ဗြိတိန်နဲ့ အမေရိကရောက် မြန်မာတွေ ဆန္ဒပြ


စစ်အာဏာရှင်ဆန့်ကျင်ရေး ဗြိတိန်နိုင်ငံရောက်မြန်မာတွေစုဝေးပြီး လန်ဒန်မြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေ တင်းကြပ်ထားတာကြောင့် အရင်ရက်တွေက မြန်မာတွေ စုဝေးဆန္ဒပြခွင့်မရခဲ့ဘဲ ဧပြီလ ၃ ရက်နေ့ ဒီကနေ့မှာမှ လူအများဆုံး ပထမဆုံးအကြိမ် စုဝေးဆန္ဒပြခွင့်ရခဲ့ကြတာပါ။

လူအင်အား ၃၀၀၀ လောက်ဒီကနေ့ဆန္ဒပြရာမှာ ပါဝင်ခဲ့တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ လန်ဒန်မြို့က လူစည်ကားရာ လမ်းမတွေကိုဖြတ်ပြီး၊ ဗြိတိန်ပါလီမန်အဆောက်အဦရှေ့ ၊ အဲ့ဒီနောက် ဒေါင်းနင်းလမ်းကနေ ဗြိတိန်ဝန်ကြီးချုပ်နေအိမ်ရှေ့နဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Dominic Rabb ရဲ့ ရုံးရှေ့နဲ့ မြန်မာသံရုံးရှေ့ တွေကို ချီတက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို လူသုံးထောင်လောက် ပါဝင်ခဲ့တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာသက်ကိုကိုက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန်ဒီစီမှာလည်း ဒီကနေ့ မြန်မာတွေစုရုံး ဆန္ဒပြခဲ့ကြပါတယ်။

အာဏာသိမ်း စစ်တပ်ကို ထောက်ပံ့ပေးနေတဲ့ အကူအညီတွေကို ချက်ချင်းရပ်ဖို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ ရှရှားသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

ရှရှားအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေ ရပ်ဆိုင်းဖို့လည်း တောင်းဆိုကြပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ ရှရှားသံရုံးရှေ့က ဝါရှင်တန်ဒီစီမှာရှိတဲ့ အိန္ဒိယနိုင်ငံသံရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကနေလွတ်အောင် နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့သူတွေကို အိန္ဒိယအစိုးရဘက်က လက်ခံအကူအညီပေးဖို့ ဒီလိုဆန္ဒလာပြတောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတစ်ဦးကပြောပါတယ်။

စစ်အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုမှာပါဝင်တဲ့ အစိုးရဝန်ထမ်းတချို့ဟာ အိန္ဒိယနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးနေကြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ မြန်မာနိုင်ငံထဲက အလွှာစုံပြည်သူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကို အံတုပြီး လမ်းမပေါ်ထွက် ဆန္ဒပြနေကြသလို ပြည်ပရောက်မြန်မာနိုင်ငံသားတွေကလည်း မြန်မာစစ်တပ်အပေါ် နိုင်ငံတကာရဲ့ ဖိအားတွေ တိုးသထက်တိုးအောင် ရောက်တဲ့နိုင်ငံတွေမှာ ဆန္ဒပြလှုပ်ရှားမှုတွေ အရှိန်တိုးမြှင့်လာနေကြတာဖြစ်ပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီကနေ့အထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးတဲ့သူ ၅၀၀ ကျော်ရှိသွားပါပြီ။

RFA Burmese



ဗြိတိန်နဲ့ အမေရိကရောက် မြန်မာတွေ ဆန္ဒပြ ဗြိတိန်နဲ့ အမေရိကရောက် မြန်မာတွေ ဆန္ဒပြ Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.