"လူကောင်းသန်သန်မာမာကြီးဖမ်းသွားပြီးအလောင်းပဲပြန်ရတယ်ရှင်"

မြန်မာနှစ်ဆန်း ၁ ရက်နောက်ပိုင်းမှာ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်ရွာသားတွေ တောထဲပုန်းရှောင်

“ကျွန်မယောက်ျားက ဘာမှမလုပ်ဘဲနဲ့ သက်သက်မဲ့ကြီးဖမ်းသွားတယ်။ ပြီးတော့သတ်ပစ်လိုက်တယ်ဆိုတော့ ကျေတာကတော့ မကျေနပ်ဘူး။” လို့ ကိုကျော်နိုင်ရဲ့ ဇနီး မဌေးဆင့်က ဘီဘီစီကို ပြောပါတယ်။

ကိုကျော်နိုင်ဟာ ကနီမြို့တောင်ဘက် ချောင်းမရွာက ရွာသားတယောက်ပါ။

“ကျွန်မယောက်ျားက နိုင်ငံရေးလည်း မလုပ်ဘူး။ ဆန္ဒပြတဲ့အထဲလည်း မပါဘူး။ လက်နက်တွေဘာတွေကိုလည်း ဘာမှမသိဘူး။ ကိုင်လည်း မကိုင်ဖူးဘူး။ သူတို့ဘာကြောင့်ဖမ်းသွားမှန်းကို မသိလိုက်ဘူး။” လို့လည်း မဌေးဆင့်က ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်စဥ်မှာ သေဆုံးသူဟာ အရက်သောက်သုံးတတ်သူမို့ သကြားဓာတ်နည်းပြီး ရှော့ခ်ဖြစ်လို့ သေဆုံးတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁ ပတ်ကျော် ၂ ပတ်အတွင်း အချိန်တွေမှာ ယင်းမာပင်၊ ကနီအကြားရွာတွေကို စစ်တပ်နဲ့ ရဲအဖွဲ့က ၀င်ရောက်ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။ တချို့ရွာတွေမှာ ရွာသားတွေက တူးမီးသေနတ်နဲ့ ခုခံတိုက်ခိုက်ကြတဲ့ အတွက် သေဆုံးသူတွေ ရှိခဲ့ပါတယ်။ ယင်းမာပင်နဲ့ ကနီအကြားက သစ်ရာပင်၊ ဝင်းကုန်း၊ သီးကုန်း၊ ကပိုင် ဆိုတဲ့ရွာတွေမှာ စစ်မြေပြင်ပမာ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။

ရွာသားတွေရဲ့ အင်အားကို ဒရုန်းလေယာဥ်ငယ်တွေနဲ့ ထောက်လှမ်းစုံစမ်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အထိ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။ ရွာသားဆယ်ဂဏန်းနဲ့ချီသေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဥ်နောက်ပိုင်းမှာလည်း ကနီနဲ့ယင်းမာပင်ကြားနယ်တကြောမှာ စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ အတောမသတ်တရစပ်ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ အများအပြားက ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ ကိုကျော်နိုင်ကတော့ နိုင်ငံရေးမှာ ပါဝင်သူမဟုတ်တဲ့အတွက် ပုံမှန်အတိုင်း သွားလာနေထိုင်ခဲ့တယ်လို့ ဇနီးဖြစ်သူ မဌေးဆင့်က ဘီဘီစီကို ပြောပါတယ်။

ချောင်းမ

“မနေ့က (ဧပြီလ ၂၇ မှာ) အိမ်ကလူတွေက ယာကြီးမှာ ကားသွားယူမယ်ပလေ။ သူ့တူက အဖော်လိုက်ခဲ့ပါဆိုတော့ ဘာမှလည်းလုပ်ထားတာမရှိဘူးဆိုတော့ လိုက်သွားဆိုပြီး ထည့်လိုက်တာ။ မနက် ၁၀ နာရီခွဲလောက်မှာ ဖုန်းဆက်လိုက်တော့ ဖုန်းက ဘယ်လိုမှ ခေါ်မရတော့ဘူး။ လိုင်းကပိတ်သွားပြီ။ အဲဒါနဲ့မသင်္ကာလို့ လိုက်ရှာတော့ သင့်ကန်နားမှာ သူနဲ့ခင်တဲ့ ကောင်မလေးတယောက်က ဒီနားမှာ မြင်လိုက်တယ်လို့ ပြောတာ။ ကျွန်မတို့အတင်းလိုက်ရှာကြတော့ ယာကြီးရောက်ရော။ ယာကြီးရောက်တော့ သင့်ကန်နဲ့ ယာကြီးအကြားမှာ အကွေ့တကွေ့ပဲရှိတာ အဖမ်းခံရရင် အဲဒီနေရာပဲ ဖြစ်မှာလို့ ကျွန်မတို့ကတွက်လိုက်တယ်။ ဒါပေမဲ့တော်တော်နဲ့ စုံစမ်းလို့မရဘူး။”

“နေဝင်ရိုးရီလောက်ကျမှ သတင်းကရတာ။ ကနီကရဲတွေက ဖမ်းသွားတယ်။ အချုပ်ထဲမယ်၊ ဘာမှမလုပ်ဘူးလို့ သူတို့ကပြောတာ။ တူလေးရဲ့ဦးလေးကလည်း သူအာမခံတယ် တာဝန်ရှိတဲ့ ရဲတွေလက်ထဲ စစ်သားတွေလက်ထဲရောက်သွားပြီဆိုရင် ဘာမှမဖြစ်ဘူးပလေ၊ ကိုယ်ကဘာမှ လုပ်ထားတာမှ မဟုတ်ပဲ၊ စိတ်ချနေ၊ မနက်ကျမှလိုက်မယ်လို့ပြောတော့ ကျွန်မတို့လည်း စိတ်ချပြီး အေးအေးဆေးဆေးနေလိုက်တာ။”

ငှားလာတဲ့ဆိုင်ကယ်ကို ယာကြီးရွာမှာ ကားနဲ့သွားလဲဖို့အတွက် ကိုကျော်နိုင်ဟာ သူ့တူ ကိုဇော်ဝင်းမောင်နဲ့အတူ အဖော်လိုက်လာခဲ့ပါတယ်။ ဧပြီလ ၂၇ ရက်နေ့မနက်ခင်းမှာ သူတို့ ချောင်းမကနေ ထွက်လာတာဖြစ်ပါတယ်။

ကိုကျော်နိုင်က အသက် ၃၅ နှစ်ရှိပါပြီ။ သူ့တူကိုဇော်ဝင်းမောင်က အသက် ၂၀ ကျော်ဖြစ်ပါတယ်။ ယာကြီးနဲ့သင့်ကန်အကြားမှာ ရဲကတားပြီး စစ်ဆေးမေးမြန်းပါတယ်။

“ကားသွားယူတယ်ဆိုရင် စစ်ဆေးမေးမြန်းနေမှာစိုးလို့ အပျိုလည်သွားတာလို့ သူတို့ကပြောတယ်တဲ့။ မြင်လိုက်တဲ့သူကပြန်ပြောပြတာ။ အဲဒါ သူတို့ကို မလေးမစားပြောတယ်ဆိုပြီး ဖမ်းသွားတာတဲ့။”

မဌေးဆင့်က ဘီဘီစီကို ပြောပြပါတယ်။ အပျိုလည်တယ်ဆိုတာ အပျိုအိမ်ကိုသွားလည်တယ်လို့ ပြောတာပါ။ အပျိုရှိရာကို ပိုးဖို့ပန်းဖို့သွားတာလို့ပြောတာပါ။

မပြောပလောက်တဲ့ အကြောင်းနဲ့ ဖမ်းဆီးသွားတာဆိုတော့ ခဏချုပ်ပြီး ပြန်လွှတ်လိုက်မယ်လို့ ထင်ထားခဲ့ကြပါတယ်။ နောက်တနေ့မနက်မှာတော့ ကိုကျော်နိုင်ရဲ့ ဇနီးနဲ့ လူကြီးနှစ်ယောက်လာခဲ့လို့ ရဲစခန်းက ဆင့်ခေါ်လိုက်ပါတယ်။

“ရဲစခန်းရောက်တော့ ကျွန်မတို့ကို မှတ်ပုံတင် နံပါတ်တွေမေးတယ်။ နောက်ပြီးတော့ ဘာအလုပ်အကိုင်တွေလုပ်လဲလျှောက်မေးတယ်။ အဲသလိုမေးပြီးတော့ ‘ပြောရမှာတော့ စိတ်မကောင်းဘူး၊ ဆုံးသွားပြီ’တဲ့။ အဲသလိုပြောတယ်။ လူကောင်းသန်သန်မာမာကြီးကို ဘာအပြစ်မှ မရှိဘဲ ဖမ်းသွားပြီး အလောင်းပဲပြန်ရတယ်ရှင်။ ပြောရမှာတော့ စိတ်မကောင်းဘူး၊ ဆုံးသွားပြီတဲ့။ လူတယောက်အသက်ကို သူတို့ပြောတော့လွယ်လိုက်တာ။”

“ရင်ခွဲရုံအခန်းထဲမှာ စားပွဲပေါ်တင်ထားတာ။ ကျွန်မတို့မလာသေးတော့ မိသားစု ခွင့်ပြုချက်မရဘဲ ခွဲမရလို့စောင့်နေတာတဲ့။ ကျွန်မက အဲဒါဆို ခွင့်မပြုဘူး၊ မခွဲချင်ဘူး၊ ဒီအတိုင်းပြန်ယူသွားမယ်ဆိုတော့လည်း အဲသလိုကျရင်တော့ မရဘူးပလေ။ အဲသလိုပြောလို့ ခွဲလိုက်ရတယ်။”

ကိုကျော်နိုင်သေဆုံးရတာဟာ အရက်သောက်တဲ့လူမို့ သကြားဓာတ်နည်းပြီး ရှော့ခ်ဖြစ်လို့ သေဆုံးရတာလို့ ရဲအဖွဲ့ကဆိုပါတယ်။

“ကိုကျော်နိုင်က အရက်သောက်တတ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ယာကြီးကိုသွားတုန်းကလည်း သောက်မသွားပါဘူး။ မနေ့ကလည်း ဖမ်းသွားပါတယ်ဆိုမှ ဘယ်လိုလုပ်သောက်ရမှာတုန်း။ ရှော့ဖြစ်တယ်သာပြောတယ်။ ရိုက်ထားတာကတော့ ရက်ရက်စက်စက်ပဲ။”

စစ်ကိုင်းတိုင်းအတွင်းကနီမြို့နယ်မှာ စစ်ဘေးရှောင်နေကြရတဲ့ပြည်သူများ

“သူတို့ကလူမြင်ကွင်းကိုမရိုက်ဘူး။ မျက်နှာတွေက ဒီအတိုင်းပဲ၊ အခြေအနေကောင်းသေးတယ်။ အဲဒီလူမမြင်တဲ့နေရာတွေ လှိမ့်ရိုက်တာ။ ချိုင်းအောက်တွေ၊ ပေါင်တွင်းကြောတွေ၊ ဆီးခုံရဲ့အောက်နားလေး၊ ရင်ဘတ်တွေရော၊ လက်အုံတွေရော၊ ကျောကုန်းမှာဆိုရင်လည်း ဖိနပ်ရာတွေကို ထင်လို့။ အိမ်ရောက်မှ သေသေချာချာသိရတာ။ ဟိုမှာတုန်းကတော့ ရင်ဘတ်အုံနဲ့ ကုပ်ပိုးတွေညိုမည်းနေပြီး နားရွက်တွေပြာနေတာတွေ့တော့ ‘ဟော်တော် ဒီဟာတွေက ဘယ်လိုဖြစ်တာတုန်း’လို့ ကျွန်မကမေးတော့ ‘ဒီလောက်နဲ့တော့ မသေနိုင်ဘူး၊ မသေနိုင်ဘူး’တဲ့။ သူတို့က အဲသလိုအတင်းပြောတယ်။ နို့အုံပေါ်မှာဆိုရင် တုတ်ချောင်းရာနှစ်ချက်ထင်လို့။ ကုပ်ပိုးတွေလည်း ညိုပုပ်လို့၊ နားရွက်တွေကလည်း ပြာနောက်လို့။ ကျောတွေမှာလည်း ရက်ရက်စက်စက်ရိုက်ထားတာ။”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရဲစခန်းတွေထဲကို ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်ဝင်သွားပြီး ထမ်းစင်နဲ့ ပြန်ထုတ်လာရသူတွေဟာ အရေအတွက် တော်တော်များနေပါပြီ။ ကိုကျော်နိုင်လည်း တယောက်အပါအဝင်ဖြစ်ပါတယ်။

ကိုကျော်နိုင်ဟာ ကျပန်းအလုပ်လုပ်ကိုင်ပါတယ်။ အငှားအရမ်းရှိရင်လိုက်တယ်။ တောင်သူလုပ်ငန်းနဲ့ ပတ်သက်ပြီး အကူအညီခေါ်ရင်လုပ်ပါတယ်။ ဇနီးမဌေးဆင့်က စက်ချုပ်ပါတယ်။ သူတို့ဟာ ဆင်းရဲတဲ့မိသားစုပါ။ ကိုကျော်နိုင်မှာ သမီး ၂ ယောက်ရှိပါတယ်။ သမီးအကြီးက လေးတန်းအောင်ဖြစ်ပါတယ်။ ၄ နှစ်ခွဲ သမီးငယ်က မူကြိုတက်နေပါတယ်။

သူ့ကို ဧပြီလ ၂၈ ရက်နေ့မှာပဲ ချက်ချင်းသင်္ဂြိုဟ်လိုက်ပါတယ်။ သူ့ဇနီးကအခုလိုပြောပါတယ်။

“ထပ်ပြီးနှောင့်ယှက်မှာစိုးလို့ မြန်မြန်သင်္ဂြိုဟ်လိုက်တာပါ” တဲ့။


BBC Burmese

https://www.bbc.com/burmese/burma-56937436

"လူကောင်းသန်သန်မာမာကြီးဖမ်းသွားပြီးအလောင်းပဲပြန်ရတယ်ရှင်"  "လူကောင်းသန်သန်မာမာကြီးဖမ်းသွားပြီးအလောင်းပဲပြန်ရတယ်ရှင်" Reviewed by THITHTOOLWIN on 23:31 Rating: 5

No comments:

Powered by Blogger.