မြန်မာစစ်ခေါင်းဆောင်ကို လူသတ်မှုအတွက် စစ်ဆေးရန် AI အဖွဲ့တောင်းဆို


(၂၃-၄-၂၀၂၁)

ဂျာကာတာ အာဆီယံ အထူးအစည်းဝေးကို ရောက်လာမယ့် မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုကျုးလွန်ခြင်းအပါဝင် လူသတ်-အကြမ်းဖက်မှုတွေအတွက် အာဆီယံက စုံစမ်းစစ်ဆေးပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီနေ့တောင်းဆိုလိုက်ပါတယ်။

“အင်ဒိုနီးရှားဟာ ညှင်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးဆိုင်ရာ ကုလသမဂ္ဂစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်တဲ့အတွက် သူ့ရဲ့နယ်မြေပိုင်နက်ပေါ်ရောက်လာသူ၊ အပြစ်ရှိတယ်လို့စွပ်စွဲခံထားရသူကို ဖမ်းဆီးစစ်ဆေးဖို့ တာဝန်ရှိတယ်” လို့ AI ရဲ့ ကြေညာချက်က ထောက်ပြထားပါတယ်။

“မြန်မာနိုင်ငံက ပြသာနာတွေအပေါ် စစ်တပ်ကိုယ်စားလှယ်ရဲ့ တင်ပြချက်ကို အာဆီယံက ဘယ်လိုကိုင်တွယ်မလဲဆိုတာဟာ သမိုင်းဝင်စမ်းသပ်ချက်ကြီးဖြစ်တယ်” လို့ AI အဖွဲ့ရဲ့ ဒေသဆိုင်ရာ သုတေသနအရာရှိ Emerlynne Gil ကပြောပါတယ်။

“အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကိစ္စကို မဆွေးနွေးဘူးလို့ပြောထားတယ်။ ဒါပေမယ့် အခု မြန်မာ့ကိစ္စဟာ ပြည်တွင်းရေးမဟုတ်တော့ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဖြစ်နေပြီ၊ ဒေသတခုလုံးနဲ့ဆိုင်တဲ့ အရေးဖြစ်လာနေပြီ” လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါ့အပြင် အာဆီယံဒေသတွင်းရှိ အစိုရးမဟုတ်သောအဖွဲ့အစည်းများ NGO အဖွဲ့ ၄၅ ဖွဲ့ စုပေါင်းထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း -“လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ ကိုယ့်နိုင်ငံသား ကိုယ်သတ်ဖြတ်မှုတွေအတွက် မင်းအောင်လှိုင်ကို ဖမ်းဆီး စွဲချက်တင်ဖို့” တောင်းဆို ထားတာတွေ့ရပါတယ်။

ရွေးကောက်ခံအမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အာဆီယံ အနေနဲ့ မြန်မာ့အရေးကိုတကယ်အဖြေရှာချင်တယ်ဆိုရင်  ပြည်သူက ရွေးချယ်ထားတဲ့ သူတွေနဲ့ဆွေးနွေးဖို့လိုတယ်လို့ တောင်းဆိုထားတာကိုလည်း NGO ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်အပေါ် သြဇာကြီးတဲ့၊ ဆန္ဒပြသူတွေက မြန်မာစစ်တပ်ကိုကူညီနေတယ်လို့ မကြာခနစွပ်စွဲနေတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကတော့ အာဆီယံအစည်းအဝေးကနေ ပျော့ပျောင်းညင်သာတဲ့ နည်းလမ်းတခု ရှာနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

“မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အလုပ်တွေကို ပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်ဟာ အာဆီယံနဲ့ နီးနီးကပ်ကပ်ဆက်သွယ်ဆောင်ရွက်နေပါတယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီရေးအသင်း AAPP ရဲ့ သတင်းထုတ်ပြန်ချက်အရ ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားဦးရေဟာ ၇၃၉  ဦးကျော်နေပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူကတော့ ၃,၃၀၀ ကျော်ရှိနေပြီလို့ သိထားရပါတယ်။






Burma News Network

https://www.facebook.com/burmanewsnetwork

မြန်မာစစ်ခေါင်းဆောင်ကို လူသတ်မှုအတွက် စစ်ဆေးရန် AI အဖွဲ့တောင်းဆို မြန်မာစစ်ခေါင်းဆောင်ကို လူသတ်မှုအတွက် စစ်ဆေးရန် AI အဖွဲ့တောင်းဆို Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.