စစ်အုပ်ချုပ်ရေးကောင်စီသတင်းရှင်းလင်းပွဲနဲ့ VOA မေးမြန်းချက်များ

စစ်အုပ်ချုပ်ရေးကောင်စီသတင်းစာရှင်းလင်းပွဲ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ (မတ် ၂၃၊ ၂၀၂၁)

စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်တုံ့ပြန်နှိမ်နင်းရာမှာ အများပြည်သူရဲ့အခဲမကြေ မုန်းတီးမှုတွေဖြစ်လာစေမလား၊ သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell အမှု၊ မြန်မာနိုင်ငံအကြပ်အတည်းအတွက် တရုတ်နိုင်ငံရဲ့ကမ်းလှမ်းမှု၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရင်အစိုးရခေါင်းဆောင်တွေနဲ့ ညှိနှိုင်းမှုဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေကို ဒီကနေ့ ပြုလုပ်တဲ့ စစ်အုပ်ချုပ်ရေးကောင်စီသတင်းစာရှင်းလင်းပွဲမှာ VOA က မေးမြန်းခဲ့ပါတယ်။ ကိုယ်တိုင်တတ်ရောက် မေးမြန်းသတင်းယူခဲ့တဲ့ VOA သတင်းထောက် ကိုမိုးဇော်ကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ အခုနေပြည်တော်မှာ မြန်မာစစ်ကောင်စီက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို အခုဒီနေ့ သတင်းယူခဲ့တယ်ဆိုတော့ အဓိကက ဘာတွေမေးဖြစ်ခဲ့သလဲဆိုတာကို အကြမ်ဖျဉ်း ပြောပြပါလား။

ကိုမိုးဇော်။ ။ အခု လက်ရှိအခြေအနေမှာပေါ့လေ... ဒီ န.စ.က ကောင်စီဘက်ကနေပြီးတော့ သူတို့ ပြောတာကတော့ ဒီဆန္ဒပြပွဲတွေ အေးအေးချမ်းချမ်းဖြစ်တဲ့အချိန်မှာတော့ သူတို့ဘက်က ပစ်ခတ်နှိမ်နင်းတာမျိုးတွေ မရှိဘူးပေါ့။ နောက်ပိုင်းမှာ ဒီလိုမျိုးအကြမ်းဖက်မှုတွေ ရှိလာတယ်ဆိုတဲ့ အနေအထားမှာ သူတို့ဘက်က ပစ်ခတ်နှိမ်နင်းတာတွေရှိတယ်ဆိုတဲ့ဟာကို ပြောတယ်။ အဲဒီဟာတွေက မင်းမဲ့စရိုက်ဆန်တဲ့အနေအထားကြောင့်ဆိုပြီးတော့ သူတို့ဘက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောတယ်ပေါ့လေ။ ပြောတော့ ကျနော်တို့က ပြန်မေးပါတယ်။ အဲဒါဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဒီလုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အင်အားသုံးပြီး ဖြေရှင်းတယ်ဆိုတော့ ပြစ်တင် ရှုတ်ချတာတွေရှိတယ်ပေါ့။ ဒီ မြန်မာနိုင်ငံသားအများစုကလည်း အဲဒီပေါ်မှာ မကျေနပ်မှုတွေ ရှိနေတယ်။ အခဲမကြေတာတွေ ဖြစ်လာတယ်ပေါ့လေ။ အဲဒီအပေါ်မှာ တပ်နဲ့ ပြည်သူနဲ့က တဖြည်းဖြည်း ကင်းကွာလာတဲ့အနေအထားရှိတယ်။ ရှိတော့ အဲဒီအခြေအနေကို ဘယ်လို ဖြေရှင်းမလဲပေါ့။ အခု ပစ်ခတ်မှုနဲ့ စစ်အုပ်ချုပ်ရေးကိုရော၊ martial law တွေကိုရော ဘယ်အချိန်မှာ ရုပ်သိမ်းဖို့ ရှိမလဲဆိုတာမျိုး မေးဖြစ်ပါတယ် ခင်ဗျ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ ။ နိုင်ငံတကာကလည်း ပြောတဲ့ဟာတွေရှိပါတယ်။ ပြီးတော့ ခုဏက ပြောသလို ပြည်သူနဲ့ ကင်းကွာတယ်လို့ ခံစားရပါသလား။ ကင်းကွာနေတယ်လို့ မခံစားရပါဘူး ကျနော်တို့ကတော့။ မခံစားရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခါတလေမှာ ဆူးစူးနေတာကို နာမှာစိုးလို့မို့လို့ မထွင်လို့မရပါဘူး။ ဆူးစူးနေတာကို မနာစေချင်ရင် ထွင်ရမှာ ဖြစ်ပါတယ်။ ဆူးကြီးရင် ကြီးသလောက် အပ်ချိတ်ကြီးကြီး သုံးရပါလိမ့်မယ်။ ဆူးသေးရင် သေးသလောက် အပ်ချိတ်သေးသေးသုံးရပါလိမ့်မယ်။ အဲ့ဒီလိုကြောင့် အဲဒီဆူးကို အပ်နဲ့ ထွင်တဲ့အခါမှာ နာသင့်သလောက်နာပါလိမ့်မယ်။ နာသင့်သလောက်နာမယ်ဆိုတာ မထွင်ဘဲနေရင် ခြေထောက်၊ ဆူးစူးတဲ့ ခြေထောက် ဖြတ်ပစ်ရမှာမို့လို့ ထွင်နေခြင်းဖြစ်ပါတယ်။ ဆက်ပြီးထွင်ရပါလိမ့်မယ်။ ဆူးကြီးရင်ကြီးသလောက် နာပါလိမ့်မယ်။ ဒီအတွက်တော့ ခြေထောက်ကနေ ဦးနှောက်ကနေ မုန်းချင်မုန်းပါမယ်။ ပျောက်သွားရင် ဦးနှောက်နဲ့ ခြေထောက် တသားတည်း ဖြစ်သွားပါလိမ့်မယ်။ ကိစ္စမရှိပါဘူး။ ကျေးဇူးတင်ပါတယ်။

ကိုမိုးဇော်။ ။ ဒုတိယတခုကတော့ ခုဏ ဗိုလ်ချုပ်ရှင်းပြသွားပါတယ်။ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်တယ်ဆိုတဲ့အချက်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ သက်သေခံတဲ့ဟာတွေကိုလည်း ပြသသွားတာကို ကျနော်တို့ တွေ့ရတယ်ပေါ့လေ။ ဆိုတော့ ကျနော် မေးချင်တာ အဲဒီဟာမျိုးပေါ့ ဒီ သြစတြေးလျနိုင်ငံသား Sean Turnell ပေါ့... သူနဲ့ပတ်သက်လို့ သူရဲ့ ထုတ်ဖော်စွဲဆိုမှုတွေကြောင့်မို့လို့ ဒီမသမာတဲ့ နိုင်ငံရပ်ခြားက ယိုယွင်းစီးဆင်းမှုတွေရှိတယ်ဆိုတာမျိုး အစောပိုင်းတုန်းက သတင်းထုတ်ပြန်ထားတာတွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်လို့ အသေးစိတ် ထွက်လာတာမျိုးမရှိသေးဘူး။ ဒီပြောထားတဲ့ ကိစ္စတွေနဲ့ ပတ်သင်ပြီးတော့ပေါ့လေ။ အဲဒီတော့ ကျနော်အဓိက မေးလိုတာကတော့ Sean Turnell က ဒီ န.စ.က ကောင်စီနဲ့ ပူးပေါင်းပြီးတော့မှ အရင်အစိုးရရဲ့ ငွေကြေးမသမာမှုတွေ သက်သေခံမယ့် အနေအထားမျိုး ရှိလားဆိုတဲ့ဟာပေါ့လေ။ အဲဒီအမှုအကြောင်းကို ပိုပြီးတော့ အသေးစိတ် ပြောပြလို့ ရမလား။ နောက် သူထုတ်ဖော်တဲ့အချက်တွေက ပြီးခဲ့တဲ့ အစိုးရအကြီးအကဲတွေမှာ ဘယ်သူ့ကို ဦးတည်ပြီး တရားစွဲဆိုတာမျိုး ဖြစ်စေသလဲဆိုတဲ့အချက်လေး မေးလိုပါတယ်ခင်ဗျ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ ။ အဲဒါကတော့ အရင် ဖြေလိုက်မယ်။ ကျနော်တို့က သြစတြေးလျနိုင်ငံသား Mr Sean Turnell နဲ့ ပတ်သက်ပြီးတော့ သူ့ကို စစ်ဆေးနေတဲ့ဟာကတော့ မြန်မာနိုင်ငံလူဝန်မှုကြီးကြပ်ရေး အက် ဥပဒေပုဒ်မ ၁၃ (၁) နဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက် ဥပဒေ ၃/၁ ဃ နဲ့ ကျနော်တို့ စစ်ဆေးနေတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ စစ်ဆေးတာက အဲ့နှစ်ခုနဲ့ ပတ်သက်ပြီးတော့ပဲ စစ်ဆေးတာ ဖြစ်တယ်။ ခုဏပြောတဲ့ သူရဲ့ သံရုံးတာဝန်ရှိသူတွေရယ်၊ မိသားစုဝင်တွေနဲ့ ကျနော်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခွင့် နှစ်ကြိမ် ခွင့်ပြုထားပြီးသားဖြစ်ပါတယ်။ နောင်လည်း ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဒါပဲ ကျနော် ဖြေလို့ရပါမယ်။

ကိုမိုးဇော်။ ။ နောက်ဆုံးမေးခွန်းတခုပါဗျ။ မြန်မာနိုင်ငံမှာ ပြန်လည် သင့်မြတ်ရေးအတွက် ဘက်ပေါင်းစုံပေါ့... ထိတွေ့ဆွေးနွေးသွားမယ်လို့ ပြောထားတာ ရှိပါတယ်။ အဲဒီတော့ တရုတ်ဘက်က မြန်မာပြည်ကို ကမ်းလှမ်းဆက်သွယ်တာတွေ ရှိပါသေးလား။ တကယ်လို့ သူ့အနေနဲ့ လက်ရှိအခြေအနေမှာပေါ့လေ... ကမ်းလှမ်းဆက်သွယ်လာရင် လက်ခံဖို့ အခြေအနေများ ရှိပါသလား။ ကျနော်ဆိုလိုတာက ဟိုးအရင်အခြေအနေနဲ့ အခုအခြေအနေနဲ့များ အပြောင်းအလဲ ရှိနိုင်မလားပေါ့... အခု ဒီလိုမျိုးကမ်းလှမ်းလာတယ်ဆိုရင်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ ။ တရုတ်နဲ့ မြန်မာနိုင်ငံနဲ့က မဟာဗျူဟာမိတ်ဖက်နိုင်ငံတွေဖြစ်ပါတယ်။ ပြီးရင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံသည် အိမ်နီးနားချင်းနိုင်ငံတွေ ဖြစ်တဲ့အတွက်ကြောင့် တရုတ်တပ်မတော်နဲ့ မြန်မာ့တပ်မတော်၊ တရုတ်နိုင်ငံအစိုးရ၊ မြန်မာနိုင်ငံအစိုးရတို့သည် ယခင်ကအတိုင်း မြန်မာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ကျနော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံ ၅ နိုင်ငံရှိပါတယ်။ အိမ်နီးနားချင်း ၅ နိုင်ငံလုံးနဲ့လည်း ကျနော်တို့သည် ပူးပေါင်းဆက်သွယ်ဆက်ဆံနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့က အိမ်နီးနားချင်းနိုင်ငံရော၊ အာဆီယံနိုင်ငံနဲ့ရော၊ ကမ္ဘာ့နိုင်ငံတွေနဲ့ရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စီမံခန့်ခွဲရေးကောင်စီဥက္ကဋ္ဌ ပြောထားတာသည် လက်ရည်မပျက် ဆက်ဆံရေးကို ကျနော်တို့ ဦးတည်ဆောင်ရွက်ပါမယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ကတော့ အထူးသဖြင့်ပေါ့နော်... အိမ်နီးနားချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေက ပြောကြားချက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့လည်း အလေးအနက်ထား မှတ်သားဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံတရားဥပဒေပြန်လည်စိုးမိုးရေး၊ အခြေအနေ အေးချမ်းရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်တစားရှိတဲ့နိုင်ငံဟူသမျှရဲ့ ပြောဆိုချက်မှန်သမျှကိုလည်း ကျနော်တို့ အလေးထားပါတယ်။ ၎င်းတို့ရဲ့ သူတို့ပြောဆိုချက်အတိုင်းပဲ စေတနာထားတဲ့ဟာတွေကိုလည်း ကျနော်တို့က တန်ဖိုးထားပါတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။

ကိုမိုးဇော်။ ။ အခုလက်ရှိ ဖမ်းဆီးထားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ တခြားသော နိုင်ငံခေါင်းဆောင်မျိုးတွေ၊ အစိုးရခေါင်းဆောင်မျိုးတွေ၊ အရင်အစိုးရခေါင်းဆောင်မျိုးတွေနဲ့ ရှေ့ဆက်ဆွေးနွေးရမယ့်လမ်းကြောင်းမျိုးကို သူတို့က တိုက်တွန်းလာမယ်ဆိုရင်ရော... အဲဒီအနေအထားတွေက ဖြစ်လာနိုင်မယ့်အနေအထားရှိမလားခင်ဗျ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ ။ အဓိကကတော့ ကျနော်တို့ ပြောခဲ့သလိုပါပဲ။ ကျနော်တို့သွားမယ့်၊ ကျနော်တို့ ပြောထားတဲ့ ဦးတည်ချက် ၅ ရပ်၊ ရှေ့ လုပ်ငန်းစဉ် ၉ ရပ်ရဲ့ လမ်းကြောင်းအတိုင်းပဲ ကျနော်တို့သွားမှာ ဖြစ်ပါတယ်။

ကိုသားညွန့်ဦး။ ။ ဒါကတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်နဲ့ စစ်ကောင်စီခန့်တဲ့ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အပြန်အလှန်မေးမြန်း ဖြေကြားခဲ့တဲ့အပိုင်း ဖြစ်ပါတယ်။ ဒီတော့ ကိုမိုးဇော်ရေ ဗွီအိုအေအနေနဲ့က စစ်ကောင်စီကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ဒါ ပထမဦးဆုံးအကြိမ်တက်ရောက်တာပေါ့နော်။ အဲဒီတော့ ဒီသတင်းစာရှင်းလင်းပွဲမှာ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ်ရှိသလဲ၊ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် မေးခွင့်ရသလဲ။ အဲဒီအခြေအနေလေး သိချင်ပါတယ်။

ကိုမိုးဇော်။ ။ အခုကျနော်ကြည့်ရသလောက်တော့ တော်တော်များများကိုတော့ လွတ်လွတ်လပ်လပ်မေးခွင့် ရှိပါတယ်။ မေးတဲ့အမေးတွေကိုလည်း မေးခွန်းတိုင်းကို ပြန်လည်ဖြေကြားပေးတာတွေရှိတယ်ပေါ့။ တွေ့သလောက်ဆိုရင် ကျနော်တို့ ရန်ကုန်ကနေ လာတဲ့သတင်းသမားရော၊ တခြားလေ့လာသူရော၊ ဘာရောဆိုရင် အားလုံး ၂၇ ယောက်လောက် ရှိတယ်ဗျ။ နောက်နေပြည်တော်က သတင်းထောက်တွေလည်း လာတာတွေရှိပါတယ်။ အဲဒီတော့ အနည်းဆုံးကတော့ ၅၀ ပတ်ဝန်းကျင်လောက်မှာရှိမယ်လို့ ထင်ပါတယ်။

ကိုသားညွန့်ဦး။ ။ လက်ရှိ တကယ်တမ်း သတင်းမီဒီယာမှာ တကယ်လုပ်နေတဲ့ သတင်းသမားတွေရော တက်နိုင်ရဲ့လား။

ကိုမိုးဇော်။ ။ သတင်းဌာနကြီးတွေက တချို့ဟာတွေက လိုင်စင်ပိတ်ထားတဲ့ဟာမျိုးတွေရှိတော့ အဲဒီသတင်းဌာနတော်တော်များများကတော့ မတွေ့ရဘူးဗျ။


သားညွန့်ဦး/ VOA Burmese

    ကိုမိုးဇော်

https://burmese.voanews.com/a/myanmar-military-zawminhtun-presser/5825147.html

စစ်အုပ်ချုပ်ရေးကောင်စီသတင်းရှင်းလင်းပွဲနဲ့ VOA မေးမြန်းချက်များ စစ်အုပ်ချုပ်ရေးကောင်စီသတင်းရှင်းလင်းပွဲနဲ့ VOA မေးမြန်းချက်များ Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.