တမူးမြို့မှာ မနေ့ကပစ်ခတ်မှု အရပ်သား ၂ ဦးသေဆုံး


တမူးမြို့မှာ မနေ့ ဧပြီလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှု ကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေသုံးပြီး စစ်ကူတွေနဲ့လာရောက်တိုက်ခိုက်တာကြောင့် ပြည်သူတွေဘက်က ပြန်လည်ခုခံရင်း ဈေးတန်း ရပ်ကွက်နဲ့ စော်ဘွားရပ်ကွက်မှာ မနေ့ နေ့လည် ၁၂ နာရီခန့်ကနေ ညနေ ၆ နာရီအထိ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် တမူးမြို့လယ်က ပါဝါတည်းခိုခန်းအနီး ပလက်စတစ် ပစ္စည်း အရောင်းဆိုင်မှာ အများပြည်သူ အပြင်မထွက်ရတဲ့ ကာဖျူးချိန် ည ကိုးနာရီနောက်ပိုင်းမှာ မီးလောင်ခဲ့ပြီး လူထုက ငြိမ်းသတ်ချင်ပေမဲ့ စစ်သား တွေ ၁၅ ယောက်လောက် အနားမှာရှိနေတယ်လို့ မျက်မြင်သက်သေ တွေက ဘီဘီစီကို ပြောပါတယ်။

တချိန်တည်းမှာ အိန္ဒိယ-မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ ကူကီးအမျိုးသား တပ်မတော်က ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်။

တမူးမြို့မှာ စစ်ကောင်စီတပ်တွေက မနေ့မွန်းလွဲမှာ အများပြည်သူနေထိုင်ရာအိမ်တွေဘက်ဆီ အကြောင်းမဲ့ပစ်ခတ်တာကြောင့် ဆိုင်ကယ်မောင်းလာတဲ့လူငယ်တစ်ယောက် ခေါင်းကျည်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒေသခံကူကီးတပ်မတော်နဲ့ပြည်သူလူထု ပူးပေါင်းကာ ပြန်လည်ခုခံတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ယောက်သေဆုံးခဲ့သလို ပြည်သူတစ်ဦးလည်း ထပ်မံသေဆုံးခဲ့ရတယ်လို့ သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအင်တာနက် စာမျက်နှာရဲ့ ထုတ်ပြန်ချက်ကဏ္ဍမှာ တစုံတရာ ထုတ်ပြန်ထားတာမျိုးလည်း မတွေ့ရသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

တမူးမြို့မှာ မနေ့ကပစ်ခတ်မှု အရပ်သား ၂ ဦးသေဆုံး  တမူးမြို့မှာ မနေ့ကပစ်ခတ်မှု အရပ်သား ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.