ကုလလုံခြုံရေးကောင်စီ မြန်မာအပေါ် အရေးယူဖို့ တရုတ်ထပ်မံပယ်ချ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်း ရှရင်နာ ဘာဂနာ

အာဏာသိမ်းစစ်ကောင်စီဘက်က အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် လူသေဆုံးမှုတွေ နေ့စဉ် တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံမှာ သွေးချောင်းစီးတဲ့ဖြစ်ရပ် မကြာမီ ပေါ်ပေါက်လာနိုင်တဲ့ အနေအထားထိ ရောက်နေပြီလို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတိပေးလိုက်ပါတယ်။

မတ်လ ၃၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်း ရှရင်နာ ဘာဂနာက "တွေ့ဆုံဆွေးနွေးဖို့ မြန်မာစစ်တပ်ဘက်က အဆင်သင့်ဖြစ်တဲ့အချိန်ကိုသာ စောင့်နေရင် မြေပြင်အခြေအနေဟာ ပိုမိုဆိုးဝါးလာရုံပဲ ရှိမယ်၊ ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ထိရောက်တဲ့ အရေးယူမှု လုပ်ဖို့ လိုအပ်တယ်" လို့လည်း တိုက်တွန်းပြောကြားလိုက်ပါတယ်။

မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့ တစ်ရက်တည်းမှာတင် အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးဖို့အတွက် ဗြိတိန်ဘက်က အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ ဒီတံခါးပိတ် အစည်းအဝေးမှာ မြန်မာပြည်ကို ဒဏ်ခတ်အရေးယူဖို့ ကိစ္စ ဆွေးနွေးရာမှာတော့ တရုတ်ဘက်က ပယ်ချခဲ့တာကြောင့် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ထွက်လာခဲ့ခြင်း မရှိပါဘူး။

တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးလည်း ဖြစ်၊ အမြဲတမ်းကိုယ်စားလှယ်လည်းဖြစ်တဲ့ မစ္စတာ Zhang Jun က "နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ်အခြာ၊ နိုင်ငံရေးအရ လွတ်လပ်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု နဲ့ အမျိုးသား စည်းလုံးညီညွတ်မှုတွေ အပေါ် အခြေခံပြီး သံတမန်နည်းလမ်းအရ ချည်းကပ်သင့်တယ်၊ တစ်ဖက်သတ် ဖိအားပေးတာနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ အတင်းအဓမ္မ အရေးယူဆောင်ရွက်မှုတွေဟာ ဒီတင်းမာမှုကို ပိုမိုဆိုးရွာစေပြီး အခြေအနေကို ပိုမိုရှုတ်ထွေးစေတယ်လို့ ပြောပါတယ်။

ကုလလုံခြုံရေးကောင်စီ အစည်းအဝေး တစ်ခုကျင်းပနေစဥ်

ဒါပေမဲ့ အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်တွင်း အခြေအနေတွေကို အနီးကပ် စောင့်ကြည်နေတယ်၊ အကြမ်းဖက်မှုတွေနဲ့ ထိခိုက်သေကြေဒဏ်ရာရမှုတွေအပေါ် စိုးရိမ်မကင်းဖြစ်ရတယ်၊ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ပြန်လည် ဖော်ဆောင်နိုင်ဖို့နဲ့ ဒီမိုကရေစီ အပြောင်းအလဲဆီ ဦးတည်ကြဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်က ထွက်ပြေးလာသူတွေကို လက်ခံထားတဲ့ အိန္ဒိယနိုင်ငံကတော့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို ရှုတ်ချတဲ့အကြောင်း ပြောပါတယ်။

"အကြမ်းဖက်တွေကို ရှုတ်ချတယ်၊ သေဆုံးသွားသူတွေအတွက် စိတ်ထိခိုက်ဝမ်းနည်းမိတယ်၊ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းတယ်" လို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယ အမြဲတမ်းကိုယ်စားလှယ် မစ္စတာ TS Tirumurti က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။

ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖော်ဆောင်ဖို့နဲ့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

ဒီအရေးပေါ် အစည်းအဝေးကို ခေါ်ယူခဲ့တဲ့ ဗြိတိန် သံအမတ်ကြီး ဘာဘရာ ဝုဒ်ဝါ့ဒ်ကတော့ "မြန်မာပြည်တွင်း အခြေအနေဟာ အင်မတန် စိုးရိမ်စရာ ကောင်းနေတယ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချရာမှာတော့ ညီညွတ်တယ်လို့ ပြောနိုင်တယ်၊ နောက်တစ်ဆင့်တက်ပြီး ဆွေးနွေးသွားကြမယ်"လို့ ပြောပါတယ်။

စစ်အာဏာသိမ်းတာ နှစ်လကျော်လာချိန်မှာ အာဏာပိုင်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ကုလသမဂ္ဂဘက်ကကော အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းဘက်ကပါ ပြောထားပါတယ်။

ဒါပေမဲ့ လူသေဆုံးမှုတွေ ဆက်လက် တိုးလာနေတဲ့အတွက် စိုးရိမ်မကင်းဖြစ်မိတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ရှရင်နာ ဘာဂနာက ပြောပါတယ်။

"မြန်မာစစ်တပ်ဘက်က နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး အကြီးလေးဆုံး ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာ အထင်းသား မြင်နေရတယ်၊ သွေးမြေကျတဲ့ ဖြစ်ရပ်တွေ ဒီထပ်ပို ဖြစ်ပွားလာမှာကို စိုးရိမ်မိတယ်" လို့ မစ္စ ရှရင်နာက ဆိုပါတယ်။

အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေရှိနေတဲ့ကြားက ဆန္ဒပြပွဲတွေကတော့ ပုံစံမျိုးစုံနဲ့ ဆက်လက်ပေါ်ပေါက်နေပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ကတည်းကစပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေဟာ ဒီကနေ့ထိ ပေါ်ပေါက်နေတာကြောင့် စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိဖူးဆိုတာ ပြသနေတာလို့ ကုလ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ဒါကြောင့် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အရပ်သား အစိုးရကို အာဏာပြန်လည်အပ်နှင်းဖို့ကိုလည်း လူ့အခွင့်အရေးကောင်စီအနေနဲ့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်က ဆန္ဒပြသမားတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းရုံသာမက ကရင်ပြည်နယ်မှာလည်း အနှစ် ၂၀ အတွင်း ပထမဆုံး လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ၊ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ တို့နဲ့လည်း ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ပြည်တွင်းစစ်ပေါ်ပေါက်လာနိုင်ခြေ ရှိနေတယ်လို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ရှရင်နာက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေး ခေါ်ယူ ဆွေးနွေးခဲ့တာတွေ အကြိမ်ကြိမ် ရှိခဲ့ပေမဲ့ မတ်လ ၁၀ ရက်နေ့မှာ မြန်မာပြည်တွင်း အကြမ်းဖက်မှုတွေကို ရှုတ်ချတယ်ဆိုတဲ့ ထုတ်ပြန်ချက် တစ်စောင် ထွက်လာတာကလွဲလို့ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုတွေ မရှိသေးပါဘူး။

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ဆွေးနွေးရာမှာ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က ဗီဒိုအာဏာသုံး ပယ်ချလေ့ရှိပါတယ်။

မြန်မာပြည်သူတွေကတော့ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ဖို့ Responsibility To Protect (RTP) လို့ သိကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ကို အကာအကွယ်ပေးဖို့ ထပ်တလဲလဲ တောင်းဆိုနေပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56608323

ကုလလုံခြုံရေးကောင်စီ မြန်မာအပေါ် အရေးယူဖို့ တရုတ်ထပ်မံပယ်ချ  ကုလလုံခြုံရေးကောင်စီ မြန်မာအပေါ် အရေးယူဖို့ တရုတ်ထပ်မံပယ်ချ Reviewed by THITHTOOLWIN on 04:29 Rating: 5

No comments:

Powered by Blogger.