ဆန္ဒပြအလုပ်သမားတွေကို ခွဲခြားဆက်ဆံတဲ့ မြန်မာလုပ်ငန်းရှင်တွေနဲ့ စီးပွားရေး ရပ်ဆိုင်းဖို့ရှိ(အီတလီ ဖက်ရှင်အဝတ်အထည်ကုမ္ပဏီ OVS )

မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝါရီ ၂၅ ရက်နေ့က စက်ရုံအလုပ်သမားများ ဆန္ဒပြစဉ်

အီတလီ အဝတ်အထည် လက်လီဖြန့်ချီတဲ့ OVS ကုမ္ပဏီက မြန်မာနိုင်ငံမှာ သူတို့ရဲ့ လုပ်ငန်းကို အကန့်အသတ်နဲ့ ဆက်ဖွင့်ထားမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံတွင်း အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဆန္ဒပြရာမှာ ပါဝင်တဲ့ အလုပ်သမားတွေ အပေါ်ခွဲခြားဆက်ဆံသူတွေနဲ့တော့ အလုပ်ဆက်လုပ်မှာ မဟုတ်ကြောင်း တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

မြန်မာနိုင်ငံက ချည်မျှင်နဲ့ ရက်ထည်တွေအပြင် အထည်ချုပ်စက်ရုံထွက် ပစ္စည်းတွေဟာ ကမ္ဘာမှာ နာမည်ကြီးသလို အထည်ချုပ်စက်ရုံလုပ်ငန်းဟာလည်း အဓိက ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းတခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း အကြမ်းဖက်မှုတွေ တိုးလာနေပြီး နိုင်ငံတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေ ရှိနေတာ အတွက် ရှုတ်ချကြောင်းနဲ့ အခြေနေကို မပြတ်စောင့်ကြည့်နေမှာ ဖြစ်ကြောင်းလည်း OVS က ပြောပါတယ်။

ကမ္ဘာ့ ဒုတိယအကြီးဆုံး ဖက်ရှင်ဒီဇိုင်း ကုမ္ပဏီ ဆွီဒင် အခြေစိုက် H&M ကရော အီတလီအခြေစိုက် Benetton အဝတ်အထည် ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံက ပစ္စည်းသစ်မှာယူမှုကို ချက်ချင်းပဲ ဆိုင်းငံ့ လိုက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ အခြေအနေမရောက်ခင်က နိုင်ငံတကာ နာမည်ကြီး အဝတ်အထည် ကုမ္ပဏီကြီးတွေ အလုံးအရင်းနဲ့ အလုပ်အပ်တာကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်း အတော့်ကို တိုးတက်ခဲ့တာပါ။

GAP ၊ H&M ၊ Primark နဲ့ Adidas လို ကုမ္ပဏီကြီးတွေဟာ မြန်မာ့အထည်ချုပ်စက်ရုံတွေမှာ သူတို့ အဝတ်အထည်တွေကို ချုပ်လုပ်ဖို့ ပြောင်းရွှေ့မှာယူခဲ့ကြသလို အဝတ်အထည်၊ ဖိနပ်နဲ့ လက်ဆွဲအိတ် တွေကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်ခဲ့ကြတာကြောင့် အထည်ချုပ်လုပ်ငန်းဟာ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၃% အထိ ရောက်ခဲ့ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/italy-ovs-to-stop-business-/5815715.html

ဆန္ဒပြအလုပ်သမားတွေကို ခွဲခြားဆက်ဆံတဲ့ မြန်မာလုပ်ငန်းရှင်တွေနဲ့ စီးပွားရေး ရပ်ဆိုင်းဖို့ရှိ(အီတလီ ဖက်ရှင်အဝတ်အထည်ကုမ္ပဏီ OVS ) ဆန္ဒပြအလုပ်သမားတွေကို ခွဲခြားဆက်ဆံတဲ့ မြန်မာလုပ်ငန်းရှင်တွေနဲ့ စီးပွားရေး ရပ်ဆိုင်းဖို့ရှိ(အီတလီ ဖက်ရှင်အဝတ်အထည်ကုမ္ပဏီ OVS ) Reviewed by THITHTOOLWIN on 06:20 Rating: 5

No comments:

Powered by Blogger.