R2P မူအရ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ လုံခြုံရေးကောင်စီကို ဒေါက်တာဆာဆာ ပန်ကြား

 

R2P မူအရ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ လုံခြုံရေးကောင်စီကို ဒေါက်တာဆာဆာ ပန်ကြား ဒေါက်တာဆာဆာ / Photo - Dr SaSa FB

မြန်မာပြည်သူတွေ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်မခံရအောင် “Responsibility to Protect (R2P)” လို့ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးမူအတိုင်း လိုက်နာဆောင်ရွက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာ အထူးကိုယ်စားလှယ်က မတ်လ ၄ ရက် ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ခန့်အပ်ထားတဲ့ ဒေါက်တာဆာဆာက အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို လိပ်မူပြီး ပေးပို့လိုက်တာပါ။

ဒီစာမှာ… စစ်တပ်ဟာ အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံလာအောင် အကြမ်းဖက်တဲ့နည်းတွေကို ဆက်ပြီးတိုးမြင့် အသုံးပြုလာကြောင်း၊ ဒီအထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်တာတွေ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့ပြင် လူတစ်ယောက်ရဲ့ ရှင်သန်နေထိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ မတရား ဖမ်းဆီးချုပ်နှောင်မှုကနေ ကင်းလွတ်ခွင့်၊ လွတ်လပ်စွာ ဆန္ဒသဘောထား ဖော်ထုတ်ခွင့် စတဲ့ လူ့အခွင့်အရေးတွေကို ရဲနဲ့စစ်တပ်က ဆိုးဆိုးဝါးဝါး ချိုးဖောက် ကျုးလွန်နေကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာပြည်သူတွေဟာ ဒီလောက် ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်နေရပေမယ့် သူတို့ရဲ့ ရဲစွမ်းသတ္တိကို ပြသခဲ့ကြတယ်လို့ ဒီစာမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်အောင် တိုးမြင့်ဖိအားပေးဖို့၊ ဥပေဒမဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ခံ အစိုးရကို အာဏာလွှဲပြောင်းပေးဖို့ လုံခြုံရေးကောင်စီ အနေနဲ့ အစွမ်းကုန် ကူညီ လုပ်ဆောင်ပေးဖို့လည်း ဒေါက်တာဆာဆာက တောင်းဆိုထားပါတယ်။

အတွင်းရေးမှူးချုပ်ထံရေးတဲ့ စာမှာ လုံခြုံရေးကောင်စီကနေ ကူညီဆောင်ရွက်ပေးဖို့ ပန်ကြားချက် လေးချက်ကို ဖော်ပြထားရာမှာ (၁) ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းနဲ့အညီ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး R2P မူအရ အပြစ်မဲ့ပြည်သူတွေကို အကာကွယ်ပေးဖို့၊ (၂) စစ်တပ်ခေါင်းဆောင်တွေသာမက စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေကိုပါ ထိရောက်တဲ့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့၊ (၃) စစ်တပ်ကို လုံးဝ လက်နက် မရောင်းချနိုင်အောင် ပိတ်ဆို့အရေးယူပေးဖို့နဲ့ (၄) စစ်ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက်မှုတွေကို ဝေဖန်ရှုတ်ချဖို့၊ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုကျူးလွန်နေသူတွေကို တရားဥပဒေအရ အရေးယူပြီး နိုင်ငံတကာ ပြစ်မှုဥပဒေတွေအရ လွတ်ငြိမ်းခွင့် မရှိအောင် အရေးယူပေးဖို့တွေ ပါဝင်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/drsasa-r2p-myanmar-coup-un-03042021134953.html

R2P မူအရ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ လုံခြုံရေးကောင်စီကို ဒေါက်တာဆာဆာ ပန်ကြား  R2P မူအရ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ လုံခြုံရေးကောင်စီကို ဒေါက်တာဆာဆာ ပန်ကြား Reviewed by THITHTOOLWIN on 05:55 Rating: 5

No comments:

Powered by Blogger.