တရုတ် - မြန်မာနယ်စပ် ကုန်ကားတွေကို ကိုဗစ်စည်းမျဉ်းတင်းကြပ်

တရုတ် - မြန်မာနယ်စပ်မှာ တွေ့ရတဲ့ ကုန်တင်ကားများ။ (မှတ်တမ်းဓာတ်ပုံ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက မြို့တွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ပြန်ရှိလာနေတာကြောင့် မြန်မာနိုင်ငံဘက်က တင်ပို့တဲ့ ကုန်ကားတွေအပေါ် တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်လိုက်ပါတယ်။ ကုန်ကားတစီးတိုင်း ကားပေါ်ပါလာတဲ့ ကုန်ပစ္စည်းနမူနာ အခု ၃၀ ကို ကိုဗစ်ရောဂါကင်းစင်မှု ရှိ၊ မရှိ စစ်ဆေးရမယ်လို့ ယူနန်နယ် အစိုးရက ဧပြီလ ၁၉ရက်နေ့က သတ်မှတ်ချက် ထုတ်ပြန်ခဲ့တာပါ။ ဒီသတ်မှတ်ချက်ကြောင့် မြန်မာဘက်က ကုန်သည်တွေ အခက်တွေ့နေတဲ့အကြောင်း ရန်ကုန်က လာတဲ့သတင်းကို ကိုသားညွန့်ဦး ကပြောပြပါမယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေပြန်ရှိနေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံဘက်က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့ ထုတ်ပြန်ချက် ထုတ်ထားပါတယ်။ မြန်မာနိုင်ငံဘက်က ကုန်သွင်းတဲ့ ကုန်ကားအစီးတိုင်း ကားပေါ်ပါလာတဲ့ ကုန်တွေရဲ့ နမူနာ၊ နမူနာအခု ၃၀ စီ ပေးပို့ဖို့ ကိုဗစ် ကင်းရှင်းကြောင်း စစ်ဆေးခကိုလည်း ကုန်သည်ဘက်က ကျခံဖို့ ယူနန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ကုန်တခုစစ်ဆေးခက ယွမ်ငွေ ၆၀ ကုန်ကျမှာဖြစ်ပါတယ်။

"ကိုဗစ်ကပ်ရောဂါဟာ ကိုဗစ်ဗိုင်းရပ်စ်ပိုးပါတဲ့ နှာခေါင်း၊ အာခေါင်တို့က ထွက်လာတဲ့ အရည်လေးတွေက တဆင့် ကူးစက်တာလို့ ပညာရှင်တွေက ပြောထားပါတယ်။ ဒါပေမဲ့ ဟင်းသီး၊ ဟင်းရွက်၊ အသီးအနှံတို့ကနေတဆင့် ကူးတဲ့ သက်သေအထောက်အထားတွေ မတွေ့ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားပြီး အစားအသောက်တွေ မကိုင်ခင် လက်ကို ဆပ်ပြာနဲ့ စင်အောင်ဆေးရင် လုံလောက်တယ်လို့ အကြံပြုထားတာပါ။ ဒါပေမဲ့ တရုတ်ဘက်က ကုန်ပစ္စည်း နမူနာတွေ ယူစစ်တဲ့အတွက် မြန်မာကုန်သည်တွေ အခက်တွေ့နေကြတာပါ။ စည်းကမ်းချက်သစ်အတိုင်း ကုန်နဲ့ယာဉ်မောင်း အလုံးစုံစစ်ဆေးခက မြန်မာကျပ်ငွေ သောင်းချီကျနေလို့ ဒါကိုဖြေရှင်းပေးဖို့ မြန်မာကုန်သည်တွေက ယူနန်ကုန်သွယ်ရေး တာဝန်ရှိသူတွေကို ဒီနေ့ ဧပြီလ ၂၀ ရက်မှာ ပြန်ပြီး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ပြောလည်မှု မရခဲ့ဘူးလို့ ညှိနှိုင်းတဲ့ အစည်းအဝေးတက်ခဲ့သူ မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ကားတစီးကို ၄၀,၀၀၀ လောက်ပိုသွားတယ် မြန်မာငွေနဲ့တွက်ရင်၊ နောက် ရက်ကကြာဦးမယ်။ ဒီနေ့စစ်ရင် မနက်ဖြန်လောက်မှရမယ်။ ဖရဲသီးသမားတွေ အများကြီး ရှုံးတယ်။ ဆန်တို့၊ ဘာတို့က မသွားတော့ဘူး ရပ်ပစ်လိုက်ပြီ။ ဒီပိုးကို သူတို့က တအားကြောက်နေတာဆိုတော့ ဘယ်လိုလုပ်မလဲကွာ လုပ်ရကိုင်ရတာ။ ဘယ်ကျေနပ်မတုန်း၊ သူတို့ကို မှီခိုနေတော့ သူတို့ကဒါဆိုရင် ဒါပဲလုပ်ရတာ ဥပဒေမပြောင်းဘူး သူတို့က။ ဘာပဲပြောပြော ဒီနေ့အစည်းအဝေးလည်း မအောင်မြင်ပါဘူး၊ သူတို့က အထက်ကိုတင်ပြမယ်၊ ပြန်ပြောပေးမယ်ပေါ့။”

အဲဒီလို စစ်ဆေးနေရတာကြောင့် တချို့ ဖရဲသီးကုန်သည်တွေ အရင်းတောင် ပြန်မရကြတာရှိတယ်လို့လည်း သူကပြောပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ဝမ်တိန်မြို့မှာ ကိုဗစ်အတည်ပြုလူနာတွေကို တွေ့ရှိပြီးနောက် ခုလို မြန်မာကုန်တင်သွင်းတဲ့အပေါ် စည်းကမ်းချက်တွေကို တရုတ်ဘက်က ချက်ချင်း ထုတ်ပြန်ခဲ့တာပါ။ ဒီကြေညာချက်ဟာ နယ်စပ်ကုန်သည်တွေအပေါ်မှာ ရိုက်ခတ်မှုရှိလာနိုင်ကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ဗွီအိုအေကို ပြောပါတယ်။

“အဲဒါကို ချက်ချင်းကြီးကောက်ဖို့ အဆင်မပြေလို့ နှစ်နိုင်ငံ ကုန်သွယ်ရေးတာဝန်ရှိတဲ့သူ၊ ကုန်စည်ဒိုင်တာဝန်ရှိတဲ့သူတွေနဲ့ တဘက်နိုင်ငံနဲ့ ပြန်ပြီးညှိနှိုင်းနေတယ် အခု။ တဘက်နိုင်ငံက COVID-19 ရောဂါ ကူးစက်မှုတတိယလှိုင်း အရှိန်က နည်းနည်းပြန်ရှိနေတော့ ဒီဘက်က ကုန်သွယ်မှု အပေါ်မှာတော့ ကုန်သည်တွေအပေါ်မှာ တောင်သူတွေအပေါ်မှာ ဖိစီးလာမယ့် သဘောမျိုး ရှိတာပေါ့နော်။”

လက်တလောစာရင်းအရ ယူနန် တပြည်နယ်လုံးမှာ ရောဂါဖြစ်သူစုစုပေါင်း ၇၆ ယောက်ရှိတယ်လို့ ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်က ဒီနေ့ ဧပြီလ ၂၀ ရက်မှာ ထုတ်ပြန်ထားပြီး အဲဒီထဲမှာ အသက် ၅၀ အရွယ် မြန်မာတယောက်ပါတယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့ရက်ပိုင်း ထုတ်ပြန်ချက်တွေထဲမှာပဲ ကူးစက်သူတွေထဲမှာ မြန်မာလူမျိုးတွေပါဝင် ပါတယ်။ မြန်မာအများစုရှိတဲ့ ယူနန်ပြည်နယ် ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာလည်း ကိုဗစ်ရောဂါ ဒုတိယအကြိမ် ကူးစက်မှုတွေ ပြန်ဖြစ်နေပြီး ဧပြီလဆန်းလောက်ကဆိုရင် တမြို့လုံး အတိုင်းအတာနဲ့ စစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။ မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ ကိုဗစ်ရောဂါ မြန်မာပြည်မှာ စတင်ဖြစ်ပွားတဲ့ ၂၀၂၀ မတ်လကုန်ကစလို့ အကန့်အသတ် ရှိနေတာဖြစ်ပြီး ကိုဗစ်ထိန်းချုပ်ဖို့အတွက် ကျန်းမာရေး စည်းကမ်းချက်တွေကို တရုတ်ဘက်က လိုအပ်သလို ထုတ်ပြန်နေတာလည်း ဖြစ်ပါတယ်။


သားညွန့်ဦး/ VOA Burmese

https://burmese.voanews.com/a/myanmar-china-border-trade-covid-test/5859942.html

တရုတ် - မြန်မာနယ်စပ် ကုန်ကားတွေကို ကိုဗစ်စည်းမျဉ်းတင်းကြပ် တရုတ် - မြန်မာနယ်စပ် ကုန်ကားတွေကို ကိုဗစ်စည်းမျဉ်းတင်းကြပ် Reviewed by THITHTOOLWIN on 23:54 Rating: 5

No comments:

Powered by Blogger.