NLD ပါတီဝင်တွေ အပါအဝင် လူအများအပြား စနေညက ဖမ်းဆီးခံရ

ပိတ်ဆို့ထားတဲ့ လမ်းကို ဖမ်းရှားရှင်းလင်းနေတဲ့ တပ်ဖွဲ့ဝင်များ ( Photo - Nay Zaw Win Maung )

ရန်ကုန်မြို့ နေရာအတော်များများမှာတော့ မနေ့ညက စစ်တပ် ၊ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက နေအိမ်တွေအတော်များများကို ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ အတော်များများ အဖမ်းခံခဲ့ရပါတယ်။ ဒါ့အပြင် တာမွေ မြို့နယ် ကျောက်မြောင်း နဲ့ ပန်းဘဲတန်းမြို့နယ်အတွင်းမှာလည်း ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကိုရန်နိုင်က တင်ဆက်ထား ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဆက်ဖြစ်နေချိန်မှာပဲ၊ ရန်ကုန်မှာတော့ မနေ့ညက လုံခြုံရေးအာဏာပိုင်တွေဘက်က ရပ်ကွက်တွေ နေအိမ်တွေထဲအထိ ဝင်ရောက် ဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။ လမ်းမတော်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ အလုံ၊ စမ်းချောင်း၊ တာမွေ ဒဂုံ ၊ သာကေတ အပါအဝင် နေရာ အတော်များများမှာ ဖမ်းဆီးတာတွေလုပ်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။

ကျောက်တံတားမြို့နယ် ၃၆ လမ်းမှာ မနေ့ညက NLD ပါတီဝင် ဦးအောင်ကြီး နဲ့ ကိုမြင့်အောင်တို့ကိုလည်း စစ်တပ်နဲ့ရဲက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တဦးဖြစ်တဲ့ မသီရိက ဗီအိုအေကို ပြောပါတယ်။

" သူတို့တွေလမ်းထိပ်ကိုရောက်လာတော့ကျမတို့က barricade ပိတ်ထားတယ်။ အဲဒီမှာ ကင်းသမားတွေလည်းရှိတယ်။ အဖေနဲ့အစ်ကိုကလည် အပြင်မှာရှိတယ်။ သူတို့တွေဝင်လာတာကို မြင်လည်းမြင်ရော၊ အကုန်လုံး ကင်းသမားတွေလည်း ပုန်၊ အဖေနဲ့ အစ်ကိုလည်း အိမ်ထဲဝင်ပြီး တံခါးတွေပိတ်၊ မီးတွေလည်းပိတ်ပြီး နေနေပါတယ်။ သူတို့က တားထားတဲ့ barricade တွေကို ရိုက်ချိုးပြီး ဝင်လာပါတယ်။ ဝင်လာပြီးတော့ ဝင်ဝင်ချင်းမှာ စစ်သား ၅ ယောက်က လမ်းထဲ ဝင်သွားတယ် ပထမအိမ်မှာပြီးတော့ အနောက်ကို သွားလိုက်သေးတယ်။ ကျောက်တံတားရဲလည်းပါတယ်။ သူက အိမ်မှာနေတယ်လို့ ပြောလို့ သူတို့ အနောက်ကို ပြန်လျှောက်လာပြီးတော့ ကျမတို့ အိမ်ရှေ့တည့်တည်ကို ရောက်လာပြီး အိမ်ရှင်တို့တံခါးဖွင့်ပေးပါဆိုပြီး တံခါးလာခေါက်တယ်။ ညီမတို့အကုန်လုံးကလည်း တယောက်မှ အသံမပေးဘဲ တိတ်ပြီးတော့နေနေကြတယ်။ ဒါပေမဲ့ တံခါးဖွင့်ပေးပါလို့ ခဏခဏပြောနေပြီး မဖွင့်ရင် ရိုက်ချိုးပြီး ဝင်လာပါမယ်ဆိုပြိး ခြိမ်းခြောက်တော့ အိမ်က အစ်မတယောက်က ထွက်ပြီးတော့ ဘာကိစ္စရှိလို့လဲ ဘာလဲဆိုပြီးမေးတော့၊ ကိုမြင့်အောင် နဲ့ ကိုအောင်ကြီးကို ထုတ်ပေးပါ။ ဒီအိမ်ှာရှိတယ်ဆိုပြီး သတင်းပေးထားတဲ့သူရှိတယ်ဆိုပြိး ပြောပြီး ထုတ်ခိုင်းတယ်။ ကျမတို့က ဒီအိမ်မှာမရှိဘူးလို့ ပြောတာကို နင်တို့ ထုတ်ပေးမလား မထုတ်ပေးဘူးလား၊ မထုတ်ပေးရင်၊ တံခါးရိုက်ချိုးပြီး ဝင်လာမယ်၊ သေနတ်နဲ့လည်း ပစ်မယ်လို့ ပြောပါတယ်။"

"အဲဒါနဲ့နောက်ဆုံး အဖေနဲ့ အစ်ကိုက အိမ်မှာ ကလေးတွေနဲ့ တခုခုဖြစ်မှာ စိုးလို့ ထွက်လာပေးတယ်။ ထွက်လာပြီးတာနဲ့ ကျမတို့က ခဏလေး အစ်ကိုတို့ ဘာကြောင့်လာခေါ်တာလဲ ၀ရမ်းပြဆိုတော့၊ အဲဒါတွေအခုချိန်မှာ လာမမေးပါနဲ့ ၊ လူတွေပဲခေါ်သွားပါမယ့်၊ လူတွေပဲလိုက်ခဲ့ပါ။ လုံးဝမရိုက်ပါဘူးလို့ ကတိပေးပြီးတော့ ခေါ်သွားတယ်။ အခုသူတို့ မြို့တော်ခန်းမကို ခေါ်သွားကြတယ်။ လမ်းကလူတွေ နောက်ပိုင်း လိုက်သွားကြတဲ့အချိန်မှာတော့ သူတို့က ဘာကြောင့်လဲဆိုတာ မပြောပြဘူး။ အကုန်လုံးပြန်ပါတဲ့ ၊ ၁၀ မိနစ်အချိန်ပေးတယ်။ မပြန်ရင် ပစ်မယ်ဆိုပြီး မြို့တော်ခန်းမကနေ ခြိမ်းခြောက်တယ်။ အဲဒါနဲ့ရပ်ကွက်ကလူတွေအကုန်လုံးက ပြန်ပြေးလာကြတယ်။ "

ရန်နိုင်။ ။ ဘာကြောင့်ဖမ်းတယ်လို့ရောထင်လဲ။

မသီရိ။ ။ ညီမထင်တာကတော့ ညီမတို့က ဒီလမ်းထဲမှာ လုံခြုံရေးကို အပြည့်အဝလုပ်ပေးတယ်။ ပြီးတော့ NLD ပါတီဝင်တွေလည်းဖြစ်တယ်။ ဆန္ဒပြကျောင်းသားတွေ လမ်းထိပ်မှာ အရေးအကြောင်းပြေးပြီးဆိုရင် တံခါးတွေဖွင့်ပေးတယ်။ အိမ်တွေမှာ ဦးဆောင်သူ ပုံစံဖြစ်နေတယ်။ အဲဒါကြောင့်လို့ထင်တာပဲ။

ရန်နိုင်။ ။ ဘယ်အဖွဲ့က ဖမ်းသွားတာလဲ။

မသီရိ။ ။ ဘယ်အဖွဲ့က ဖမ်းသွားသလဲဆိုတော့ သူတို့ လည်ပင်းပတ်နီတွေပါတယ် ။ စစ်ကားတွေပါတယ်။ ကျောက်တံတားရဲတွေပါတယ်။ ညီမယောက်မတယောက်ကတော့ ကျမပါ လိုက်မယ်ဆိုပြီး အသည်းအသန်လိုက်သွားတယ် ၊ မြို့တော်ခန်းမနားရောက်တော့ သူတို့ ဒီထဲဝင်တော့မယ် အစ်မမလိုက်ပါနဲ့ဆိုပြီး သူ့ကို ပြန်ခိုင်းလိုက်ပါတယ်။

ရန်နိုင်။ ။ ညီမအဖေနဲ့အစ်ကို ၂ ယောက်စလုံးက NLD ပါတီဝင်လား

မသီရိ။ ။ သူတို့ ၂ ယောက်စလုံးရော ညီမတို့ တအိမ်လုံး တော်တော်များများက NLD ပါတီဝင်တွေပါ။

ရန်နိုင်။ ။ အခုလို ဖမ်းဆီးသွားတဲ့အပေါ်မှာရော ဘာများပြောချင်သလဲ။

မသီရိ။ ။ ဒါက လုံးဝမတရားဘူူး။ ဘယ်လိုမှသူတို့ကို ပြောလည်း ပြောလို့မရဘူး။ အိမ်ထဲဝင်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တယ်။ အိမ်မှာလည်း ကလေးငယ်ငယ်လေးတွေက အများကြီးပဲ၊ အကုန်လုံးက လန့်နေကြတယ်။ အမေကလည်း ရောဂါသည် ၊ အမေလည်း ငိုနေတယ်။

ဒါ့အပြင် ၃၉ လမ်းမှာ နေထိုင်တဲ့ NLD ပါတီဝင်တဦး လည်း မနေ့ညက ဖမ်းဆီးခံလိုက်ရတယ်လို့ သူမက ပြောပါတယ်။

တချိန်တည်းမှာပဲ၊ ပန်းဘဲတန်းမြို့ လမ်း ၃၀ နဲ့ တာမွေမြို့နယ်အတွင်းက အာသောက ရပ်ကွက်မှာလည်း ဝင်ရောက်ဖမ်းဆီး တာတွေနဲ့ ပစ်ခတ်မှုတွေ ရှိတာကို Facebook လူမှုကွန်ရက်တွေမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေမှာ တွေ့နေရပါတယ်။

စမ်းချောင်းမြို့နယ်ဘက်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကားအစင်း ၂၀ လောက်နဲ့ ရောက်လာခဲ့ပြီး၊ မိုးမခလမ်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူး တယောက်ကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ စမ်းချောင်းမြို့ နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

" ၉ နာရီခွဲ နဲ့ ၁၀ နာရီကြားလောက်မှာ မိုးမခလမ်းကို ဝင်စီးပါတယ်။ အဲဒီမှာ ရပ်/ကျေး တယောက်ရှိပါတယ်။ ပြည်သူလူထုက တင်ထားတဲ့ ရပ်ကျေးတယောက်ကို ဖမ်းဆီးဖို့ကြိုးစားတာခင်ဗျ။ ဒါပေမဲ့ အဲဒီ ရပ်ကျေးက မရှိတော့ဘူး သူက ရှောင်ပြီးတော့ ပြေးသွားတယ်ခင်ဗျ။ "

စစ်အုပ်ချုပ်ရေးကောင်စီက NLD ပါတီဝင်တွေအနေနဲ့ ပြည်ထောင်လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ပတ်သက်ခြင်း မရှိဘူးဆိုတာကို မနေ့ မတ်လ ၆ ရက်နေ့မှာ နောက်ဆုံးထားပြီး အကြောင်းကြားဖို့ ပြောကြားထားတာဖြစ်ပြီး၊ အဲဒီလိုအချိန်မှာပဲ ၊ အခုလိုမျိုး ညဘက်တွေမှာ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်လာနေတာပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက တိုက်တွန်းနေတဲ့ ကြားမှာပဲ၊ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေ၊ ဖမ်းဆီးမှုတွေကို ဆက်လုပ်နေတာလည်း ဖြစ်ပါတယ်။


 ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/military-raid-arrest-people-in-yangon/5804443.html

NLD ပါတီဝင်တွေ အပါအဝင် လူအများအပြား စနေညက ဖမ်းဆီးခံရ NLD ပါတီဝင်တွေ အပါအဝင် လူအများအပြား စနေညက ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 06:21 Rating: 5

No comments:

Powered by Blogger.