မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ လုံခြုံမှု မရှိတော့ဘူးလို့ Save The Children ပြော



မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ဆက်နွယ်ပြီး စစ်တပ်နဲ့ ရဲက သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းလို့ သေဆုံးရတဲ့ အသက် ၁၈ နှစ်အောက်ကလေး ၃၈ ယောက် ရှိနေပြီလို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မနေ့က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ကလေးတွေ ဟာ လုံခြုံမှုမရှိတော့ဘူးလို့ Save The Children အဖွဲ့နဲ့ ထိခိုက်မှုစာရင်းတွေပြုစုနေတဲ့ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က မန္တလေး၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်မှာ အသက် ၇ နှစ်အရွယ်သာရှိသေးတဲ့ မခင်မျိုးချစ်ဟာ သူ့အဖေရဲ့ ရင်ခွင်ထဲရှိနေချိန်မှာပဲ ဝမ်းဗိုက်ကို သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

ပြည်သူတွေကို ကာကွယ်မယ်ဆိုတဲ့ စစ်သားတွေ၊ ရဲတွေက တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေး တွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်နေတာလို့ မခင်မျိုးချစ်ရဲ့ အမ မအေးငြိမ်းစံက ပြောပါတယ်။

"မိသားစုတစ်ခုလုံး ကြေကွဲဝမ်းနည်းရတယ်။ ကိုယ့်ရဲ့သားသမီးတွေ ဆုံးရှုံးရတယ်ဆိုတော့လေ။ ထပ်တူထပ်မျှ ဝမ်းနည်းခဲ့ရတယ်။ သူတို့သားသမီးတွေလည်း နောက်နောင် ဒီလိုမျိုးမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပေးရမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကလည်း အဲဒီလောက်ကြီးတော့ ရက်စက်လိမ့်မယ် လို့ ကြမ်းတမ်းလိမ့်မယ်လို့ မထင်ထားဘူး။ လူကြီးမိဘတွေ၊ ကလေးတွေ၊ နောင်လာနောင်သားတွေကို ဒီလိုမျိုး ရက်ရက်စက်စက်သတ် လိမ့်မယ်လို့ စဉ်းစားလို့မရဘူး။ ပြောတော့ပြည်သူတွေကို ကာကွယ် ပေးမယ် ဆိုပြီးတော့ ပြည်သူလူထုကို ဒီလိုမျိုးရက်စက်တာ အဲဒါပြည်သူတွေကို ကာကွယ်တာလား။ သူတို့ကို ဘယ်လိုယုံကြည်လို့ရတော့မှာလဲ။ ရဲတွေရော၊ စစ်သားတွေရော ပြည်သူတွေက ဘယ်လိုယုံကြည် ရမလဲ အခုလိုမျိုးတွေ တွေ့လာရတော့။"

အလားတူ မတ်လ ၂၇ ရက်နေ့က ရွှေဘိုမြို့မှာလည်း အသက် ၁၃ နှစ်အရွယ် မောင်ထူးမြတ်ဝင်းဟာ အိမ်ထဲမှာ နေနေတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်တဲ့ကျည် ဝမ်းဗိုက်ထိမှန်သေဆုံးခဲ့ရပါတယ်။

သူ့ကလေးလိုအဖြစ်ဆိုးကို ဘယ်ကလေးကိုမှ ထပ်ပြီး မကြုံစေချင်တော့ဘူးလို့ မောင်ထူးမြတ်ဝင်းရဲ့ မိခင်က ပြောပါတယ်။
"ဒီကလေးလေးက ဘာမှလည်း မလုပ်တတ်သေးဘူး။ ဘာမှလည်း နားမလည်သေးဘူး။ ရှေ့က သပိတ် စစ်ကြောင်း လာရင်တောင် အိမ်ထဲမှာ သူ့ဟာသူနေတာ။ သူ့မှာ ဂိမ်းဆော့နေရရင်ငြိမ်နေတာ။ သူ့အလုပ် က ဒါပဲရှိတယ်။ ဘာမှလည်းမသိဘူး။ အဲဒါလေ နှမြောတယ်။ ကျွန်မသားလေး ၁၃ နှစ်၊ နားမလည်သေးတဲ့ အသက်အရွယ်လေးပါ။ နှမြောစရာကောင်းလိုက်တာ။ သူတို့ကပစ်ချင်ရင်လည်း မိုးပေါ်ကိုထောင်ပစ်ပေါ့။ ဘာဖြစ်လို့ တည့်တည့်ပစ်ရတာလဲ။ ခြောက်ပစ်ပေါ့ သပိတ်စစ်ကြောင်းတွေ လူစုကွဲစေချင်ရင် မိုးပေါ် ထောင်ပစ်ပေါ့။ ဘာဖြစ်လို့ တောက်လျှောက် ချိန်ပစ်ရတာလဲမသိပါဘူး။ ကလေးဆီကို ကျည်က တောက်လျှောက်ဝင်၊ ရင်ကွဲမတတ်ပါပဲ။ မိဘချင်းကိုယ်ချင်းစာပါတယ်။ ဘာမှအပြစ်မရှိတဲ့ ကလေးလေး တွေ ခံနေရတာ။"

အဲဒီနေ့မှာပဲ မိတ္ထီလာမြို့နယ် သီရိမင်္ဂလာရပ်ကွက်က နေအိမ်ထဲမှာ ရှိနေတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာလည်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ရင်ညွန့်ကျည်ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန်မြို့နယ် မီးရထားအိမ်ရာဝင်းထဲမှာ ပြေးလွှားဆော့ကစားနေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်စိုင်းဝေယံဟာလည်း စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် နောက်စေ့ကို ကျည်ဆန်ဖောက်ဝင် သေဆုံးခဲ့ရပါတယ်။

မတ် ၂၇ ရက် တစ်ရက်တည်းမှာ သေဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အောက် ကလေးအရေအတွက်ဟာ ၉ ဦးအထိရှိခဲ့ပြီး အဲဒီနေ့ဟာ ကလေးသူငယ်တွေသေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေရဲ့ အခြေအနေဟာ လုံခြုံမှု ကင်းမဲ့နေပြီလို့ ပြောပါတယ်။

“ဒီကလေးတွေက ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တယ်ပေါ့။ ဒီကလေးတွေကို ပစ်သတ်တဲ့ ကိစ္စသည် ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကို သတ်လိုက်တဲ့ကိစ္စဖြစ်တယ်။ အချို့ ကလေးတွေ ဆိုရင် အင်မတန်ငယ်သေးတယ် ၁၀ ပတ်ချာလည်ကလေးတွေပေါ့။ သူ့ဟာသူ အိမ်ထဲမှာ နေနေတဲ့ ကိစ္စကို အိမ်ထဲထိ ဝင်ပြီးတော့ ပစ်သတ်တဲ့ကိစ္စတွေက အင်မတန် ဆိုးဝါးပါတယ်။ ဒီနေ့အချိန်ဆိုလို့ရှိရင် ကလေးတွေရဲ့လုံခြုံရေးက ဘယ်လိုမှကို ဒီကလေးတွေက လုံခြုံမှုမရှိတော့ဘူး။ အသက်ရှင်ကျန်နေတဲ့ ကလေးတွေရဲ့စိတ်ထဲမှာလည်း ငါတို့လည်း မလုံခြုံပါဘူးဆိုတဲ့ စိတ်ခံစားမှုတွေ ရသွားကြပြီ။ စိတ်ဒဏ်ရာ အနာတရတွေ ရနေကြပြီပေါ့နော်။ ကလေးတွေရဲ့လုံခြုံမှုက လုံးဝကင်းမဲ့နေပြီလို့ ကျွန်တော်တို့က သုံးသပ်တယ်။”

အိမ်ထဲမှာနေပေမယ့် အချိန်မရွေး ပစ်သတ်ခံရနိုင်တာကြောင့် အားလုံးက စိုးရိမ်ပူပန်နေကြရသလို ကလေးတွေအတွက် စိတ်မကောင်းဖြစ်နေကြရတယ်လို့ သူကပြောပါတယ်။

စစ်တပ်ဆိုတာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရမယ့် အဖွဲ့အစည်းဖြစ်ပေမယ့် အပြစ်မရှိတဲ့ လက်နက်မဲ့ပြည်သူတွေကို ပစ်သတ်နေတဲ့ကိစ္စဟာ နိုင်ငံတစ်နိုင်ငံရဲ့ စစ်တပ် တစ်ခုရဲ့ လုပ်ရပ် မဟုတ်တော့ဘဲ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်မျိုးဖြစ်နေတာကြောင့် AAPP အနေနဲ့ စစ်တပ် တာဝန်ရှိသူ တွေ တစ်စုံတစ်ရာ တိုက်တွန်းတော့မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

Fortify Right လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကလည်း မြန်မာစစ်တပ်ဟာ ပြည်သူတွေကို အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ကြိုးပမ်းရာမှာ ကလေးသူငယ်တွေကိုပါ ပစ်မှတ်ထားလာတာ တွေ့ရ တယ်လို့ ထောက်ပြပါတယ်။

“လူထုကို အကြောက်တရားကို မွေးဖွားတာပေါ့နော်။ လူထုက အကြမ်းဖက်စစ်ကောင်စီကို တော်လှန် နေတဲ့ လုပ်ရပ်တွေကို နောက်ဆုတ်ရပ်တန့်သွားအောင် အကြမ်းဖက်တဲ့နည်းလမ်းတွေနဲ့ သုံးပြီးတော့ လူထုစိတ် ချောက်ချားအောင်၊ လူထုကြောက်ရွံ့သွားအောင်၊ နောက်ဆုတ်သွားအောင်လုပ်တဲ့ လုပ်ရပ် ဖြစ်တယ်ပေါ့နော်။ အဲဒီလုပ်ရပ်ကလည်း လူ့အခွင့်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာကလည်း ကန့်ကွက်နေတဲ့၊ UN ကလည်း ကန့်ကွက်နေတဲ့ ဒီကလေးသူငယ်တွေအပေါ် ပစ်မှတ်ထားတဲ့လုပ်ရပ်က အရမ်းကို ရက်စက်ယုတ်မာတဲ့ လုပ်ရပ် ဖြစ်တယ်ပေါ့။ လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ ဒါဟာ အရမ်းကို ဆိုးဝါးတဲ့လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်။ နောက် Crime Against Humanity လို့ ခေါ်တဲ့ လူသားမျိုးနွယ်အပေါ်မှာ ရက်စက်ယုတ်မာ ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲက တစ်ခုဖြစ်တယ်ပေါ့နော်။”

Save the Children အဖွဲ့ကလည်း မြန်မာနိုင်ငံမှာ ကလေးတွေဟာ လုံခြုံမှုမရှိတော့သလို နေ့စဉ်နဲ့ အမျှ ကလေးငယ်များစွာ သတ်ဖြတ်ခံနေရတဲ့ အချက်က လက်နက်ကိုင်အင်အားစုအနေနဲ့ လူ့ အသက်တွေကို လုံးဝအလေးမထားတော့တာကို ပြသနေတာပဲလို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေကို အသက်သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုတွေထဲမှာ ကလေးတွေဟာ ပစ်မှတ်အဖြစ် ဆက်ပြီးရှိနေတာကို အင်မတန်စိတ်ပျက်မိတယ်လို့လည်း ဆိုပါတယ်။

ကလေးတွေဟာ အကျပ်အတည်းကာလတွေမှာ အပြစ်ကင်းတဲ့ သားကောင်တွေဖြစ်နေတာကို အကြိမ်ကြိမ် တွေ့မြင်နေရပြီးတော့ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တစ်ခုတည်း သောနည်းလမ်းအဖြစ်၊ လူသားအားလုံးအပေါ်မှာ အကြမ်းဖက်မှုကို ရပ်တန့်ဖို့ကိုလည်း Save The Children အဖွဲ့က တိုက်တွန်း ထားပါတယ်။

မြန်မာနိုင်ငံက ကလေးသူငယ်တွေအရေးနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက် (Unicef) ကလည်း ကလေးငယ်တွေကို ဘေးအန္တရာယ်တွေ ကနေ ကာကွယ်ဖို့ပျက်ကွက်နေတာကိုတွေ့ရလို့ လွန်စွာ စိုးရိမ်မကင်းဖြစ်ရတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ပြောဆိုပါတယ်။

ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို အပြင်းအထန်ချိုးဖောက်တာ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တဲ့ ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ရမယ်လို့ ဆိုပါတယ်။

"UNICEF စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ခုချိန်ထိ ကလေးအရွယ်စုံ သေဆုံး ၃၅ ယောက်နဲ့ မရေတွက်နိုင်တဲ့ ထိခိုက်ဒဏ်ရာရသူတွေ၊ လူဦးရေ ၁၀၀၀ နီးပါး က လုံခြုံရေးအဖွဲဝင်တွေ ရဲ့ ဖမ်းဆီခံခဲ့ရပါတယ်။

မတ်လ ၂၇ ရက်နေ့ကတော့ အဆိုးဝါးဆုံး သွေးအစွန်းဆုံးနေ့ ဖြစ်တယ်။ လက်နက်ကိုင်တွေ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ဆန္ဒပြသူတွေကို အကြီးမားဆုံး ဖြိုခွင်းခဲ့တယ်။ အသက်အရွယ်စုံ ကလေးတွေ အပါအဝင် လူ ၁၃၀ ကျော် သေဆုံးခဲ့တယ်။

၁၁ နှစ်အရွယ် မိန်းခလေး ယောက်ျားလေး ၂ ယောက်၊ ၁၃ နှစ်အရွယ်၂ ယောက်၊ ၁၅ နှစ်အရွယ် ၃ ယောက်၊ ၁၇ နှစ်အရွယ် ၂ ယောက်နဲ့ ၁ နှစ်အရွယ် ခလေးဆိုရင် ရာဘာကျည်နဲ့ မျက်လုံးကို ဆိုးဆိုး ရွားရွား အပစ်ခံခဲ့ရတယ်။ ကလေးတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာက အလွန်ဆိုးရွားပြီး လက်မခံနိုင်စရာပါ။

UNICEF အနေနဲ့ အမြဲစောင့်ကြည့်လေ့လာပြီး သတင်းပို့နေပါတယ်။ UNICEF နဲ့ တခြားမိတ်ဖက် အဖွဲ့ အစည်းတွေက လက်ရှိမှာ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ ခလေးတွေနဲ့ မိသားစုတွေကို လူမှု၊ စိတ်ကျန်းမာရေး အခြေအနေတွေ စတာတွေကို အစိုးရမဟုတ်တဲ့ လူမှု့အဖွဲအစည်းတွေနဲ့ အထောက်အပံ့ ပေးသွားမှာ ဖြစ်တယ်။ စိတ်ကျန်းမာရေးထိခိုက်ခံသူတွေ မိသားစုတွေ ကလေးတွေကို စိတ်ကျန်းမာရေး ကျွမ်းကျင် သူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမယ်။

တခြား တစ်ဘက်မှာလည်း ကလေးတွေ၊ မိသားစုတွေနဲ့ ထိခိုက်ခံရသူတွေရဲ့တရားမျှတမှုတွေ ဥပဒေရေးရာ အထောက်အပံ့တွေ ပေးသွားမယ်၊ ဥပဒေရေးရာ အကြံဉာဏ်ပေးမှုတွေ ဆွေးနွေးမှုတွေ ကိုလည်း ပြုလုပ်သွားမယ်။

အခုလိုအချိန်မှာ လူမှုဝန်ဆောင်မှုတွေ သန့်ရှင်းတဲ့ရေ ရရှိနိုင်မှု အပါအဝင် ပညာရေးဝန်ဆောင်မှုတွေပါ အကြီးအကျယ် ပျက်စီးဆုံးရှုံးနေပါတယ်။

ပညာရေးဝန်ထမ်းဆရာ၊ ဆရာမတွေ ကျန်းမာရေးဝန်ထမ်းတွေက စစ်တပ်ရဲ့ ပစ်မှတ်ထားခြင်း ခံနေရတယ်။

ကလေး တစ်သန်းလောက်ကို ကာကွယ်ဆေးထိုးပေးရမယ်၊ သန့်ရှင်းတဲ့ရေ ရရှိရမယ် စတဲ့ လိုအပ်တာတွေ ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်လည်ရရှိအောင် ဆောင်ရွက်မယ်။ ဒါတွေလုပ်ဖို့ဆိုရင် လုံခြုံရေး အဖွဲ့ဝင်တွေက အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာဖို့ သေချာအောင်လုပ်ပြီး စစ်သုံး ခဲယမ်းမီးကျောက်တွေမသုံးစွဲဖို့ အရေးကြီးပါတယ်။ အရေးပါတဲ့ အဖွဲအစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆေးရုံတွေ ကျောင်းတွေကိုပုံမှန် လုံခြုံမှုရှိတဲ့ အနေအထားဖြစ်အောင်လုပ်ရမယ်။

UN ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ လုံခြုံရေးကောင်စီရဲ့ သဘောထားတွေ ထုတ်ပြန်ချက်တွေမှာ လက်ရှိ ဒီအခြေအနေတွေကို လက်ခံနိုင်စရာမရှိတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဖြစ်တယ်။

ကလေးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီးတော့လည်း ထင်ရာစိုင်းပြီး ကလေးတွေကို ဖမ်းဆီးနေတာတွေ၊ စစ်လက်နက်ခဲယမ်းအသုံးပြုနေတာတွေ စတာတွေကို US နဲ့ မြန်မာကြား ဆွေးနွေးမှုတွေရှိနေပါတယ်။ ခိုင်မာတဲ့ အထောက်အပံ့တွေနဲ့ ကလေးတွေအတွက် လိုအပ်တဲ့ လူမှုဝန်ဆောင်မှုတွေရဖို့ အကြမ်းဖက်မှု တွေ ရပ်တန့်ဖို့ အာရုံစိုက်ဆောင်ရွက်နေပါတယ်။" လို့ UNICEF ရဲ့ ဒေသဆိုင်ရာ အရေးပေါ်အကြံပေးပုဂ္ဂိုလ် Mark Rubin က RFA ကို ပြောပါတယ်။

စစ်တပ်အနေနဲ့ အင်အားအလွန်အကျွံ အသုံးပြုမှုကို ရပ်တန့်ဖို့နဲ့ အရပ်သားတွေကို ကလေးသူငယ်၊ လူငယ်အရွယ် မခွဲခြားဘဲ သတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့ကိုလည်း ယူနီဆက်က တောင်းဆိုထားပါတယ်။

RFA Burmese



မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ လုံခြုံမှု မရှိတော့ဘူးလို့ Save The Children ပြော မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ လုံခြုံမှု မရှိတော့ဘူးလို့ Save The Children ပြော Reviewed by THITHTOOLWIN on 21:16 Rating: 5

No comments:

Powered by Blogger.