အာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦးနဲ့ ကုမ္ပဏီ ၂ ခုကို အီးယူ ထပ်မံ ဒဏ်ခတ်အရေးယူလိုက်

ဧပြီလ ၁၉ ရက်နေ့ အီးယူ နိုင်ငံခြားဝန်ကြီးများ အစည်းအဝေးမှာ အီးယူ ထိပ်တန်းကိုယ်စားလှယ် ဂျိုးဆက် ဘော်ရယ်လ် ကိုတွေ့ရစဉ်

အီးယူ ဥရောပသမဂ္ဂက အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်နွှယ်နေသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ နောက်ထပ် ချမှတ်လိုက်တယ်လို့ အီးယူ ထိပ်တန်းကိုယ်စားလှယ် ဂျိုးဆက် ဘော်ရယ်လ် က ပြောပါတယ်။

စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ အတူ စစ်တပ်ပိုင် စီးပွားရေး ကုမ္ပဏီ ၂ ခုကို ပိုကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဒုတိယအကြိမ် ထပ်မံ ချမှတ်လိုက်ကြောင်းကို ဒီကနေ့ တနင်္လာနေ့မှာ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဘော်ရယ်လ်က ပြောသွားတာပါ။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားတဲ့ ကူညီထောက်ပံ့ငွေကိုတော့ ယူရိုငွေ ၉ သန်း (အမေရိကန်ဒေါ်လာ ၁၀ သန်း ၈ သိန်း)အထိ တိုးမြှင့်ထောက်ပံ့သွားမှာ ဖြစ်ကြောင်း၊ အရေးကြီးတဲ့အချက်က ဖိနှိပ်မှုတွေ ရပ်တန့်ဖို့ ဖြစ်ကြောင်း သူက ပြောပါတယ်။

အီးယူအဖွဲ့ဝင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟေကို မာ့စ် ကလည်း "အာဏာသိမ်း စစ်ကောင်စီဟာ ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်လုပ်ဆောင်နေပြီး နိုင်ငံကို လမ်းဆုံးရောက်အောင် တွန်းပို့နေပါတယ်။ ဒါ့ကြောင့်လည်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်လာအောင် စစ်တပ်ကို ကျွန်တော်တို့ ဖိအားတွေ ပိုတိုးမြှင့် ပေးနေတာပါ။ အခုဒီတကြိမ်မှာ စစ်ကောင်စီနဲ့ ဆက်နွှယ်နေသူတွေသာမက စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး နှစ်ခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်"လို့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

အဲဒီစီးပွားရေးလုပ်ငန်းကြီး နှစ်ခုကတော့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)တို့ ဖြစ်ပါတယ်။

ဒီစီးပွားရေး လုပ်ငန်းကြီးနှစ်ခုအပေါ် အမေရိကန်နဲ့ ယူကေနိုင်ငံတို့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဥရောပသမဂ္ဂဟာ အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နောက်ထပ် ထိပ်တန်း စစ်ခေါင်းဆောင် ၁၀ ဦးကို ပြီးခဲ့တဲ့လက ပထမတကြိမ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

အာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦးနဲ့ ကုမ္ပဏီ ၂ ခုကို အီးယူ ထပ်မံ ဒဏ်ခတ်အရေးယူလိုက် အာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦးနဲ့ ကုမ္ပဏီ ၂ ခုကို အီးယူ ထပ်မံ ဒဏ်ခတ်အရေးယူလိုက် Reviewed by THITHTOOLWIN on 00:32 Rating: 5

No comments:

Powered by Blogger.