မြန်မာ့ဒီမိုကရေစီရေး QUAD ခေါင်းဆောင်တွေ ဦးစားပေးမည်

အမေရိကန်၊ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲ Quad (ဓာတ်ပုံ-AFP)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ပေါ်ထွန်းလာအောင် အမြန်ဆုံးကြိုးပမ်းဖို့ လိုအပ်နေကြောင်း အမေရိကန် အပါအဝင် ၄ နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ QUAD ခေါင်းဆောင်တွေ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ကာလကြာရှည် အားပေးထောက်ခံလာခဲ့ကြတဲ့ နိုင်ငံတွေ အနေနဲ့ ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်းလာဖို့၊ ဒီမိုကရေစီစနစ်ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေ ခိုင်မာအားကောင်းအောင် ဦးစားပေး ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေကြောင်း အမေရိကန်၊ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံ ခေါင်းဆောင်တွေရဲ့ သောကြာနေ့က အွန်လိုင်းဆွေးနွေးမှုအပြီး ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားတာပါ။

သောကြာနေ့က အွန်လိုင်းတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံက အခြေအနေတွေ အပါအဝင် ဒေသတွင်း အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်းလည်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က ပြောပါတယ်။

“ဆွေးနွေးပွဲအတွင်း တောင်နဲ့ အရှေ့တရုတ် ပင်လယ်ပြင်တွေမှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်၊ မြောက်ကိုရီးယား နျူကလီးယားအရေးနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေ အပါအဝင် ဒေသတွင်းက အဓိက ကိစ္စတွေကို ခေါင်းဆောင်တွေ ဆွေးနွေးကြပါတယ်။” လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးက သောကြာနေ့ ဝါရှင်တန်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဂျပန်ဝန်ကြီးချုပ် Yoshihide Suga ကလည်း မြန်မာနိုင်ငံက အခြေအနေအပေါ် အလွန်အမင်း စိုးရိမ်တဲ့ သဘောထားကို ဆွေးနွေးပွဲအတွင်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု အတွက် တန်ဘိုးထားတဲ့အကြောင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi က အလေးထား ပြောကြားခဲ့တယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သား အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်၊ ပြည်တွင်း၊ ပြည်ပ ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်နေတာပါ။ မြန်မာနိုင်ငံအဝန်း အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့ အတွက်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/quad-American-japan-India-Australia-alliance-discuss-Myanmar-democracy-/5812373.html

မြန်မာ့ဒီမိုကရေစီရေး QUAD ခေါင်းဆောင်တွေ ဦးစားပေးမည် မြန်မာ့ဒီမိုကရေစီရေး QUAD ခေါင်းဆောင်တွေ ဦးစားပေးမည် Reviewed by THITHTOOLWIN on 07:42 Rating: 5

No comments:

Powered by Blogger.