မြန်မာပြည်အလယ်ပိုင်းက နှစ်ဆန်းတရက်နေ့ ဆန္ဒပြပွဲတခု (ဓာတ်ပုံ- citizen journalist) |
စစ်ကိုင်းတိုင်း ကနီမြို့ အပါအဝင် မြို့နယ်တွင်းက ကျေးရွာ တဒါဇင်လောက်က ဒေသခံတွေ စစ်တပ်ကို စိုးရိမ် ကြောက်ရွံ့မှုကြောင့် သစ်တောတွေတွင်း ထွက်ပြေး တိမ်းရှောင်နေရတာ သတင်း ၂ ပတ် နီးပါး ရှိလာပါပြီ။ ယင်းမာပင်နဲ့ ကနီကြား ဒေသ ၃ ခုမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေကို ပစ်ခတ် နှိမ်နင်းတဲ့ စစ်တပ်နဲ့ ဒေသခံတွေကြား သွေးထွက်သံယို ထိပ်တိုက်တွေ့ခဲ့ပြီးနောက် ကနီမြို့နယ်တွင်း ကျေးရွာတွေကို စစ်တပ်က လိုက်လံ ရှာဖွေနေတာပါ။ ကနီ ဒေသခံ တဦးကို မသိင်္ဂ ီထိုက် ဆက်သွယ်ပြီး နောက်ဆုံးရ အခြေအနေတွေ မေးမြန်းထားပါတယ်။
မသိင်္ဂ ီထိုက်။ ။ ကနီမြို့ရဲ့ လောလောဆယ်အခြေအနေနဲ့ပက်သက်ပြီး ပြောပြပါဦး။
ဒေသခံ။ ။ လောလောဆယ်အခြေအနေကတော့ ရွာတွေတော်တော်များများ ထွက်ပြေးနေတယ်ခင်ဗျ။
မသိင်္ဂ ီထိုက်။ ။ ဘယ်ရွာတွေ ထွက်ပြေးနေရပါသလဲရှင့်။
ရွာခံ။ ။ ကနီရဲ့ တောင်ဘက်အခြမ်း ပြောရမှာပေါ့နော်။ ကနီရဲ့ တောင်ဘက်ကစပြီးတော့ ကျနော်တို့ချောင်ပန်းနဲ့ကြားပေါ့။ ကနီ ပြီးရင် ရှမ်းချောင်းရှိမယ်။ ကနီ၊ ရှမ်းမြောင်း၊ တဇယ်ချောင်၊ ပန်းဆိုင်း၊ ငါးဖျက်၊ မုဌော အရှေ့ရွာ- အနောက်ရွာ၊ သမင်းခြံ၊ မင်းမ၊ သင့်ဝင်၊ ချောင်းမ အဲဒီရွာတွေ အကုန်လုံးနီးနီးပြေးနေရတယ်။
မသိင်္ဂ ီထိုက်။ ။ ဘယ်လိုဖြစ်လို့ပြေးရပါသလဲရှင့်။
ဒေသခံ။ ။ အိမ်တွေထဲ၊ ရွာတွေထဲမှာ လိုက်ပြီး မွှေနေလို့ပါ။
မသိင်္ဂ ီထိုက်။ ။ မွှေနေတယ်ဆိုတာက ဘယ်သူတွေပါလဲရှင့်။
ဒေသခံ။ ။ စစ်ကောင်စီကပေါ့။
မသိင်္ဂ ီထိုက်။ ။ စစ်ကောင်စီဆိုတာက စစ်သားတွေလား၊ ရဲတွေလားရှင့် ။ ဘယ်သူတွေပါလဲ ။
ဒေသခံ။ ။ စစ်သားတွေ ။
မသိင်္ဂ ီထိုက်။ ။ ဘယ်လို ဖြစ်လို့သူတို့က ရွာတွေထဲကို ဆင်းတာပါလဲရှင့်။ ဒီ ကနီမြို့ပေါ်မှာ မဟုတ်ပဲနှင့်။
ဒေသခံ။ ။ အမတို့သိခဲ့တဲ့အတိုင်းပဲလေ။ သပြေအေး ကိစ္စတွေလို ဒီဘက်မှာ ဖြစ်ထားတဲ့ တိုက်ပွဲတွေရှိတော့။ ကျနော့် အထင်တော့ လက်နက်ကိစ္စလို့ထင်တာပဲ။ လက်နက်တွေဘာတွေ လိုက်စစ်တယ်ထင်တာပဲ။
မသိင်္ဂ ီထိုက်။ ။ ဒီရွာတွေမှာ ဘယ်ဟာနဲ့ဆက်စပ်ပြီးတော့ သူတို့က ရှာတာပါလည်းရှင့် ။
ဒေသခံ။ ။ တော်တော်များများကတော့ ကျနော်တို့ဒီဘက် သပြေအေးကိစ္စရယ်၊ နောက်ပြီးတော့ လည်ရှည် မှာတခါဖြစ်တယ်။ တရွာတောင် လဘို့ဘက်မှာတခါဖြစ်တယ်။ အဲဒီ သုံးပွဲနဲ့ဆက်စပ်တယ်လို့တော့ ကျနော်ထင်တာပဲ။ အဲဒီမှာ ပြည်သူဘက်က ခုခံတာတွေရှိတော့ အဲဒီလက်နက်တွေဘာတွေ ဝင်ရှာရင်းနဲ့အဲလိုလုပ်တယ်လို့ထင်တာပဲ။
မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ အခုလက်ရှိ ကနီမြို့ပေါ်မှာ နေရတဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဒေသခံ။ ။ မြို့ပေါ်တွေကလည်း တော်တော်များများကတော့ ထွက်ပြေးနေရတယ်။ မြို့ပေါ်မှာလည်း စစ်တပ်က ရှိတယ်လေ။ အများကြီးတော့ မဟုတ်ဘူးပေါ့။ တပ်ဖြန့်ထားတဲ့ သဘောပေါ့။ တနယ်လုံးနီးနီးဖြန့်ထားတာပေါ့။ စစ်သားတွေကိုလေ။
မသိင်္ဂ ီထိုက်။ ။ ထွက်ပြေးနေကြတယ်ဆိုတော့ ကနီကနေ ဘယ်ကိုထွက်ပြေးနေကြပါလဲရှင့်။
ဒေသခံ။ ။ ကျနော်တို့ဘက်က သစ်တောတွေရှိတော့၊ အဲဒီတောပြုတ်ကလေးတွေရှိတော့ အဲဒီတောပြုတ်ကလေးတွေထဲ ထွက်ပြေးကြတာများတယ်။
မသိင်္ဂ ီထိုက်။ ။ တခြားမြို့ကို ပြောင်းတာမဟုတ်ပဲနဲ့ တောတွေထဲကို သွားရှောင်နေကြတာလား။
ဒေသခံ။ ။ ဟုတ်တယ်ခင်ဗျ ။ ဟုတ်တယ်။
မသိင်္ဂ ီထိုက်။ ။ ဘယ်လောက်ကြာပြီလဲရှင့်။ အဲဒီအခြေအနေက။
ဒေသခံ။ ။ အစောပိုင်းတုန်းကတော့ ရံဖန်ရံခါပေါ့။ အခုတော့ ရက်ဆက်ဆိုသလို ရှောင်နေရတာများတယ်။
မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ ကနီကို လုံခြုံရေး စစ်တပ်တွေဝင်တာ ဘယ်လောက်ကြာပါပြီလဲရှင့်။
ဒေသခံ။ ။ သင်္ကြန်မတိုင်ခင်ထဲက အမရေ။ သင်္ကြန်မစခင် ရက်ပိုင်းလောက်ကတည်းက။
မသိင်္ဂ ီထိုက်။ ။ အဖမ်အဆီးရောရှိပါသလား။
ဒေသခံတဦး။ ။ အဖမ်းအဆီးက အစောပိုင်းက မသင်္ကာတဲ့ လူတွေကို သူတို့ဖမ်းတယ်။ ဖမ်းပြီး စစ်ဆေးပြီး သူတို့ပြန်လွှတ်တာတွေက များပါတယ်။
မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ အကျအဆုံးရော ရှိပါသလားရှင့်။
ဒေသခံ။ ။ အကျအဆုံးတွေက ကျနော်တို့မြေပြင်အခြေအနေအရ အကုန်လုံးကြီး တိတိကျကျတော့ မပြောနိုင်ဘူးခင်ဗျ။ ဒါပေမယ့် အကျအဆုံးတွေကတော့ ရှိနေတယ်။
မသိင်္ဂ ီထိုက်။ ။ အခုထွက်ပြေးနေကြတဲ့လူတွေကရော သစ်တောထဲမှာ လုံခြုံပါရဲ့လာရှင့်။ ဘယ်လို နေနေကြရတယ်လို့သိထားပါသလဲ။
ဒေသခံ။ ။ သစ်တောထဲမှာကတော့ တောဘက်ဒေသတွေဆိုတော့ သူတို့နယ်မြေမကျွမ်းကျင်တော့ နည်းနည်းတော့ အရမ်းကြီးတော့ သူတို့မဝင်ရဲ့ဘူးပေါ့။ ဒါပေမယ့် လုံခြုံတယ်လို့တော့ မခံစားရပါဘူး။
မသိင်္ဂ ီထိုက်။ ။ ရှောင်ရတဲ့သူတွေ ဘယ်လို နေနေကြရပါသလဲရှင့်။ ဒေသခံ။ ။ ရှောင်ရတဲ့သူတွေက စားရေးသောက်ရေး နည်းနည်းတော့ အခက်အခဲရှိတာပေါ့နော်။ အရေးပေါ်ရှောင်ရတဲ့ အခါကျတော့။
မသိင်္ဂ ီထိုက်။ ။ အဲဒီ ရှောင်နေရဲ့သူတွေနဲ့ရော ၊ မြို့ပေါ် အဆက်အသွယ်၊ သူတို့ရဲ့ အခြေအနေ၊ အဲ
ဒါတွေရော သိကြပါရဲ့လားရှင့်။ သီးခြားဖြစ်သွားပါလား။ ဘယ်လို ရှောင်နေကြပါလဲ။
ဒေသခံ။ ။ ရှောင်တဲ့အခါတော့ တရွာနဲ့တရွာကတော့ အချိတ်အဆက်လေးတွေတော့ ရှိကြတယ်ခင်ဗျ။ တခါတလေတော့ သတင်းမှားတွေ ဘာတွေတော့ တက်တာတွေရှိပါတယ်။ အဆက်အသွယ်လေးတွေတော့ ရှိကြပါတယ်။ အခုလောလောဆယ်တောင် ကျနော်တို့ရွာရဲ့ အနောက်မြောက်ဘက်မှာ တဲစုရွာလေးရှိတယ်ခင်ဗျ။ အဲဒီမှာ စစ်သားတွေ ဝင်စီးတယ်လို့ကြားတယ် ခင်ဗျ။ ကျနော်လှမ်းပြီး ခုနက သတင်းကြည့်တယ်။ အခုလည်း ဖုန်းတွေ ခဏခဏ ဝင်နေတယ်။
မသိင်္ဂ ီထိုက်။ ။ သူတို့က ခဏ ခဏ ဝင်စီးတော့ ရွာထဲက ဘယ်လောက် စိုးရိမ်စရာရှိလို့ထွက်ပြေးကြပါသလဲ။ ရိုက်နှက်လို့လား။ ဘာ့ကြောင့်ပါသလဲ။
ဒေသခံ။ ။ တော်တော်များများကတော့ လက်ရှိအနေအထားအရ တခြားနယ်တွေမှာ ဖြစ်တာကို ကြားတာကို ကြောက်ကြတာပေါ့ဗျာ။ ရိုက်တာ၊နှက်တာ၊ ဖမ်းတာ၊ဆီးတာတော့ အဲလောက်ကြီး မလုပ်သေးဘူးဗျ။ ထိပ်တိုက်ကို မတွေ့သေးတဲ့ ပုံစံဆိုတော့။ ထိပ်တိုက်တွေ့ရင် ဘယ်လိုလုပ်မလဲဆိုတာတော့ မပြောတတ်ဘူး။ ထိပ်တိုက်အတွေ့မခံပဲနဲ့ တော်တော်များများက ရှောင်နေကြတယ်။
မသိင်္ဂ ီထိုက်။ ။ ရွာလုံးကျွတ်ဆိုတော့ ရွာထဲမှာ လူတွေ မရှိတော့တဲ့သဘောလားရှင့်။ ဒေသခံ။ ။ ဟုတ်တယ်ဗျ။ ဟုတ်တယ်။
မသိင်္ဂ ီထိုက်။ ။ စစ်သားတွေ၊ ရဲတွေက အဲဒီရွာတွေထဲကို သူတို့ဝင်ရှာပြီးတော့ ပြန်သွားတာလား။ ဒါမှ မဟုတ် အဲဒီရွာတွေထဲမှာ ဆက်ရှိနေတာပါလား။ ဘယ်လိုပါလဲရှင့်။ ဒေသခံ။ ။ သူတို့တပ်စွဲထားတဲ့ ရွာတွေကို တော့ ပြန်ပြန်လှည့်သွားတယ်။ ဟိုလို ရွာတိုင်းမှာတော့ အကြာကြီးနေတာတော့ မဟုတ်ဘူး။
မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ အဲဒီတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ပေါ့လေ။ လူတွေက အသက်အန္တရာယ်အရေး၊ ရိုက်ခံရမယ့်အရေးကြောင့် ထွက်ပြေးနေကြရတဲ့ အခါ သူတို့ ကျန်ခဲ့တဲ့ အိမ်တွေ ပစ္စည်တွေအတွက်ရော စိတ်ချရပါရဲ့လားရှင့်။
ဒေသခံ။ ။ ပစ္စည်း ပစ္စယကတော့ သိပ်ပြီး စိတ်မချရပါဘူး။ မနေ့ကဆို သူတို့ကျနော်တို့ရွာကို ဝင်လာတယ်။ ဝင်လာပြီးတော့ လမ်ဘေးကအိမ်တွေကို ဝင်ပြီး ကြက်တွေဖမ်းချက်စားတာတို့၊ အရက်ဘီယာတွေ တွေ့ရင် ဝင်ယူသောက်တာတို့အဲသလိုမျိူးလုပ်သွားတယ်။
လက်ရှိ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသတွေကတော့ ကနီမြို့ပေါ်၊ နောက် မြို့အနီး ရှမ်းမြောင်း၊ တဇယ်ချောင်၊ ပန်းဆိုင်း၊ ငါးဖျက်၊ မုဌော အရှေ့ရွာ- အနောက်ရွာ၊ သမင်းခြံ၊ မင်းမ၊ သင့်ဝင်၊ ချောင်းမ၊ လင်ပုန်းရည်၊ မိုးကောင်း ရွာတို့ ဖြစ်ပြီး ကနီမြို့နဲ့ ယင်းမာပင်မြို့နယ်ကြားက ရွာတွေ ဖြစ်ပါတယ်။ ထွက်ပြေး တိမ်းရှောင်နေရသူ အရေအတွက် အတိအကျ မသိရပေမယ့်လည်း လူပေါင်း ထောင်ချီ နေထိုင်တဲ့ ရွာကြီးတွေ ပါဝင်ပါတယ်။
မသိင်္ဂီထိုက်/ VOA Burmese
https://burmese.voanews.com/a/villagers-flee-forests-sagaing-division-Myanmar-/5867703.html
No comments:
Post a Comment