စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အမေရိကန်နဲ့ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြနေဆဲ

Milktea Alliance နိုင်ငံတွေက ပြည်သူများ စုပေါင်းပြီး မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့ဆန္ဒပြ (Photo - KMSM )

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို အပြောင်းအလဲတွေ ဖြစ်စေဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စည်းရုံး တိုက်တွန်းမှုတွေ လုပ်နေချိန်မှာပဲ ၊ စစ်အာဏာသိမ်း အုပ်ချုပ်မှု အပြီးတိုင် အဆုံးသတ်ရေးအတွက် စိတ်အားထက်သန်နေကြတဲ့ ပြည်ပရောက် မြန်မာတွေက အမေရိကန်၊ နော်ဝေ ၊ နယ်သာလန်နိုင်ငံတွေမှာ စနေနေ့က ဆန္ဒပြ လှုပ်ရှားခဲ့ကြပါတယ်။ တချိန်ထဲမှာပဲ မကြာသေးခင်က ဖွဲ့စည်း ပေါ်ပေါက်လာတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကိုလည်း ထောက်ခံ ပံ့ပိုးသွားမယ့်အကြောင်း ပြောဆိုကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာတော့ Milk-Tea Alliance ခေါ် ဖိနှိပ်ခံနိုင်ငံက ပြည်သူလူထုအချင်းချင်း ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ ကိစ္စ အမြန်အဆုံးသတ်ရေးကို ဝါရှင်တန်ဒီစီက မြန်မာစစ်သံရုံး ၊ တရုတ်သံရုံးနဲ့ ဝါရှင်တန် အထိမ်းမှတ် ကျောက်တိုင်နားတဝိုက် ဧပြီ(၂၄) မွန်းလွဲပိုင်းမှာ လှည့်လည်ဆန္ဒပြ ခဲ့ကြတာပါ။

ဝါရှင်တန်ဒီစီက ဆန္ဒပြပွဲမှာ အင်အား အတော်များများနဲ့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဒီစီ-ချင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုဒွန်ခပ် က ပြောပါတယ်။

" ကျနော်တို့ Milk-Tea Alliance ဆိုပြီးတော့ နိုင်ငံပေါင်းစုံက ဒီမိုကရေစီ လိုလားတဲ့ အဖိနှိပ်ခံ ပြည်သူတွေ စုပေါင်းပြီး ကျနော်တို့ မြန်မာပြည်သူတွေနဲ့အတူ ဝါရှင်တန်ဒီစီမှာ ဆန္ဒပြနေကြတာပါ။ မြန်မာပါတယ်၊ ဟောင်ကောင်ပါတယ်၊ ထိုင်းပါတယ်၊ တိဘက်ပါတယ်၊ တရုတ်ပြည်ထဲက ဝှီဂါပါတယ်။ ဒီမိုကရေစီရေး ၊ တရားမျှတမှု ၊ လွတ်မြောက်ရေးအတွက် ဆန္ဒပြကြတာပါ။ ဒီမှာလာတဲ့လူတွေက မြန်မာနိုင်ငံမှာ အာဏရှင် အဆုံးသတ်ဖို့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီတွေ အမြန်ဆုံးကျဆုံးပါစေဆိုပြီး သူတို့ ဆန္ဒပြုကြ ပါတယ်။ "

DC protest ဆန္ဒပြပွဲ

မြန်မာစစ်တပ်ကို နိုင်ငံတကာက စည်းရုံးဆွဲဆောင် နေပေမယ့်လည်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံတကာ အစိုးရတွေက ထောက်ခံ လက်တွဲ အလုပ်လုပ်လာရေးကသာ အဓိက ဖြစ်တယ်လို့ ဒီစီ ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်သူ ၈၈ မျိုးဆက် ဦးရင်အေးက ပြောပါတယ်။

" မြန်မာပြည်အရေးဟာ ပြည်တွင်းရေးတခုထဲ မဟုတ်တော့ပဲ အိမ်နီးချင်းနိုင်ငံတွေရဲ့ အရေးပါ ဖြစ်လာပြီ။ ခုဆိုရင် ကျနော်တို့ တိုင်းပြည်အရေးကို လာပြီး ပူးပေါင်းဆောင်ရွက်ကြတယ်။ ဒီနေ့ အဓိကအာရုံစိုက်ကြတာ ကတော့ ကျနော်တို့ ဗမာပြည်အရေးပဲ ဖြစ်တယ်။ မြန်မာပြည်ထဲက Gen Z တွေနဲ့အတူ စာနာစိတ်နဲ့ သူတို့ ဝိုင်းပြီး တိုက်ပွဲဝင်ကြမယ် ဖြစ်လာတယ်။ ဒါက တိုးတက်မှုပါ။ အခုဆိုရင် ကျနော်တို့ ပြည်သူ့အစိုးရ NUG ဆိုတာ ထွက်ပေါ်လာပြီ။ ဒီအစိုးရကို အခြားနိုင်ငံအသီးသီးက အသိမှတ် ပြုလာအောင် ဝိုင်းပြီးလုပ်သွားကြမယ်။ ဒီနေ့မှာ Milk-Tea Alliance နိုင်ငံတွေက လူတွေနဲ့ သဘောတူညီချက် ရခဲ့တယ်။"

မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့က ပြည်နယ်လွှတ်တော် အဆောက်အဦရှေ့ ကျင်းပခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မြို့ခံတဦးဖြစ်သူ မသော်တာထွန်းကျော် ပြောတာက -

" ဘော့စတွန်မှာရှိတဲ့ ဒီမိုကရေစီ လိုလားတဲ့ မြန်မာပြည်သူတွေကနေပြီး NUG ကိုထောက်ခံကြတယ်။ NUG က လိုအပ်တာတွေကို ကျမတို့ တတ်နိုင်သလောက် ဒီကနေ ဝိုင်းလုပ်သွားပါမယ်။ ဒါပေမဲ့ဒီနေ့ အာဆီယံမှာ စစ်ကောင်စီက မင်းအောင်လှိုင်တက်ရောက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ ပြောရရင်တော့ ကျမတို့ အာဆီယံကို အများကြီးလည်း မျှော်လင့် မထားပါဘူး။ ကျမတို့မှာ ဘုံရန်သူဆိုတာရှိတယ် စစ်အာဏာရှင်ကို ဖြုတ်ချမယ် ၊ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံကို ထူထောင်မယ်ဆိုတဲ့ ကျမတို့လုပ်စရာရှိတာကို ပြည်တွင်းက ပြည်သူတွေနဲ့အတူ ဆက်လုပ်သွားပါမယ်။ "

အမေရိကန် ပြည်ထောင်စုမှာလိုပဲ နော်ဝေနိုင်ငံက မြို့ကြီး (၆)မြို့မှာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ထောက်ခံပွဲတွေ ကျင်းပခဲ့ကြောင်း အော်စလိုမြို့ခံ ၈၈ မျိုးဆက် ဦးမြင့်အေးက ပြောပါတယ်။

" နော်ဝေနိုင်ငံမှာရှိတဲ့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စတဲ့ မြန်မာ့အသင်းအဖွဲ့ပေါင်း (၂၁)ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ CRPH ထောက်ခံပံ့ပိုးရေး ကော်မတီဆိုတာရှိပါတယ်။ အဲဒီအဖွဲ့ကနေ အခုပေါ်ပေါက်လာတဲ့ NUG အစိုးရ ထောက်ခံပွဲ လုပ်ကြတယ်။ ဒါက အော်စလိုမြို့ တနေရာထဲ လုပ်တာမဟုတ်ပဲ ၊ နောက်ဝေမှာရှိတဲ့ မြို့ ၆ ခုမှာ လုပ်ကြတာပေါ့ "

အလားတူ နယ်သာလန်နိုင်ငံမှာလည်း ဒတ်ချ်လူမျိုးတွေ မြန်မာပြည်မှာ လတ်တလော ဖြစ်နေတဲ့ကိစ္စ ပိုသိလာစေဖို့ နဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီပေါ် နယ်သာလန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တိုးလာစေဖို့ ရှင်းလင်း ဟောပြောပွဲတွေ လုပ်ခဲ့ကြောင်း ကိုထင်လင်းက ပြောပါတယ်။

" မြန်မာ့အရေးကို စိတ်ဝင်စားကြတဲ့ ဒတ်ချ် လူမျိုးတွေကို မြန်မာနိုင်ငံမှာနေ့တိုင်းနီးပါး လူသတ်ဖြတ်ခံနေရတဲ့ အကြောင်းတွေ အင်တာနက် ဖြတ်ခံနေတဲ့အကြောင်းတွေ ရှင်းပြတဲ့အခါကျတော့ သူတို့က ဒီမိုကရေစီနိုင်ငံမှာ နေတဲ့လူတွေဖြစ်တဲ့အတွက် ဒီမိုကရေစီကိုပဲ လက်ခံပါတယ်တဲ့ ၊ ဒီမိုကရေစီ စံနှုန်းနဲ့ ရွေးထားတဲ့လူတွေပါတဲ့ NUG အစိုးရကိုလည်း သူတို့ ထောက်ခံပါတယ်တဲ့ ။ ဘယ်စစ်အာဏာသိမ်း အစိုးရကိုမှ သူတို့ မကြိုက်ပါဘူးတဲ့။ ပြည်သူတွေ သေနေတာကို သူတို့စိတ်မကောင်းဖြစ်ရတယ်။ မြန်မာပြည်သူတွေနဲ့ အတူတကွ ရှိတယ်ဆိုပြီး We are Together ဆိုတာမျိုး လက်သုံးချောင်းထောင်တဲ့ ကမ်ပိန်းလုပ်ကြပါတယ်။"

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာလိုပဲ ကနေဒါ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာလည်း မြန်မာပြည်က အာဏာသိမ်းမှု အဆုံးသတ်ရေး လှုပ်ရှားမှုတွေ စနေနေ့က ကျင်းပခဲ့ကြပါတယ်။

DC ဆန္ဒပြပွဲ


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/milk-tea-alliance-movement-in-dc/5865923.html

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အမေရိကန်နဲ့ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြနေဆဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အမေရိကန်နဲ့ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြနေဆဲ Reviewed by THITHTOOLWIN on 22:02 Rating: 5

No comments:

Powered by Blogger.