NLD ပါတီရပ်ကျေး ခေါင်းဆောင်တဦး ဖမ်းဆီးခံရစဉ်သေဆုံး

ညဘက်အဖမ်းခံရပြီး မနက်ပိုင်းသေဆုံးသွားတဲ့ NLD ပန်းဘဲတန်း ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ် (မတ်လ ၇၊ ၂၀၂၁)

ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်တွင်းက NLD ပါတီ ရပ်ကျေးခေါင်းဆောင်တဦးကို မနေ့ မတ်လ ၆ ရက်နေ့ညက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီနေ့မနက် မင်္ဂလာဒုံစစ်ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ဖြစ်ရပ်ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျမ မေခ စုံစမ်းမေးမြန်းထားပါတယ်။

သေဆုံးသွားသူကတော့ NLD ပါတီ ပန်းဘဲတန်းမြို့နယ် ရပ်ကျေးခေါင်းဆောင် ဦးခင်မောင်လတ်ပါ။ သူဟာ အစ္စလမ် ဘာသာဝင် တဦးလည်းဖြစ်ပါတယ်။ ရန်ကုန်နေရာအတော်များများက ရပ်ကျေးအဆင့်အထိ NLD ပါတီဝင်တွေကို စစ်တပ်နဲ့ရဲက မနေ့ကညက လိုက်လံဖမ်းဆီးရာမှာ ဦးခင်မောင်လတ်ဟာ နေအိမ်မှာပဲ ဖမ်းဆီးခံရပါတယ်။ မနေ့က ပန်းဘဲတန်းမြို့နယ် တခုတည်းမှာလည်း NLD ပါတီဝင်အတော်များများရဲ့ နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးပြီး ရိုက်နှက်ခေါ်ဆောင် တာတွေ ရှိခဲ့တယ်လို့ ပန်းဘဲတန်း NLD အမတ် ဦးစည်သူမောင်က ပြောပါတယ်။

ညဘက်အဖမ်းခံရပြီး မနက်ပိုင်းသေဆုံးသွားတဲ့ NLD ပန်းဘဲတန်း ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ် (မတ်လ ၇၊ ၂၀၂၁)

“အခုက ဖမ်းတာတွေအကုန်က ဥပဒေမဲ့ ဖြစ်လာပြီ။ ရွာထဲရပ်ထဲကို အကြမ်းဖက်သမားတွေဝင်လာသလိုမျိုး မီးရှို့မယ် ဖျက်ဆီးမယ်။ တွေ့တဲ့စ္စည်း လုယက်မယ်။ လုံးဝဥပဒေမဲ့ပဲ။ ရမ်းကားမှုဖြစ်သွားပြီ။ လုံးဝကို ဥပဒေဆိုတဲ့စကားလုံးထက်ကိုပိုသွားပြီ။ အင်မတန်မှရမ်းကားမှုတခုဖြစ်သွားပြီ။ ကိုယ်လိုချင်တာမရလို့ မီးရှို့တယ်ဆိုတာ အကြမ်းဖက်သမားရဲ့လုပ်ရပ်ဗျ။ နိုင်ငံတော်အဆင့် နာမည်ခံထားတဲ့ အဖွဲ့အစည်းတခုရဲ့လုပ်ရပ်မဟုတ်တော့ဘူး။ ဒီပေါ်မှာနိုင့်ထက်စီးနင်းမှုတခုဖြစ်တယ်။ ကျနော်တို့ ကျဆုံးခဲ့တဲ့ အာဇာနည်တွေတယောက်ပြီး တယောက်များလာပြီ။ ဒါက ကျနော်တို့အတွက် ဆုံးရှုံးမှုတခုပါ။”

မတ်လ ၆ ရက်နေ့ည ၁၀ နာရီဝန်းကျင်မှာ စစ်တပ်နဲ့ရဲအဖွဲ့တွေဟာ ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလယ်လမ်းက ဦးခင်မောင်လတ် နေအိမ်အပါအဝင် တလမ်းလုံးကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်း ရပ်ကွက်တွင်းနေထိုင်သူတွေကပြောပါတယ်။

“လမ်း ၃၀၊ အနော်ရထာလမ်း၊ ဗန္ဓုလလမ်း ဝင်တယ်။ ဟိုဘက်ဒီဘက်နဲ့ ဘယ်လမ်းဝင်မယ်မသိရသေးဘူး။ နောက်ကျတော့လမ်း ၃၀ ကိုနောက်ဖေးလမ်းကြားကနေဝင်တယ်။ နောက်ဖေးလမ်းကြားပိတ်ပြီးမှ အိမ်ပေါ်တက်လာတဲ့သဘော။ လမ်းထဲဝင်တာနဲ့ သေနတ် လေးငါးချက်ဖောက်တယ်။ သေနတ်ဖောက်တော့ အိမ်ထဲကလူတွေတောင် ခေါင်းမထုတ်ရဲဘူးဖြစ်သွားတယ်။ အဲလိုဖြစ်ပြီး တံခါးတွေ၊ အကာအရံတွေကို ဘုန်း-ဒိုင်းဆိုပြီးလုပ်တော့ လူတွေတော်တော်များများလန့်ပြီး ဓါတ်ပုံတောင်မရိုက်ရဲဘူး။ နောက်အိမ်ပေါ်တက်ရှာတယ်။ အောက်မှာ လှေခါးတံခါးတွေပိတ်ထားတာလေ။ အဲဒါတွေကို ကိုက်ဖြတ်တယ်။ တံခါးတွေဖျက်တယ်။ ဝင်တာတော်တော်ကြမ်းတော့ လူတွေကတော်တော်လန့်သွားတာ။”

ကိုယ်တိုင်ကြုံရသူတယောက်က မနေ့ညကဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ လမ်းတလမ်းလုံးဝင်စီးခဲ့တဲ့ ပုံစံတခုကိုပြောပြလာတာဖြစ်ပါတယ်။

ဦးခင်မောင်လတ် ရဲ့ရုပ်အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံတွင် ထားရှိကြောင်းသိရှိရပြီး ထားရှိတဲ့နေရာကနေ လာယူဖို့ ဆက်သွယ်လာတဲ့အတွက် ပန်းဘဲတန်း မြို့နယ်သားအချို့က မင်္ဂလာဒုံစစ်ဆေးရုံမှာ ဒီမနက်ပိုင်းကသွားထုတ်ယူကြပါတယ်။ ထုတ်ယူတာမှာ ရုပ်အလောင်းမှာ ခေါင်းကိုချုပ်ထားတာမျိုးတွေ့ရသလို ရင်ဘတ်ခွဲ စစ်ဆေးထားတာမျိုးတွေ ရှိတယ်လို့ အဲဒီနေရာကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။ ဦးခင်မောင်လတ်သေဆုံးမှုဟာ နှလုံးရောဂါကြောင့်သေဆုံးရတယ်လို့ အာဏာပိုင်တွေက အကြောင်းပြတယ်လို့ဆိုပါတယ်။

“သူတို့က ကျနော်တို့လူက အလန့်တကြားဖြစ်ပြီး လဲကျတယ်။ မင်္ဂလာဒုံစစ်ဆေးရုံမှာဆုံးတယ်ပေါ့။ ဒါကခိုင်လုံတဲ့အကြောင်းပြချက် မဟုတ်ဘူးလေ။ သူတို့ကြောင့်မဟုတ်ဘူး၊ ရောဂါကြောင့်ဆိုတာကတော့ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး။ နှလုံးရောဂါကြောင့်ပေါ့ဗျာ။ နှလုံးရောဂါကြောင့် လက်ချောင်းမှာအညိုစွဲတယ်ပေါ့ဗျာ။ ခွဲစိတ်တဲ့အတွက် ခေါင်းသွေးကျတယ်ပေါ့။ အဲဒါသူတို့အကြောင်းပြချက်တွေလေ။ သူတို့ကတော့ Body ကို တာဝန်အရ ရင်ခွဲစစ်ရတယ်ပေါ့လေ။ အန်ကယ်တို့က လက်ခံလို့မရဘူးလေ။ရင်ခွဲတာလေ ရင်ခွဲတာလေ ခေါင်းမှာကဘာလို့သွေးတွေကျနေသလဲ။ ဒါကထောက်ပြစရာတခုဖြစ်တယ်။ ခေါင်းမှာတခု၊ လက်ချောင်းတွေမှာ မဲနေတာတခု၊ နောက်ခါးမှာ အညိုကွက်တွေတွေ့ရပါတယ်။”

ညဘက်အဖမ်းခံရပြီး မနက်ပိုင်းသေဆုံးသွားတဲ့ NLD ပန်းဘဲတန်း ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ် (မတ်လ ၇၊ ၂၀၂၁)

ကွယ်လွန်သူရဲ့ဈာပနကို အစ္စလမ်ဘာသာဝင်တွေရဲ့ထုံးတမ်းအရ ဒီကနေ့ညနေပိုင်းမှာပဲ မြှုပ်နှံခဲ့ပါတယ်။ ကွယ်လွန်သူဟာပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလမှာ ပန်းဘဲတန်း လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့သူဖြစ်တဲ့အပြင် ၂၀၁၅ ကာလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တာဝန်ယူခဲ့တဲ့ ဦးနေဖူးဗဆွေရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။


ေမခ/ VOA Burmese

https://burmese.voanews.com/a/khin-maung-latt-nld-military-coup-cdm-sithu-maung-/5804820.html

NLD ပါတီရပ်ကျေး ခေါင်းဆောင်တဦး ဖမ်းဆီးခံရစဉ်သေဆုံး NLD ပါတီရပ်ကျေး ခေါင်းဆောင်တဦး ဖမ်းဆီးခံရစဉ်သေဆုံး Reviewed by THITHTOOLWIN on 22:40 Rating: 5

No comments:

Powered by Blogger.