မြန်မာစစ်တပ် အကြီးအကျယ် ထိုးစစ်ဆင်လာနိုင်ခြေ KNU သတိပေး

Karen National Union (KNU) တပ်သားများ

ကရင်ပြည်နယ်ထဲမှာ မြန်မာစစ်ဖက်တပ်ဖွဲ့တွေ ဘက်ပေါင်းစုံကနေ အကြီးအကျယ် ထိုးစစ်ဆင်လာမယ့် အခြေအနေနဲ့ရင်ဆိုင်နေရတဲ့အတွက်နိုင်ငံတကာအသိုင်းအဝိုင်းက ကြားဝင်ဆောင်ရွက်ပေးဖို့ KNU ကရင်အမျိုးသားအစည်းအရုံးက အင်္ဂါနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

စစ်အုပ်ချုပ်ရေးအပေါ် နိုင်ငံတဝှမ်းဆန့်ကျင်ဆန္ဒပြသူတွေကို မြန်မာစစ်တပ်နဲ့ရဲတပ်ဖွဲ့က အင်အားသုံး နှိမ်နှင်းနေသလို တဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေလည်း ပေါ်ပေါက်နေတာပါ။ မြန်မာစစ်တပ်က လေကြောင်းကနေပါ ထိုးစစ်ဆင်နေတာကြောင့် ကရင်ပြည်နယ်ထဲက ပြည်သူထောင်နဲ့ချီ ထိုင်းနိုင်ငံဘက်ထွက်ပြေးနေကြရပါတယ်။

KNU တပ်ဖွဲ့ကလည်း မြန်မာစစ်တပ်က ဘက်ပေါင်းစုံကနေ အကြီးအကျယ်ထိုးစစ်ဆင်လာရင် ရင်ဆိုင်တိုက်ဖို့ ပြင်ဆင်ထားတယ်လို မတ်လ ၃၀ ရက်နေ့မှာပဲ့ကြေညာချက်ထုတ်ပြန်ထားတာပါ။ ကိုယ့်မြေကိုယ့်ရေနဲ့ ကရင်လူထုရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ကာကွယ်ဖို့အတွက် မြန်မာစစ်တပ်ကို ရင်ဆိုင်ရုံကလွဲပြီး ရွေးချယ်စရာ မရှိဘူးလို့လည်း KNU ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ အရပ်သားအစိုးရဆီက တရားမဝင် အာဏာရယူထားတဲ့ မြန်မာစစ်တပ်ကို အသိအမှတ်မပြုဖို့၊ စစ်ရေးနဲ့ စီးပွားရေးအားလုံးကို ဖြတ်တောက်ဖို့လည်း KNU က နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

ကချင်ပြည်နယ်ထဲမှာလည်း ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေလည်း ပေါ်ပေါက်နေတာပါ။ ဆန္ဒပြပြည်သူတွေအပေါ် စစ်တပ်နဲ့ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နှင်းနေတာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ရာနဲ့ချီတဲ့ပြည်သူတွေ သေဆုံးနေရတာကို အပြင်းအထန် ရှုတ်ချကြောင်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က လတ်တလော ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်လက်နက်ကိုင် AA ၊ကိုးကန့်လက်နက်ကိုင် MNDAA နဲ့ တအာင်းလက်နက်ကိုင် TNLA တို့က မြန်မာစစ်တပ်ရဲ့အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကို မရပ်ရင် နွေဦးတော်လှန်ရေး ဆင်နွှဲနေကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံတွေဘက်က မိမိကိုယ်ကို ခုခံကာကွယ်ရေး အတွက် ရပ်တည်သွားမယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အဆိုအရ ၂လအတွင်း အရပ်သားပြည်သူ ၅၁၂ ဦးထက်မနည်းသေဆုံးကြောင်း ဖော်ပြထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/knu-warn-there-will-be-intensive-fighting-from-myanmar-army-/5834852.html

မြန်မာစစ်တပ် အကြီးအကျယ် ထိုးစစ်ဆင်လာနိုင်ခြေ KNU သတိပေး မြန်မာစစ်တပ် အကြီးအကျယ် ထိုးစစ်ဆင်လာနိုင်ခြေ KNU သတိပေး Reviewed by THITHTOOLWIN on 22:01 Rating: 5

No comments:

Powered by Blogger.