သေဆုံးသူစာရင်း AAPP ထုတ်ပြန်ချက် စစ်ကောင်စီငြင်းဆို

မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒပြပွဲအတွင်း သေနတ်ထိမှန်ခဲ့သူ တဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (မတ် ၁၇၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်တွေ အကြမ်းဖက်နှိမ်နင်းရာမှာ ဒီနေ့ထိဆိုရင် လူ ၇၅၅ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ AAPP မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးစာရင်းနဲ့ ပတ်သက်လို့ ဒီစာရင်းဟာ မမှန်ကန်ဘဲ ဖောင်းပွနေတယ်လို့ မြန်မာစစ်ကောင်စီက ကြေညာပြောဆိုပါတယ်။

တကယ်တမ်းသေဆုံးသူက ၂၄၀ ဦးဖြစ်ပြီး သူတို့ တဦးချင်းရဲ့ မှုခင်းဖြစ်ရပ်တွေကို အသေးစိတ် မှတ်တမ်းယူထားတယ်လို့လည်း မြန်မာစစ်ကောင်စီက ကြေညာပါတယ်။ အေအေပီပီရဲ့ စာရင်းဖော်ပြချက်ဟာ facebook လူမှုကွန်ယက်ကရတဲ့ အချက်အလက်တွေနဲ့ မမှန်မကန် ပြောဆိုမှုတွေကို ကိုးကားထားတယ်လို့လည်း ပြောပါတယ်။

အေအေပီပီ ပြောခွင့်ရသူကတော့ သူတို့စာရင်းဟာ မိသားစုဝင်တွေရဲ့ အတည်ပြုချက်၊ ရပ်ကွက်ကျေးရွာရဲ့ အတည်ပြုချက်တွေနဲ့ ကောက်ယူထားတာဖြစ်သလို သေဆုံးသူတဦးချင်းရဲ့ ဖြစ်ရပ်မှတ်တမ်းတွေကိုလည်း ပြုစုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗွီဒီယို ဓါတ်ပုံသက်သေအထောက်အထားတွေပါ ရှိတယ်လို့ ပြောပါတယ်။ ဥပမာအားဖြင့် ထားဝယ်မြို့က သေဆုံးသူ ကိုကျော်မင်းလတ်အမှုဆိုရင် စစ်ကောင်စီသေမှုသေခင်းထဲမှာ ဆိုက်ကယ်မှောက်လို့ ဦးခေါင်းကို ပြင်းထန်စွာဒဏ်ရာရတယ်လို့ ဖော်ပြပေမဲ့ ဒီဖြစ်ရပ်မှာ စစ်တပ်က ပစ်ခတ်လိုက်တာကို ဗွီဒီယိုမှတ်တမ်းတွေ ကမ္ဘာသိဖြစ်တယ်လို့လည်း အေအေပီပီ ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ မန္တလေးဆန္ဒပြပွဲမှာ သေဆုံးသူ မကြယ်စင်၊ နေပြည်တော်ဆန္ဒပြပွဲမှာ သေဆုံးသူ မသွယ့်သွယ့်ခိုင်တို့အပါအဝင် တချို့ဟာ ဆန္ဒပြသူအချင်းချင်းကြား ပစ်ခတ်လို့ သေဆုံးတာလို့လည်း ဖော်ပြပါတယ်။ ဒါ့အပြင် သေဆုံးသူတချို့ဟာ နှလုံးရောဂါမျိုး မူလအခံရောဂါ၊ ကိုဗစ်လို ကပ်ရောဂါကြောင့် သေဆုံးသူတွေဖြစ်တယ်လို့လည်း မြန်မာစစ်ကောင်စီက ကြေညာပါတယ်။

အေအေပီပီ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းဟာ သင်းဖွဲ့ဥပဒေအရ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့အပြင် အခုလို မမှန်မကန် ထုတ်ပြန်မှုတွေအပေါ်မှာ စုံစမ်းအရေးယူသွားမယ်လို့လည်း မြန်မာစစ်ကောင်စီက ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် စစ်အုပ်ချုပ်မှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်နှိမ်နင်းလို့ လူ ၇၅၅ ဦးသေဆုံးခဲ့တယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/aapp-list-myanmar-military-coup-protester/5869800.html

သေဆုံးသူစာရင်း AAPP ထုတ်ပြန်ချက် စစ်ကောင်စီငြင်းဆို သေဆုံးသူစာရင်း AAPP ထုတ်ပြန်ချက် စစ်ကောင်စီငြင်းဆို Reviewed by THITHTOOLWIN on 21:43 Rating: 5

No comments:

Powered by Blogger.