စစ်ကောင်စီဥက္ကဋ္ဌ တွေ့ဆုံခွင့်တောင်းဆိုမှုကို KNU ငြင်းပယ်

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြားခံဆက်သွယ်မှုနဲ့ တွေ့ဆုံဖို့ တောင်းဆိုလာတာကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ငြင်းပယ်လိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွေ့ဆုံဖို့ကမ်းလှမ်းချက်အပေါ် KNU က တောင်းဆိုချက်တွေ အကောင်အထည်ဖော်မှသာ တွေ့ဆုံနိုင်မယ်ဆိုပြီး အကြောင်းကြားစာ ထုတ်ပြန် ငြင်းပယ်လိုက်တာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်စာက အတည်ဖြစ်တယ်လို့ KNU ဘားအံဆက်ဆံရေးရုံးက စောအောင်ပန်းက RFA ကို ပြောပါတယ်။

ပြည်သူကိုကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ ရဲနဲ့ တပ်က နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူ တွေကို ခြိမ်းခြောက်၊ တိုက်ခိုက်၊ သတ်ဖြတ်ပြီး စစ်ဆင်ရေးသဖွယ်လုပ်ဆောင်နေတာကို KNU အနေနဲ့ လက်ခံနိုင်စရာမရှိဘဲ ဒီလိုလုပ်ဆောင်ချက်တွေဟာ နိုင်ငံအတွက် အရှက်ရစေတယ်လို့ ပြန်ကြားတဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တပ်မတော်အနေနဲ့ နိုင်ငံရေးကနုတ်ထွက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းကာ အာဏာလွှဲပြောင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းဖို့ နေရာအနှံ့မှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို ရုပ်သိမ်းဖို့၊ အပတ်ခတ်ရပ်စဲထားတဲ့နေရာက တပ်တွေကို ရုပ်သိမ်းဖို့၊ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကြေညာပြီး အကောင်အထည်ဖော်ပေးဖို့၊ အာဏာသိမ်းမှုနဲ့ ဆက်စပ်ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပြီး စွဲချက် တင်ထားတာ ပယ်ဖျက်ဖို့၊ ဆန္ဒပြသူတွေကို ထောက်ပံံ့ပေးနေတဲ့ ဆေးဝါးကုသရေးဆိုင်ရာ လုပ်ငန်းတွေ အားလုံး အပြည့်အဝ ပြန်လည်လုပ်ကိုင်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

NCA စာချုပ်ပါ ပြဌာန်းချက်တွေအားလုံးကို ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေ လိုက်နာဖို့၊ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ မလုပ်ဖို့၊ အကြမ်းဖက်အင်အားသုံးပြီး ပြည်သူတွေရဲ့ အစားအသောက်၊ ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေကို မယူဖို့၊ အဓ္ဓမအလုပ်စေခိုင်းတာ၊ ဥပဒေမဲ့ဖမ်းဆီးပြီး အတင်းအကြပ်ဝန်ခံခိုင်းတာ၊ တရားစွဲတာ အမိန့်ချတာတွေ မလုပ်ဖို့၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို အပြည့်အဝပေးဖို့၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦးတွေကို ဖျက်ဆီးတာတွေမ လုပ်ဖို့နဲ့ တပ်စွဲမထားဖို့ စတာတွေပါရှိပါတယ်။

အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုှုမလုပ်ဖို့နဲ့ ကလေးသူငယ်တွေကို သတ်ဖြတ်တာ၊ လိင်ပိုင်း ဆိုင်ရာ စော်ကားကာ၊ အဓ္ဓမခိုင်းစေတာ၊ တပ်သားစုဆောင်းတာတွေ မလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။

တောင်းဆိုမှုတွေကို အကောင်အထည်ဖော်မှသာ တွေ့ဆုံမယ်လို့ ပြန်ကြားစာမှာ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/knu-rejects-meeting-military-council-chairman-03262021014822.html

စစ်ကောင်စီဥက္ကဋ္ဌ တွေ့ဆုံခွင့်တောင်းဆိုမှုကို KNU ငြင်းပယ်  စစ်ကောင်စီဥက္ကဋ္ဌ တွေ့ဆုံခွင့်တောင်းဆိုမှုကို KNU ငြင်းပယ် Reviewed by THITHTOOLWIN on 22:46 Rating: 5

No comments:

Powered by Blogger.