ဆန် တန်ချိန် ၂ သန်း ပြည်ပကို ဒီနှစ်တင်နိုင်ဖို့ ဆန်စပါး အသင်းချုပ်ရည်မှန်း

ပြည်တွင်းစားသုံးဖို့ ဆန်လုံလောက်တယ်လို့ ဆန်စပါးအသင်းချုပ် ဥက္ကဌကပြော

မြန်မာနိုင်ငံကနေ ဒီနှစ်မှာ ဆန် တန်ချိန် ၂ သန်း ပြည်ပကို တင်ပို့ဖို့ ရည်မှန်းထားတယ်ဆိုပြီး ဆန်စပါးအသင်းချုပ်က တာ၀န်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး နယူးယောက် အခြေစိုက် စီးပွားရေးနဲ့ စျေးကွက်ဆိုင်ရာ သတင်း အချက်အလက်တွေကို အထူးပြု ဆန်းစစ်တဲ့ ဘလွန်း(မ)ဘာ့ဂ် Bloomberg စာစောင်က ရေးပါတယ်။

စစ်အာဏာသိမ်းခံရမှု နောက်ဆက်တွဲ အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကို အထူးသဖြင့် အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ မြို့နေဆင်းရဲချို့တဲ့ မိသားစုတွေ သန်းပေါင်းများစွာ ခံရလိမ့်မယ်ဆိုပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဥ် WFP က သတိပေးနေချိန်မှာပဲ ဆန်တင်ပို့မှုကို ရည်မှန်းချက် ပြည့်မှီအောင် တင်ပို့နိုင်ဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်။


ဒါပေမယ့် လာမယ့်လတွေမှာ တစ်နှစ်လုံး အတွက် ရည်မှန်း တန်ချိန် ၂ သန်း ပြည့်မှီအောင် တင်ပို့နိုင်ဖွယ် ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲ နှစ်စဥ် ဆန်တန်ချိန် ၁၄ သန်းကနေ ၁၅ သန်းကြား ထွက်ပြီး၊ ပြည်ပကို ၂ သန်းနဲ့ ၃သန်းကြား တင်ပို့လေ့ရှိပါတယ်။

လက်ရှိမှာတော့ စစ်အာဏာသိမ်းခံရတာရဲ့ နောက်ဆက်တွဲ အကြမ်းဖက်ဖြစ်ရပ်တွေ၊ သွေးထွက်သံယို ဖြစ်မှုတွေ၊ တိုက်ပွဲတွေ ပေါ်ပေါက်နေပြီး၊ မြန်မာ့စီးပွားရေးဟာ အခုနှစ်ထဲ ၁၀% ကျဆင်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ပြည်တွင်းစားသုံးမှု အတွက် ဆန်အလုံအလောက် ရှိပေမယ့်၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် ဆင်းရဲချို့တဲ့သူတွေ အတွက် ပိုပြီး အကျပ်အတည်း ကြုံရနိုင်တယ်လို့ ဦးရဲမင်းအောင်က ဘလွန်းမ်ဘာ့ဂ်ကို ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် နောက် အခြေခံစားကုန်ဖြစ်တဲ့ စားသုံးဆီကို ကြည့်ရင်လည်း ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် လူအများသုံးစွဲတဲ့ ပြည်ပကသွင်းတဲ့ ဆီတွေ ပိုစျေးမြင့်လာနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိ ဆန်ပြည်ပတင်ပို့မှုကို ကြည့်ရင်တော့ ဘဏ်စနစ်မှာ အခက်အခဲတွေ ရှိလာသလို ငွေသားနဲ့ ပေးချေနိုင်မှုတွေလည်း ကျဆင်းလာနေပါတယ်။ သယ်ယူပို့ဆောင်ရေး စားရိတ်လည်း အင်မတန်ကြီးလာပြီး ဆန်ကို ပြည်ပတင်ဖို့ရာ ကွန်တိန်နာတွေ ရနိုင်ဖို့လည်း ခက်နေပါတယ်။

မြန်မာ အနေနဲ့ ယှဥ်ပြိုင်မှုပြင်းထန်တဲ့ ကမ္ဘာ့ဆန်စျေးကွက်ထဲ နေရာရဖို့ ကြိုးစားနေချိန် အခုလို အခြေအနေတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ဆန် တန်ချိန် ၂ သန်း ပြည်ပကို ဒီနှစ်တင်နိုင်ဖို့ ဆန်စပါး အသင်းချုပ်ရည်မှန်း  ဆန် တန်ချိန် ၂ သန်း ပြည်ပကို ဒီနှစ်တင်နိုင်ဖို့ ဆန်စပါး အသင်းချုပ်ရည်မှန်း Reviewed by THITHTOOLWIN on 23:35 Rating: 5

No comments:

Powered by Blogger.