ပစ်ခတ်ဖမ်းဆီးမှုနေပေမယ့် စစ်အာဏာသိမ်း ဆန့်ကျင်မှု ဆန္ဒပြပွဲတချို့ ရှိနေဆဲ

ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံဆန္ဒပြပွဲ။ (ဧပြီ ၁၈၊ ၂၀၂၁)

ဆန္ဒပြသပိတ်တွေကို စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နင်း ဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားကပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းမှာ ဒီနေ့အထိ ဆက်လက်ဖြစ်ပွားနေပါတယ်။ မန္တလေး၊ မုံရွာနဲ့ ထားဝယ်မြို့တွေမှာ ဆန္ဒပြ သပိတ်စစ်ကြောင်းတွေနဲ့ ဆက်လက် ချီတက်ဆန္ဒပြခဲ့ကြပြီး ရန်ကုန်မှာတော့ မြို့နယ်တချို့မှာ ပြောက်ကျားသပိတ်တွေကို လုပ်ခဲ့ကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ အခုဆို ရက်ပေါင်း ၈၀ ကျော်လာပြီ ဖြစ်ပေမယ့်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။ မန္တလေးမြို့မှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မြတောင်သပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ တမ္ပဝတီ လူထုသပိတ်စစ်ကြောင်း၊ တက္ကသိုလ်ဆရာ ဆရာမများ သပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ် ကျောင်းသားများသပိတ် စတဲ့ သပိတ်စစ်ကြောင်းတွေ ပေါင်းထားတဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဒီနေ့မှာ ဆိုင်ကယ်တွေအပါအဝင် လမ်းလျှောက်ချီတက် ဆန္ဒပြတာတွေ လုပ်ခဲ့ကြပါတယ်။

မုံရွာမြို့မှာဆိုရင်လည်း လုံခြုံရေးတွေ တင်းကျပ်နေတဲ့ကြားက မုံရွာရဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

“ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ပြီးတော့ လှုပ်ရှားနိုင်မယ့် လှုပ်ရှားမှုကြီးတခု လုပ်ပါမယ်။”

ဒါကတော့ မုံရွာ ဆန္ဒပြသပိတ်ခေါင်းဆောင်တဦး ပြောကြားသွားတာ ဖြစ်ပါတယ်။ မုံရွာမြို့က ဒီနေ့ ဆန္ဒပြပွဲ အခြေအနေနဲ့ ပတ်သက်ပြီးတော့ မြို့ခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“သူတို့က မြို့တွင်းမှာတော့ လုံခြုံရေးတွေ အကုန်လုံး တင်းကျပ်ထားတယ်။ မနေ့ညကလည်း မြဝတီဘဏ်မှာ ဗုံးပေါက်မှု ဖြစ်ထားတော့လေ။ မြို့တွင်းပတ်ပတ်လည် စစ်နေတယ်။ သပိတ်စစ်ကြောင်းကတော့ မြို့ပြင်ရွာလေးတွေက မြို့တွင်း ပတ်ပတ်လည်ပေါ့နော်၊ ရွာလေးတွေကတဆင့် သပိတ်စစ်ကြောင်း ဆက်ထွက်နေတယ်။ စစ်ကြောင်းတွေ တခုမကဘူး၊ ခွဲပြီး ဆက်ထွက်နေတာပဲ။ အင်အားကတော့ သိပ်အများကြီး မဟုတ်ဘူးပေါ့။ ဒီနေ့တော့ ဆိုင်ကယ်သပိတ်စစ်ကြောင်း ထွက်တာပေါ့။ လူ ၁၀၀ ဝန်းကျင်ပေါ့၊ အဲလောက်ပတ်ဝန်းကျင်နဲ့ပဲ ကျနော်တို့ ဆက်သွားနေရတယ်။”

ဆန္ဒပြတဲ့အင်အားတွေ လျော့နည်းသွားခြင်း မရှိပေမယ့် စစ်ကောင်စီဘက်က မြို့အဝင်အထွက်တွေနဲ့ မြို့တွင်း နေရာအတော်များများမှာ အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ ဖမ်းဆီး စစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ် လုပ်လာနေတာကြောင့် ဆန္ဒပြ သပိတ်စစ်ကြောင်းတွေကို ကိုယ့်ရပ်ကွက်အလိုက် ကျေးရွာအလိုက် လုပ်ဆောင်နေရတယ်လို့လည်း သူကပြောပါတယ်။ မုံရွာမြို့မှာ စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး သူက အခုလို ဆက်ပြောပါတယ်။

“အဖမ်းအဆီး အခြေအနေက အခုလောလောဆယ် ဖြစ်နေတာက ဘယ်သူ့ကို ဦးတည်ပြီး ဖမ်းတာမျိုး မဟုတ်ဘဲနဲ့ တွေ့တဲ့သူကို ဖမ်းတဲ့ပုံစံမျိုး ဖြစ်နေတယ်။ လမ်းထွက်တဲ့သူတွေ၊ ညမှာ ၈ နာရီကျော်သွားတဲ့ လမ်းထွက်တဲ့သူတွေ ဖမ်းတယ်။ အဲဒီလိုပဲ သူ့ဟာသူ အိမ်ထဲနေတဲ့သူတွေလည်း တခါတလေ သူမကြည်ရင် ကောက်ဖမ်းချင် ဖမ်းတာပဲ။ တခါတလေ ပေါ်တာဆွဲသလို ဆွဲခေါ်သွားတယ်၊ ဆွဲခေါ်သွားပြီး လမ်းတွေ ရှင်းခိုင်းတာတို့၊ သပိတ်သမားတွေ လုပ်ခဲ့တဲ့ စာတွေတို့၊ ဆေးတွေ ဖျက်ခိုင်းတာတို့ အဲဒါမျိုးတွေ လုပ်တာများတယ်ဗျ။”

ရန်ကုန်မှာတော့ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ သာကေတ၊ စမ်းချောင်း၊ တာမွေ၊ လှိုင်နဲ့ ရွှေပြည်သာမြို့နယ်တွေမှာ ဆန္ဒပြတဲ့သူတွေက အချိန်အကန့်အသတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကို နည်းလမ်းမျိုးစုံနဲ့ လုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းဘက်က ထားဝယ်နဲ့ လောင်းလုံမြို့တွေမှာလည်း ဒီနေ့မှာ ဆန္ဒပြတာတွေ ဆက်ရှိနေခဲ့ပြီး လောင်းလုံမြို့မှာတော့ ဆန္ဒပြတဲ့သူတွေ အတော်များများ မြို့အနှံ့ကို ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြတာတွေ၊ ချီတက်ဆန္ဒပြတာတွေ လုပ်ခဲ့ကြပါတယ်။

နိုင်ငံတဝန်းမှာဆိုရင်လည်း ရွှေဘို၊ ဆားလင်းကြီး၊ ရွှေကူ၊ ဖားကန့်၊ မိုးကောင်း၊ နမ္မတီး၊ မြင်းခြံ၊ ပြင်ဦးလွင်၊ ညောင်ဦး၊ ပခုက္ကူ၊ ပုသိမ်၊ မြောင်းမြ၊ ကျိုက်ထို၊ ပေါင် စတဲ့မြို့တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေကို ဆက်လက်လုပ်ဆောင်နေပြီး ဒီနေ့မှာတော့ သန်လျင်ပို့စ်ဂျာနယ်နဲ့ ဧရာဝတီသတင်းဌာနရဲ့ အယ်ဒီတာအဖြစ် လုပ်ခဲ့ဖူးတဲ့ မတူးတူးသာကို မနေ့ညက ဖမ်းဆီးသွားခဲ့ပြီး သူနဲ့အတူ မိသားစုဝင် ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲခဲ့လို့ သေဆုံးသူဦးရေဟာ ၇၀၀ ကျော်သွားပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူကတော့ ၃,၀၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။


ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-anti-coup-protests/5866104.html

ပစ်ခတ်ဖမ်းဆီးမှုနေပေမယ့် စစ်အာဏာသိမ်း ဆန့်ကျင်မှု ဆန္ဒပြပွဲတချို့ ရှိနေဆဲ ပစ်ခတ်ဖမ်းဆီးမှုနေပေမယ့် စစ်အာဏာသိမ်း ဆန့်ကျင်မှု ဆန္ဒပြပွဲတချို့ ရှိနေဆဲ Reviewed by THITHTOOLWIN on 22:45 Rating: 5

No comments:

Powered by Blogger.