိုတော့ မထိခိုက်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘဏ်တွေ ပိတ်ထားလို့ ငွေလွှဲပြောင်းမှုအခက်အခဲတော့ကြုံရတယ်လို့ သိရပါတယ်။

နောက်ပြီး စစ်အာဏာသိမ်းတဲ့ကာလ ရက်ပေါင်း ၆၀ ကျော်အတွင်း မြန်မာ့ရွှေဈေးကွက်ဟာ အရောင်းအဝယ်မျှနေပေမဲ့ လက်ဝန်တန်ဆာတွေကို ပြန်လည်ရောင်းချမှုကတော့ သိသာတဲ့အခြေအနေရှိနေပါတယ်။

''လာပြန်ရောင်းကြတာများတယ်။ လက်ဝတ်တန်ဆာတွေလည်း လာပြန်ရောင်းကြတယ်။ အဲဒါကို တခါ အထည်ပျက်ပြန်သန့်စင်၊ သန့်စင်ပြီးတော့ အခေါက်ပြန်ရောင်းပေးတယ်ပေါ့။ ဆိုင်တွေကတော့ လက်ဝတ်တန်ဆာတွေကို သန့်စင်ပြီးတော့ အသင်းမှာလာပြန်ရောင်းတယ်'' လို့ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

ရွှေဈေးကွက်အရောင်းဝယ်ကတော့ အရင်တုန်းက ရွှေပိဿာချိန် ၅၀ လောက်ရောင်းရရင် အခုဆို ရွှေပိဿာချိန် ၁၀ လောက်ပဲ ရောင်းချရပါတယ်။

ဧပြီလ ၅ ရက်ရွှေဈေးအဖွင့်ကတော့ ၁၃၉,၅၀၀၀ နဲ့ဖွင့်ခဲ့ပြီး ၁၃၉,၄၀၀၀ နီးပါးနဲ့ ဈေးပိတ်ခဲ့ပါတယ်။

မြန်မာ့ရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းဒေါ်လာဈေးကို အခြေခံထားတာကြောင့် အဲဒီဈေးတွေအတက်ဘက်ပြရင် ပြည်တွင်းရွှေဈေးလည်း အတက်ဘက်ကို ပြပေမဲ့ နိုင်ငံရေးအခြေအနေကြောင့် သိသိသာသာအပြောင်းအလဲတော့ မရှိထားဘူးလို့ အသင်းဘက်က ပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ဘဏ်လုပ်ငန်းအကန့်အသတ်ကြောင့် ရွှေကို စုလာကြ  ဘဏ်လုပ်ငန်းအကန့်အသတ်ကြောင့် ရွှေကို စုလာကြ Reviewed by THITHTOOLWIN on 20:19 Rating: 5

No comments:

Powered by Blogger.