စစ်ကောင်စီက ဖမ်းထားတဲ့ နေပြည်တော် NLD အမတ်တွေ ရုံးထုတ်



စစ်ကောင်စီက ဖမ်းထားတဲ့ NLD ပါတီရဲ့ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဦးမင်းသူ၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်နဲ့ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကို မြို့နယ်တရားရုံးတွေမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

ဦးမင်းသူကို ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။ သူ့ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဥတ္တရသီရိ မြို့နယ်မှာ ဖမ်းလိုက်တာဖြစ်ပါတယ်။

ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က မတ်လ ၁ ရက်နေ့က ဖမ်းဆီးခံရ တာဖြစ်ပြီး၊ လယ်ဝေးမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။

ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကတော့ မတ်လ ၂ ရက်နေ့က ဖမ်းဆီးခံရပြီး ဥတ္တရသီရိမြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်တာပါ။

သူတို့ သုံးဦးစလုံးကို ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက တရားစွဲဆိုထားပြီး  နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းထားတာဖြစ်ပါတယ်။

ဒီနေ့ရုံးထုတ်ချိန်မှာ ဦးသန့်ဇင်ထွန်းနဲ့ ဦးကျော်မင်းလှိုင်ကို ပုဒ်မ ၅၀၅ (က)နဲ့ သက်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲတင် ရုံးထုတ်ခဲ့ပြီး မိသားစုတို့ ရှေ့နေတွေနဲ့ တွေ့ခွင့်ရခဲ့ပေမယ့်  ဦးမင်းသူကိုတော့ ဒီနေ့ ညနေ ၄ နာရီနောက်ပိုင်းမှသာ ရုံးထုတ်ခဲ့ပြီး မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မရဘူးလို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးမယ့် အမည်မဖော်လိုသူ တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

ဦးသန့်ဇင်ထွန်းရဲ့ ဒီနေ့ နေ့လယ် ၁ နာရီက ရုံးထုတ်မှာတော့ မိသားစုနဲ့ရော၊ အမှုကို လိုက်ပါဆောင်ရွက် ပေးမယ့် ရှေ့နေနဲ့ပါ တွေ့ခွင့်ရခဲ့ပါတယ်။ သူကျန်းမာရေး ကောင်းတယ်လို့ ဇနီးဖြစ်သူ ဒေါ်ချိုချိုအောင်က ပြောပါတယ်။

ဦးသန့်ဇင်ထွန်း နောက်ရုံးချိန်းကို လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ထပ်မံချိန်းဆိုခဲ့ပါတယ်။ အဲဒီနေ့ ရုံးချိန်းမှသာ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေက ကိုယ်စားလှယ်ပါဝါ တင်မယ်လို့ သိရပါတယ်။

ဦးကျော်မင်းလှိုင်ကို ရှေ့နေ ကိုယ်စားလှယ်လွဲစာလည်း တင်ခဲ့ပြီး နောက်ရုံးချိန်းကိုတော့ မတ်လ ၃၀ ရက်နေ့ကို ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဦးကျော်မင်းလှိုင်ကို လက်ထိပ်နဲ့ တွေ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဇနီးဖြစ်သူ ဒေါ်ဝင်းပပအောင် က ပြောပါတယ်။

ဦးမင်းသူဟာ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ အစိုးရဝန်ထမ်းတွေကို CDMမှာ ပါဝင်လာဖို့ အဓိက ကြိုးကိုင်ဆောင်ရွက်ခဲ့မှုကြောင့် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီက  သတင်းထုတ်ပြန်ထားပါတယ်။ သူ့ထွက်ဆိုချက်အရ ဆက်စပ် ပါဝင်သူတွေဖြစ်တဲ့ ဦးကျော်မင်းလှိုင်၊ ဦးသန့်ဇင်ထွန်းတို့ကိုလည်း အမှုဖွင့် အရေးယူထားကြောင်း ကြေညာထားပါတယ်။

ဦးကျော်မင်းလှိုင်ကို ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၅၀၅ (က) နဲ့ ဦးသန့်ဇင်ထွန်းကိုတော့ လယ်ဝေးမြို့နယ် သာဝတ္တိနယ်မြေရဲစခန်းမှာ ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက အမှုဖွင့်ထားတာဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (က)မှာ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ ရေ၊ လေတပ်မှ အရာရှိ သို့မဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော် လည်းကောင်း၊ သက်ဆိုင်ရာ မိမိရဲ့ တာဝန်ဝတ္တရားကို မလေးစားခြင်း သော်လည်း ကောင်း ၊ ပျက်ကွက်ခြင်း သော်လည်းကောင်း ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ပြုစေ တန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးမှာဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အဲဒီ ပုဒ်မ ၅၀၅ (က)ကို ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ် တိုးမြှင့်ခဲ့ ပါတယ်။

RFA Burmese



စစ်ကောင်စီက ဖမ်းထားတဲ့ နေပြည်တော် NLD အမတ်တွေ ရုံးထုတ် စစ်ကောင်စီက ဖမ်းထားတဲ့ နေပြည်တော် NLD အမတ်တွေ ရုံးထုတ် Reviewed by THITHTOOLWIN on 23:19 Rating: 5

No comments:

Powered by Blogger.