မိုးညှင်းမြို့မှာ သပိတ်စစ်ကြောင်းထွက်ချိန် လူငယ် နှစ်ဦး ဖမ်းဆီးခံရ

မိုးညှင်းမြို့မှာ သပိတ်စစ်ကြောင်းထွက်ချိန် လူငယ် နှစ်ဦး ဖမ်းဆီးခံရ ဖမ်းဆီးခံထားရတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့က စစ်ကောင်စီကို အလိုမရှိကြောင်း သပိတ်စစ်ကြောင်းမှာ ပါဝင်သူ နှစ်ဦးကို တွေ့မြင်ရစဉ် / Photo - Citizen Journalist

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဧပြီ ၁၉ ရက်၊ ဒီနေ့ မနက်ပိုင်း (၉) နာရီခွဲလောက်က စစ်ကောင်စီကို အလိုမရှိကြောင်း သပိတ်စစ်ကြောင်းမှာပါဝင်သူ လူငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ပြောပါတယ်။

သူတို့နှစ်ဦးကို အရပ်ဝတ်နဲ့ ရဲတွေက ဖမ်းဆီးသွားတာလို့ သပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

“ဘူတာရုံးနားမှာ အရပ်ဝတ်နဲ့ သေနတ်လွယ်ထားတဲ့ ရဲသားတွေက ကားနဲ့ရောက်လာပြီး ကားပေါ် အတင်းဆွဲခေါ်တင်သွားပြီး စောင့်ဖမ်းခဲ့တာပါ။”

ဖမ်းဆီးခံရသူ နှစ်ဦးမှာ တစ်ဦးဟာ မြစ်ကြီးနားတက္ကသိုလ် သင်္ချာမဟာတန်း ဒုတိယနှစ် ကျောင်းသူ မမြတ်နိုးဝေ ဖြစ်တယ်လို့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပြီး ကျန်တစ်ဦးကတော့ သပိတ်ခေါင်းဆောင် လူငယ် ကိုကျော်မြင့်ထွန်း တို့ဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးပါဘူး။

မိုးညှင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ မိုးညှင်းနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသား (၁၂) ဦး၊ သပိတ်စစ်ကြောင်းဦးဆောင်သူ (၂) ဦး၊ အလွတ်တန်းသတင်းထောက်တစ်ဦးတို့ကိုလည်း တပ်မတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ-၅၀၅(က) ဖမ်းဝရမ်းထုတ်ခံထားရတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

မိုးညှင်းမြို့မှာ လက်ရှိအချိန်ထိ စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒပြတာကို ပစ်ခတ်ဖြိုခွင်းခံရလို့ သေဆုံးသူ သုံးဦးရှိနေပြီး လူ ၆၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myonyin-protest-attack-04192021032716.html

မိုးညှင်းမြို့မှာ သပိတ်စစ်ကြောင်းထွက်ချိန် လူငယ် နှစ်ဦး ဖမ်းဆီးခံရ  မိုးညှင်းမြို့မှာ သပိတ်စစ်ကြောင်းထွက်ချိန် လူငယ် နှစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 00:34 Rating: 5

No comments:

Powered by Blogger.