ဆန္ဒပြသမားတွေ သေဆုံးရတဲ့ အကြမ်းဖက်နှိမ်နင်းမှု နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့လို (ကုလအထူးကိုယ်စားလှယ် Tom Andrew)

မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်အာဏာရှင်ဟာ တရားဝင်မှုမရှိကြောင်းနဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်နေတာအတွက် ဒီစစ်အာဏာရှင်မှာ တာဝန်ရှိကြောင်း မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၂၂ ရက်ကနေ မတ်လ ၁၉ ရက်နေ့အထိ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီရဲ့ ၄၆ ကြိမ်မြောက်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေနေတွေကို အထူးကိုယ်စားလှယ်က တင်ပြခဲ့တာဖြစ်ပြီး သူတင်သွင်းတဲ့ အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်က ဘယ်လို အရပ်သားအစိုးရကို ဖြုတ်ချတာ၊ ပြည်သူအပေါ် သတ်ဖြတ်တိုက်ခိုက်တဲ့ ရာဇဝတ်မှုတွေ ဘယ်လို ကျူးလွန်တယ် ဆိုတာအပြင် တရားမဲ့ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်တင်ပြထားတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ငြိမ်းချမ်းစွာဆန္ဒပြသူ ၃၈ ယောက်သေဆုံးရတဲ့ ဗုဒ္ဓဟူးနေ့ ရဲနဲ့စစ်တပ်ရဲ့ ခြေမှုန်းမှု မျိုးဆိုရင် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့တုံ့ပြန် လိုအပ်ကြောင်းလည်း Tom Andrews က ပြောပါတယ်။

တရားမျှတမှု၊ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေးအတွက်ရပ်တည်ပြီး တောင်းဆိုဆန္ဒပြနေသူတွေကို စစ်အာဏာပိုင်တွေက နေ့စဉ်လိုလို တိုးပြီးရက်ရက်စက်စက် ခြေမှုန်းလာတာ တွေ့ရကြောင်းနဲ့ ကိုယ့်နိုင်ငံအနာဂတ်အတွက် သံဓိဌာန်ချလုပ်ဆောင်နေတဲ့ ဒီပြည်သူတွေကို နိုင်ငံတကာအသိုင်းဝိုင်း က အရေးတကြီး ပြတ်ပြတ်သားသား ထောက်ခံမှုပြရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သောကြာနေ့ကျင်းပမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ကောင်စီကနေ မြန်မာစစ်အာဏာရှင်အပေါ် ပစ်မှတ်ထားအရေးယူတာ၊ လက်နက်မရအောင်တားတာအပြင် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်းပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုတာ အထိ ပြတ်ပြတ်သားသား လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာကို ဆန့်ကျင်ပြီး အကြမ်းမဖက်ဆန္ဒပြနေတဲ့ CDM လှုပ်ရှားမှုဟာ တနေ့တခြားကျယ်ပြန့်လာနေတာဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လူထုအလိုမရှိတဲ့ တကယ်တမ်းတရားဝင်မှုမရှိတဲ့ အာဏာသိမ်းထားတဲ့ စစ်အာဏာရှင်ကို တရားဝင် အသိမှတ်မပြုဖို့ပါ တောင်းဆိုခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/tom-endrews-comment-on-the-death-of-protestors-/5802152.html

ဆန္ဒပြသမားတွေ သေဆုံးရတဲ့ အကြမ်းဖက်နှိမ်နင်းမှု နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့လို (ကုလအထူးကိုယ်စားလှယ် Tom Andrew) ဆန္ဒပြသမားတွေ သေဆုံးရတဲ့ အကြမ်းဖက်နှိမ်နင်းမှု နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့လို (ကုလအထူးကိုယ်စားလှယ် Tom Andrew) Reviewed by THITHTOOLWIN on 05:57 Rating: 5

No comments:

Powered by Blogger.