NLD ပါတီဝင် မွတ်စလင်ရပ်ကျေးအုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရစဉ် သေဆုံး



စစ်တပ်က အာဏာသိမ်းလိုက်တာကို လမ်းပေါ်ထွက် ဆန္ဒပြသူတွေ၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေ၊ ရပ်ကွက်လမ်းလုံခြုံရေးအတွက် ကင်းစောင့်နေသူတွေကို စစ်တပ်နဲ့ ရဲတွေက ညဘက်တွေမှာ ဝင်ရောက်ဖမ်းဆီး အကြမ်းဖက် ရိုက်နှက်နေတာတွေ နေ့တိုင်းလိုလို ကြုံနေရပြီး သေဆုံး သူတွေလည်း ရှိလာနေပါတယ်။

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်ကို မတ်လ ၆ ရက်နေ့ညမှာ စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ နောက်တနေ့မှာပဲ သေဆုံးသွားကြောင်း မိသားစုကို မြို့နယ်စခန်းမှူးက အကြောင်းကြားခဲ့တာပါ။

ဖမ်းဆီးထားစဉ် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ရတဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရာရောက်တယ်ဆိုတာ ထင်ရှားလာနေကြောင်းလည်း ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူမောင်က RFA ကို ပြောပါတယ်။

မနေ့ညက ဦးခင်မောင်လတ်အပြင် ပန်းဘဲတန်းမြို့နယ် NLD ဗဟိုအလုပ်အမှုဆောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်နဲ့ ရဲ အပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဝင်ရောက်ရှာဖွေတာ၊ အကြမ်းဖက် ရိုက်နှက် ဖျက်ဆီးခဲ့ပြီး နေအိမ်တိုက်ခန်းတွေက ထွက်ကြည့်နေတဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

မနေ့က ည ၈ နာရီနောက်ပိုင်းကစပြီး ရန်ကုန်က မြို့နယ်တော်တော်များများမှာလည်း စစ်တပ်နဲ့ ရဲတွေက လမ်းတွေ၊ ရပ်ကွက်တွေထဲ ဝင်ရောက်ပြီး CDM မှာ ပါဝင်သူတွေ၊ ကိုယ့်ရပ်ကွက် ကိုယ့်လမ်း လုံခြုံရေးအတွက် ကင်းစောင့်နေတဲ့သူတွေကို ရိုက်နှက် ဖမ်းဆီးနေကြတဲ့ ရုပ်သံဖိုင်တွေလည်း လူမှုကွန်ရက် စာမျက်နှာတွေ ပေါ်မှာ တွေ့နေရတာပါ။

NLD အစိုးရလက်ထက် ၂ဝ၁၆ ခုနှစ်မှာ ဖျက်သိမ်းထားတဲ့ ဧည့်စာရင်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြန်ပြီး အသက်သွင်းထားပါတယ်။

ဒီဥပဒေနဲ့တကွ တစ်ဦးတစ်ယောက်ကို ဖမ်းဆီးမယ်ဆိုရင် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အသိ သက်သေတွေနဲ့ ဖမ်းဝရမ်းပါမှ ဖမ်းဆီးရမယ်ဆိုတဲ့ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှု ဆိုင်ရာ ကာကွယ်ပေးရေး ဥပဒေပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်းထားမယ်လို့လည်း ကြေညာပါတယ်။

ဒါကြောင့် လူတစ်ဦး တစ်ယောက်ကို ဖမ်းမယ်ဆိုရင် ဖမ်းဝရမ်းတွေ ပါစရာ မလိုတော့ဘဲ တွေ့တဲ့နေရာမှာ ဖမ်းဆီးနိုင်ပြီး၊ နေအိမ်ထဲဝင်ရှာခွင့်၊ စစ်ဆေးမေးမြန်းခွင့်၊ ဆက်သွယ်ရေး ကိရိယာတွေကို ကြားဖြတ် နားထောင်ခွင့် ရသွားပါတယ်။

အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးကတော့ ညဘက်တွေ ဘယ်အချိန်မှာ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်ထဲ ဝင်လာမလဲဆိုပြီး စိုးရိမ်နေရသလို၊ လုံခြုံမှုမရှိသလို ခံစားရတယ်လို့ ပြောပါတယ်။

ဖမ်းဆီးနှိမ်နင်းမှုတွေကို အာဏာပိုင်တွေ အရှိန်မြှင့်လာနေပေမယ့်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်မှုတွေကတော့ အရှိန်လျော့ မသွားသေးပါဘူး။ လူထိခိုက် သေဆုံးမှုတွေ ကြုံရတဲ့အထိ အာဏာပိုင်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေ ကြုံခဲ့ရတဲ့ မန္တလေးမြို့က အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လက် အားကောင်းနေတာကို အာဏာပိုင်တွေဘက်က အကြမ်းဖက်နှိမ်နင်းဖို့ ကြိုးစားမှုတွေလည်း ရှိနေပါတယ်။

မန္တလေးတိုင်း ပုဂံမြို့မှာ ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက် ဆန္ဒပြသူတွေကို စစ်သားနဲ့ ရဲတွေက သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ ထိခိုက်ဒဏ်ရာသူတွေ၊ အဖမ်းခံခဲ့ရသူတွေ ရှိခဲ့ပါတယ်။

ပုဂံမြို့သစ်က ဘုရား ၃၇ ဆူနား၊ မြို့တွင်းဈေးနားတို့မှာ သေနတ်နဲ့အချက်ပါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပုဂံဒေသခံတွေက ပြောပါတယ်။

အဖမ်းအဆီးတွေလည်းရှိခဲ့ပြီး ဘယ်နှစ်ယာက်ပါသွားတယ်ဆိုတာ အတည်ပြုနေဆဲ ဖြစ်သလို၊ ဆိုင်ကယ်‌ လေးစီးထက်မနည်း သိမ်းဆည်းသွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရန်ကုန် မရမ်းကုန်းမြို့နယ် သမိုင်းမြို့သစ် ဗဟိုလမ်းမပေါ်မှာ ဆန္ဒပြနေတဲ့ သပိတ်စခန်းကို စစ်သားနဲ့ရဲတွေက ဘာမှညှိနှိုင်းတာမရှိပဲ ဒီနေ့မနက် ၁၁ နာရီလောက်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေရဲ့ အတားအဆီးတွေကို ဘူဒိုဇာနဲ့ ထိုးဖယ်ပြီး အသံမိုင်း မီးခိုးဗုံး ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ရပ်ကွက်နေသူတွေနဲ့ ဆန္ဒပြ လူငယ် လေးဦးလောက်ကို ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ စမ်းချောင်းမြို့နယ်ထဲက လမ်းတွေ၊ တာမွေ၊ တောင်ဥက္ကလာ၊ သာကေတ စတဲ့မြို့နယ်တွေမှာလည်း ဆန္ဒပြသူတွေကို စစ်သားနဲ့ရဲတွေက ဖြိုခွင်းတာတွေ ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် တဂေါင်းဘုရားမှာ စစ်တပ်က ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက ညအိပ်နေရာယူထားပြီး ဒီနေ့မနက်ပိုင်းမှာ အကာအကွယ်တွေ လုပ်နေတဲ့ လူငယ်တွေထဲကနေ ဖမ်းဆီး ခံရတာတွေ ရှိခဲ့ပါတယ်။

ထိပ်တိုက် တွေ့ဆုံတာကနေ နှစ်ဖက်တင်းမာခဲ့ပြီး ရဲတပ်ဖွဲ့က အသံဗုံးတွေ၊ မီးခိုးဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် အနည်းဆုံး နှစ်ဦး ရာဘာကျည် ထိမှန်ခဲ့ပါတယ်။ ဆန္ဒပြပွဲအတွင်း အစောပိုင်းမှာ ဖမ်းဆီးခံရတဲ့ လူငယ်တစ်ဦးကိုတော့ ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဆန္ဒပြလှုပ်ရှားမှုတွေကို အကြမ်းဖက် နှိမ်နင်းနေပေမယ့်လည်း လူထုအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီး တောင့်ခံကြဖို့ လိုတယ်လို့လည်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မြင်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတာတွေ မလုပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်း အဝန်းက သတိပေးနေတဲ့ ကြားကပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားသူတွေကို ဖြိုခွင်းတာ၊ ဖမ်းဆီး တာတွေကို အာဏာပိုင်တွေ ဆက်လုပ်နေတာပါ။ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြသူတွေအပေါ် သွေးထွက်သံယို နှိမ်နင်းမှုတွေကို ဟန့်တားနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့လည်း တညီတညွတ်တည်း ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း မကြာသေးခင်ကပဲ တိုက်တွန်းထားပါတယ်။

RFA Burmese




NLD ပါတီဝင် မွတ်စလင်ရပ်ကျေးအုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရစဉ် သေဆုံး NLD ပါတီဝင် မွတ်စလင်ရပ်ကျေးအုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရစဉ် သေဆုံး Reviewed by THITHTOOLWIN on 22:43 Rating: 5

No comments:

Powered by Blogger.