နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေး NCA အဖွဲ့တွေ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မည်

နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေး NCA အဖွဲ့တွေ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မည် ဗိုလ်ချုပ်ကြီး ယွက်ဆစ် / Photo - NCA-S EAO

လက်ရှိနိုင်ငံရေး အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ရေး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အတွင်း တာဝန်တွေ ခွဲပေးခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က မတ်လ ၁၂ ရက် နေ့ ဒီကနေ့မှာပြောလိုက်ပါတယ်။

PPST ရဲ့ နှစ်ရက်ကြာ အစည်းအဝေးအပြီး ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အပါ အဝင် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ကိစ္စရပ်တွေကိုလည်း အစည်းအဝေးအတွင်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာပါဝင်တဲ့အချက်တွေကို အကြီးအကျယ်ချိုးဖောက်နေတယ်လို့လည်း NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ဒီကနေ့ ပြောလိုက်ပါတယ်။

PPST အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က စစ်တပ်အနေနဲ့ ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်နေတာ၊ မတရား ပုဒ်မတွေတပ် ဖမ်းဆီးနေတာ၊ ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျာင်း၊ တက္ကသိုလ်တွေထဲမှာ တပ်စွဲထားတာ၊ စစ်ကောင်စီအလိုကျ ဥပဒေတွေ ထုတ်ပြန်နေတာဟာ NCA စာချုပ်ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေတဲ့ စစ်ကောင်စီရဲ့ ကမ္ဘာ့သိ လုပ်ရပ်ဆိုးတွေလို့ ပြောပါတယ်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်လည်း တိုင်းရင်းသား ပြည်သူတရပ်လုံးနဲ့ လက်တွဲပူးပေါင်းကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

NCA စာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PPST မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA)၊ ကရင်အမျိုး သားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/nca-ppst-statement-myanmar-coup-03122021054724.html

နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေး NCA အဖွဲ့တွေ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မည်  နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေး NCA အဖွဲ့တွေ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မည် Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.