စစ်ရေးတင်းမာနေတဲ့ သီပေါမန်လီရွာဘက်နေအိမ်တွေ မီးထပ်လောင်


ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအုပ်စု လွယ်ပေါင်းကျေးရွာအနီးမှာ စစ်ကောင် စီတပ်တွေနဲ့ TNLA တပ်တွေ ဒီကနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ခဲ့တယ်လို့ မိုင်းယုလေးကျေးရွာသား ကိုရီ တောင်က ပြောပါတယ်။ စစ်ကောင် စီတပ်တွေဟာ မိုင်းယုလေးကျေးရွာဘက်ကို စစ်ကြောင်းနဲ့ မနေ့က ရောက်လာပြီး ဒီကနေ့မှာ လွယ်ပေါင်းကျေးရွာဘက်ကို တက်သွားတဲ့အချိန် ဆယ့်ငါးမိနစ်လောက် တိုက်ပွဲ ဖြစ်ခဲ့တာလို့ ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ TNLA ပြန်ကြားရေးတွေကို ဆက်သွယ်မေးမြန်းတာမှာ ဆက်သွယ်လို့ မရသေးပါဘူး။

မနေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း သီပေါ-နမ္မတူလမ်းပိုင်းပေါ်က မန်လီရွာအတွင်းကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်တွေ သေနတ်ဖောက် ဝင်ရောက်လာပြီး ရွာသားတွေကို ဖယ်ပေးဖို့ ပြောခဲ့တယ်လို့ မန်လီရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

RCSS တပ်က ရွာကနေအိမ်တချို့မီးရှို့လို့ ရွာစောင့်ကျန်နေတဲ့ ရွာသားတွေက ဝိုင်းငြှိမ်းချိန်မှာ RCSS တပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးတဲ့အတွက် ထွက်ပြေးရတယ်လို့ ပြောပါတယ်။

မန်လီရွာက အိုက်ကာ၊ ဒေါ်မေရှန်း၊ ခမ်စာ၊ ဒေါ်ရီဝိုင်းတို့ နေအိမ်တွေ မီးလောင်သွားတယ်လို့ ပြောပါတယ်။ မန်လီရွာသားငါးရာကျော်ဟာ သီပေါမြို့က ရေဟော်ဘုန်းတော်ကြီးကျောင်းနဲ့ စားသုံးသူရေးရာ ဂိုဒေါင်တွေမှာ ခိုလှုံနေကြတာပါ။

မန်လီရွာမှာ ၂၀၁၉ မတ်လအတွင်းကလည်း RCSS နဲ့ SSPP/TNLA တပ်ဖွဲ့တွေ တိုက်ပွဲကြောင့် အရပ်သားတွေ အဖမ်းခံရတာရှိသလို ရွာသားသုံးဦး ဒီနေ့အထိ နေအိမ်ပြန်မရောက်လာသေးပါဘူး။ တိုက်ပွဲနောက်ဆက်တွဲ မိုင်းနင်းမိတာ၊ မိုင်းပေါက်ကွဲတာတွေကြောင့် ရွာသားသုံးဦးထက်မနည်း သေဆုံးခဲ့ရတာရှိပါတယ်။

သီပေါ-နမ္မတူလမ်းပိုင်းပေါ်က မိုင်းမု-ပန်လုံ-မန်ကျန် -မန်လီရွာတွေဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ အတွက် စစ်ရေးအရအရေးပါတာကြောင့် နယ်မြေစိုးမိုးရေး အကြောင်းပြချက်နဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်နေတာပါ။ ပြီးခဲတဲ့ မတ်လ ၂၂ ရက်နေ့နောက်ပိုင်းမှာ သီပေါ-နမ္မတူလမ်းပိုင်းပေါ်က မိုင်းမု-ပန်လုံ-မန်ကျန်းကျေးရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ တအာင်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေ တိုက်ပွဲပြန်လည်ဖြစ်ခဲ့တာပါ။ မတ်လ ၂၉ ရက် နေ့မှာ ပန်လုံကျေးရွာတဝိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး နေအိမ်တွေအပေါ် လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသလို နေအိမ်အချို့ မီးလောင်ခဲ့ပါတယ်။ မတ်လ ၂၉ ရက်ကေန ဧပြီလ ၄ ရက်နေ့မနက်ပိုင်း တိုက်ပွဲကြောင့် ပန်လုံနဲ့ မန်ကျန်းရွာမှာ မီးလောင်တဲ့ နေအိမ် ၂၈ လုံးအထိရှိတယ်လို့ ကျေးရွာသားက ပြောပါတယ်။ ဒါ့အပြင် လက်ရှိတိုက်ပွဲဖြစ်တဲ့ ပန်လုံနဲ့ မန်လီကြားက ပန်သပြေ ဒုက္ခသည်စခန်းတွေအတွက် အကူအညီတွေ ပေးဖို့အခက်အခဲဖြစ်နိုင်သလို ထပ်မံထွက်ပြေးနေတဲ့သူတွေ အတွက်လည်း အခက်ခဲရှိတယ်လို့ မန်ဆာကျေးရွာသား အိုက်သိန်းက ပြောပါတယ်။ တိုက်ပွဲကြောင့် ဒုက္ခသည်တွေဟာ ပြန့်ကျဲထွက်ပြေးနေရပြီး သီပေါမှာ ငါးရာကျော်၊ မန်စံမှာ ငါးရာကျော်၊ ပန်သပြေမှာ လေးရာကျော်၊ ရေအိုးရွာမှာ နှစ်ရာကျော်၊ ကောင်း ဟုန်းရွာမှာ လူဦးရေ တစ်ရာ့ငါးဆယ်ကျော်ရှိနေပြီး ဆွေမျိုးတွေရှိတဲ့မြို့ကို တိမ်းရှောင်ရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ လူဦးရေ တစ်ရာကျော်ရှိတဲ့ နမ္မတူမန်စံကျေးရွာအကျော်က ကောင်းဟုန်းရွာမှာ ဆိုရင် ဘာအကူအညီမှမရလို့ အခက်အခဲရှိနေကြတယ်လို့ မန်ဆာရွာသား အိုက်သိန်းက ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး RCSS ပြန်ကြားရေးတာဝန်ခံတွေကို ဆက်သွယ်တာမှာ ဆက်သွယ်လို့ မရသေးပါဘူး။ TNLA ပြောခွင့်ရသူတွေကို ဆက်သွယ်တာမှာလည်း ဆက်သွယ်လို့ မရသေးပါဘူး။ SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းစု ကတော့ လက်ရှိဒေသအတွင်း တိုက်ပွဲတွေ ဆက်မဖြစ်ဖို့ RCSS နဲ့ ဆွေးနွေးပေမယ့် ညှိနှိုင်းလို့မရခဲ့ကြောင်း ပြောပါတယ်။

ဒီကနေ့နေ့လယ်ပိုင်းအထိ မန်လီကျေးရွာအနီး လက်နက်ကြီးပစ်ခတ်သံအချို့ကြားရသလို ပန်လုံမန်လီ လမ်းပိုင်းတစ်လျှောက် စစ်ရေးအခြေအနေက တင်းမာနေဆဲပဲလို့ မန်လီရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ သီပေါ မန်လီနဲ့ နမ္မတူ ပန်လုံရွာတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ရွာသားတစ်ထောင့်ငါးရာကျော်အထိ နေရပ်စွန့်ခွာနေရပါတယ်။

RFA Burmese



စစ်ရေးတင်းမာနေတဲ့ သီပေါမန်လီရွာဘက်နေအိမ်တွေ မီးထပ်လောင် စစ်ရေးတင်းမာနေတဲ့ သီပေါမန်လီရွာဘက်နေအိမ်တွေ မီးထပ်လောင် Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.