Los Angeles မြို့ မြန်မာကောင်စစ်ဝန်ရုံးချုပ်က ပထမအတွင်းဝန် CDM မှာ ပါဝင်

Los Angeles မြို့ မြန်မာကောင်စစ်ဝန်ရုံးချုပ်က ပထမအတွင်းဝန် ဦးအောင်ကျော်နိုင်

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်နေကြတဲ့ CDM လှုပ်ရှားမှုမှာ အမေရိကန်ရောက် သံရုံးဝန်ထမ်းတွေ ပါဝင်လာနေကြတာမှာ အခုနောက်ဆုံး ကာလီဖိုးနီးယားပြည်နယ် Los Angeles မြို့က မြန်မာ ကောင်စစ်ဝန်ရုံးချုပ်မှာ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်ကျော်နိုင်လည်း မတ်လ ၅ ရက်၊ သောကြာနေ့က စပြီး CDM လှုပ်ရှားမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် ဝါရှင်တန် ဒီစီမြို့မှာရှိတဲ့ မြန်မာသံရုံးဝန်ထမ်း ၆ ဦး၊ Los Angeles မြို့ ကောင်စစ်ဝန်ရုံးက တခြား ဝန်ထမ်းတဦးတို့ CDM မှာ ပူးပေါင်း ပါဝင်လာကြပြီးတဲ့နောက် ဦးအောင်ကျော်နိုင်လဲ အခုလို ပါဝင်လာတာ ဖြစ်ပါတယ်။ ဦးအောင်ကျော်နိုင်ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးအောင်ကျော်နိုင်။ ။ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး စစ်အာဏာသိမ်းခဲ့တယ် ။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ ပြည်သူတွေနဲ့ အထူးသဖြင့် Generation Z ဒီလူငယ်တွေကနေပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်ပေါ့ဗျာ။ မြန်မာနိုင်ငံမှာ ဆန္ဒဖော်ထုတ်ကြတယ် စစ်အာဏာသိမ်းတာ အလိုမရှိဘူးဆိုပြီးတော့ အဲလို ဆန္ဒဖော်ထုတ်ကြတာကို စစ်အာဏာသိမ်း အုပ်စုက ဒီလူငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းတာတွေပေါ့ဗျာ ၊ တုတ်တွေနဲ့ရိုက်၊ စနိုက်ပါတွေနဲ့ ပစ်၊ သတ်ဖြတ်တာတွေက ဖြစ်လာတော့ ဖြစ်လာတဲ့အခြေအနေက တနေ့တခြား ပိုပြီးတော့ ဆိုးလာတယ် ။ ပိုပြီး ဆိုးလာတဲ့အချိန်မှာ ဒီ မတ်လ ၃ ရက်နေ့က ဖြစ်တဲ့ဟာကို ကြည့်ရတဲ့အခါကျတော့ တော်တော်လေးကို ကျနော်တို့မှာ ရင်ထဲမှာ မခံစားနိုင်တော့ဘူးဗျ။ အဲလို မခံစားနိုင်တော့တဲ့အခါကျတော့ အဲဒီလို ဖြစ်ပြီးတော့ ကျနော်ဆုံးဖြတ်လိုက်ရတာပေါ့ CDM လုပ်ဖို့ကို ဟုတ်ကဲ့။

ကိုဇော်ဝင်းလှိုင်။ ။ ဦးအောင်ကျော်နိုင် ပြောတာကတော့ ဒီ မတ်လ ၃ ရက်နေ့က နောက်ဆုံးဖြစ်သွားတဲ့ အကြမ်းဖက် ဖြိုခွဲမှုကြောင့် ဒီဆုံးဖြတ်ချက် ချဖို့ဖြစ်သွားတယ်ပေါ့ CDM လုပ်ဖို့က။

ဦးအောင်ကျော်နိုင်။ ။ ဟုတ်ကဲ့ ရှေ့ပိုင်းမှာလည်း ဖြစ်တော့ ဖြစ်နေတာပေါ့လေ ဒါပေမယ့် စဉ်းစားနေတာပေ့ါ။ ဒါတွေကတော့ တော်တော်အခြေအနေဆိုးလာတဲ့အခါကျတော့ ကျနော်တို့ ရင်ထဲမှာ ဘယ်လိုမှ ခံစားလို့ မရတော့ဘူးပေါ့ဗျာ ။ ဒါလူတိုင်းလည်း ဒီလိုဖြစ်မယ်ဆိုတာ ကျနော် ထင်ပါတယ် ယုံကြည်ပါတယ် ဟုတ်။

ကိုဇော်ဝင်းလှိုင်။ ။ ဦးအောင်ကျော်နိုင် အခုဆုံးဖြတ်ချက်တော့ ချလိုက်ပြီပေါ့နော် အခုဒါ ရှေ့လျှောက်ရော ဒီဟာကြီးက ရှင်းရှင်းပြောရရင်တော့ ဒီမိုကရေစီ လှုပ်ရှားမှုက ဘယ်လောက်အထိ ကြာမလဲ ၊ မြန်မလား နှေးမလားဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူးလေ ဆိုတော့ ဦးအောင်ကျော်နိုင်က ဘယ်လောက်အထိ စိတ်ပိုင်းဖြတ်ထားပါသလဲ ဒါကို CDM လုပ်ဖို့အတွက်လေ။

ဦးအောင်ကျော်နိုင်။ ။ CDM လုပ်ရတာကတော့ စစ်အာဏာသိမ်းတာ အမြန်ဆုံး ကျဆုံးဖို့နဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ ယန္တရားကို ရပ်တန့်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်က စပြီးတော့ ဒီနေ့လုပ်တာတော့ မဟုတ်ပါဘူး ၊ မနက်ဖြန်မှ ကျနော် စလုပ်မှာပါ။ အဲဒီတော့ ရုံးကတော့ မသွားတော့ဘူးပေါ့လေ ပြည်သူ့အာဏာ ပြည်သူ့အစိုးရလက်ထဲ ပြန်ရောက်တဲ့အထိ ကျနော်တို့က ဒါ လုပ်ရမှာပေါ့လေ။ ကျနော်တို့ ကြားထဲမှာလည်း ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ ဘာမှ မမျှော်မှန်းလို့ မရပါဘူး အဲလိုတော့ ရှိတာပေါ့။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ စစ်အာဏာရှင်စနစ်ကြီး ပြုတ်ကျသွားတဲ့အထိ အပြီးတိုင်အထိ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ချက် ချထားတယ်ပေါ့။

ဦးအောင်ကျော်နိုင်။ ။ ဟုတ်ကဲ့ပါ။

ကိုဇော်ဝင်းလှိုင်။ ။ ဒီ Los Angeles ကပဲ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဦးအောင်ကျော်နိုင်သိတဲ့အတိုင်း ဒေါ်မြမြကြည်လည်း CDM လုပ်ထားတယ်ဆိုတော့ ဦးအောင်ကျော်နိုင် တို့ ရုံးကဆိုရင် ၂ ယောက်ရှိပြီပေါ့နော်။ ဆိုတော့ ဦးအောင်ကျော်နိုင် အခုလို ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကိုယ့်လုပ်ဖော်ကိုင်ဖက်အချင်းချင်း ၊ အထက်အရာရှိနဲ့ဖြစ်ဖြစ် ပေါ့နော် တိုင်ပင်ဆွေးနွေးတာတွေရော ရှိခဲ့သလား။

ဦးအောင်ကျော်နိုင်။ ။ ကျနော်တို့က အဲဒါကိုတော့ ဒီလိုဖြစ်နေတယ် ဒါကြီးက ခံစားလို့မရဘူးဆိုတာလောက်တော့ ကျနော်တို့ အချင်းချင်းတော့ ပြောတာပေါ့နော်။ ဒါပေမယ့် ကျနော် ဒီလိုမျိုးလုပ်သွားတော့ ဘယ်သူမှ ကျနော်မတိုင်ပင်ဘူး ကျနော်လုပ်မယ်ဆိုတာကတော့ ကျနော်မပြောဘူးလေ။ လုပ်လိုက်ပြီဆိုမှ ငါတော့ ဒီလို လုပ်လိုက်ပြီ ၊ မနက်ဖြန် ငါရုံးမတက်ဘူး ဒါပဲ ကျနော်ပြောထားလိုက်တယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဦးအောင်ကျော်နိုင်ကတော့ ဒီသောကြာနေ့ကစပြီးတော့ ရုံးမတက်တော့ဘူး ကိုယ့် CDM လုပ်ငန်းကို စတင်အကောင်အထည်ဖော်ပြီ ၊ ကိုယ့်တဦးတယောက်အနေနဲ့ပဲ။

ဦးအောင်ကျော်နိုင်။ ။ ဟုတ်ကဲ့ အရှေ့မှာလည်း မမြကြည်ကလည်း သူစလုပ်တဲ့နေ့ကနေ စပြီး သူလည်း ရုံးလာမတက်ဘူး။ ရုံးကတော့ လိုက်ပြီးတော့ ရုံးပြန်တက်ဖို့ဆိုပြီးတော့ ခေါ်တယ်ပေါ့လေ ။ ဒါပေမယ့် သူ ရုံးလာမတက်ဘူးပေါ့နော် အဲလိုအခြေအနေဆိုတော့ ကျနော့်ကိုလည်း မနက်ဖြန်ကျတော့ ကျနော့်ကို ဘာဆက်ပြောလာမလဲဆိုတာကို ကျနော် စောင့်ကြည့်ရမှာပေါ့လေ။ လောလောလတ်လတ်ကတော့ ပြန်ရုံးတက်ဖို့အစီအစဉ် မရှိသေးပါဘူး။

ကိုဇော်ဝင်းလှိုင်။ ။ ဆိုတော့ ဦးအောင်ကျော်နိုင် အခုလို ကိုယ့်ဆုံးဖြတ်ချက်နဲ့ လုပ်လိုက်တဲ့အတွက် အဆိုးဆုံးဘာဖြစ်နိုင်မယ်လို့ တွက်မိထားသလဲ။ အခုဆိုရင် CDM လုပ်တဲ့အတွက် အလုပ်ပြုတ်နိုင်တယ်ပေါ့နော် မြန်မာပြည်ထဲမှာလည်း ဝန်ထမ်းတွေကို အဲလို ဖိအားပေးတာတွေ ဘာတွေ ဦးအောင်ကျော်နိုင် တို့လည်း ကြားသိနေမှာပေါ့ ။ ဆိုတော့ ကိုယ်ဒီမှာရှိနေတဲ့ ကိုယ့်ရာထူးတာဝန်တွေ ဆုံးရှုံးသွားနိုင်တယ်၊ ကိုယ့် မိသားစုအနေနဲ့ နိုင်ငံခြားမှာ အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ အတွေးမျိုးတွေရော ရှိခဲ့သလား။

ဦးအောင်ကျော်နိုင်။ ။ ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျာ၊ ဒါကတော့ ကျနော့်ရာထူး ဆုံးရှုံးသွားနိုင်တဲ့အခြေအနေအထိ တွေးထားပါတယ်။ ကျန်တဲ့အခက်အခဲတွေလည်း ရှိလာနိုင်ပါတယ်၊ ရှိမယ်လို့ ကျနော် မျှော်မှန်းထားပါတယ်။ ဒါကတော့ ကျနော်ကြုံလာသမျှ ဖြစ်လာသမျှကို ကျနော် ရင်ဆိုင်ရမှာ ပေါ့လေ။

ကိုဇော်ဝင်းလှိုင်။ ။ CDM လုပ်ဖို့အတွက် ဆုံးဖြတ်ချက် မချခင်မှာဖြစ်ဖြစ်၊ အခု ဆုံးဖြတ်ချက် ချပြီးတဲ့အခါမှာဖြစ်ဖြစ်၊ အခု မြန်မာပြည်ထဲမှာ ဖွဲ့ထားတဲ့ CRPH နဲ့ ဒါမှမဟုတ်လည်း CRPH နိုင်ငံတကာရုံးနဲ့ ဆက်သွယ်မှုရှိသလား အဆက်အသွယ်ရှိသလား သူတို့နဲ့ စကားပြောတာတွေ ဘာတွေရှိပါသလား။

ဦးအောင်ကျော်နိုင်။ ။ အခုအချိန်အထိတော့ ကျနော်မရှိသေးပါဘူး ဟုတ်ကဲ့

ကိုဇော်ဝင်းလှိုင်။ ။ ဆက်သွယ်ဖို့ အစီအစဉ်ရော ရှိလားခင်ဗျ။

ဦးအောင်ကျော်နိုင်။ ။ ဆက်သွယ်ဖို့ကတော့ ကျနော်လည်း ဘယ်လို ပြောရမှန်းမသိဘူးခင်ဗျ ၊ ကျနော့်မှာ ဖုန်း Contact တွေဘာတွေ လောလောလတ်လတ်တော့ မရှိသေးဘူးခင်ဗျ။

CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ Los Angeles မြန်မာ ကောင်စစ်ဝန်ရုံးချုပ်က ပထမအတွင်းဝန် ဦးအောင်ကျော်နိုင် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။


ကိုဇော်ဝင်းလှိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-la-counsulate-officer-cdm-/5803443.html

Los Angeles မြို့ မြန်မာကောင်စစ်ဝန်ရုံးချုပ်က ပထမအတွင်းဝန် CDM မှာ ပါဝင် Los Angeles မြို့ မြန်မာကောင်စစ်ဝန်ရုံးချုပ်က ပထမအတွင်းဝန် CDM မှာ ပါဝင် Reviewed by THITHTOOLWIN on 04:30 Rating: 5

No comments:

Powered by Blogger.