KNU တပ်မဟာ ၁ နယ်မြေမှာ စစ်ရေးတင်းမာနေ



ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေထဲမှာ မနေ့က တိုက်ပွဲ ၅ ကြိမ်ဖြစ်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့တယ်လို့ KNU ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

မနေ့က တိုက်ပွဲအတွင်း KNU ရှေ့တန်းစခန်းတစ်ခု လက်လွှတ်လိုက်ရပြီး မြန်မာတပ်ဘက်က ကျဆုံးတာ တွေရှိတယ်လို့ သထုံခရိုင်အတွင်းရေးမှူး ပဒိုစိုးမြင့်က ပြောပါတယ်။

“မနေ့က ညောင်ကုန်းဘက်ကတော့ တိုက်ပွဲဖြစ်တာပေါ့နော်၊ ကျနော်တို့ စခန်းတစ်ခု လက်လွှတ်လိုက်ရ တာပေါ့၊ ဒီမနက်တော့ ထွေထွေထူးထူး မရှိသေးဘူး၊ စစ်ရေးကတော့ နည်းနည်းတင်းမာနေတယ်၊ ကျနော်တို့ကလည်း နည်းနည်းလှုပ်ရှားမှုတွေ ပိုများလာတော့ နည်းနည်းတင်းမာမှုတွေ ရှိတာပေါ့”

မနေ့က သထုံခရိုင်အတွင်းက ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ဘားအံမြို့တွေမှာ တိုက်ပွဲဖြစ်တာလို့ ပဒိုစောစိုးမြင့်က ပြောပါတယ်။

KNU တပ်မဟာ ၁ နယ်မြေ သထုံခရိုင်မှာ မနေ့က ခလရ ၂၀၄၊ ၂၀၅ နဲ့ တိုက်ပွဲတစ်ကြိမ်၊ ခမရ ၁၁၈ တပ်ရင်းနဲ့ တိုက်ပွဲတစ်ကြိမ်၊ လေ့ကျင့်ရေး ၉ အလံတရာနဲ့ တိုက်ပွဲတစ်ကြိမ်၊ တပ်မ ၄၄ အနီး အမြောက်တပ်ရင်းနဲ့ တိုက်ပွဲတစ်ကြိမ်၊ ဘားအံမြို့နယ် ညောင်ကုန်းရွာသစ်မှာ တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မနေ့က KNU တပ်မဟာ ၁ နယ်မြေအတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်တွေဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ကျေးရွာတွေထဲ ပစ်ခတ်နေပြီး ထိခိုက်ဒဏ်ရာ ရတာတော့မရှိဘူးလို့ သထုံခရိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

သထုံခရိုင်မှာနေထိုင်ပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရပြီး ညဘက်တွေမှာ တပ်မတော်က ခြောက်လှန့်ပစ်ခတ်တာတွေရှိနေတယ်လို့ ပြောပါတယ်။

KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ဘက်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်းနေရတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောပါတယ်။

“ပိုပြီးတော့ဆိုးတာက ရွာထဲမှာလက်နက်ကြီးတွေနဲ့ ပစ်တာတွေလုပ်လာတဲ့အခါကြတော့ ထွက်ပြေးတိမ်း ရှောင်နေရတဲ့ ရွာသားတွေကလည်း ထွက်ပြေးနေရတယ်၊ ပြောချင်တာက ထိပ်တိုက်ရင်ဆိုင်တာမျိုး မလုပ်ဘဲ ရွာထဲကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပြီးတော့ ရွာသားတွေကို ခြိမ်းခြောက်ပြီးတော့မှ လုပ်တာက ပိုပြီးတော့ဆိုးတယ်ပြောရမယ်၊ မူတရောဘက်မှလည်းပဲ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်က လူဦးရေ ၅၀၀ ကျော် ၆၀၀ လောက်ထပ်မံပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရတာ ရှိတာပေါ့”

လက်တလော KNU တပ်မဟာ ၅ မှာ အရင်ကတည်းက ပစ်ခတ်မှုတွေအတိုင်း ပုံမှန်ထိတွေ့မှုတွေရှိပြီး စစ်တပ်ဘက်က အင်အားတိုးချဲ့နေတယ်လို့လည်း ပဒိုမန်းမန်းက ပြောပါတယ်။

KNU နဲ့ တိုက်ပွဲမှာ မြန်မာစစ်တပ်က ငါးဦးသေဆုံးတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက ခန့်ထားတဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ဆိုဒ်စာမျက်နှာမှာလည်း တိုက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာ မရှိပါဘူး။

စစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖြန့်ချိနေတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဆွေဦးရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာတော့ ဘားအံ၊ ကျိုက်ထို၊ သထုံက တပ်ဌာနချုပ် သုံးနေရာကို မနေ့က အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတဲ့အကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။ ပစ်ခတ်တဲ့ အဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ သုံးထားပြီး စုံစမ်းနေတယ်လို့ ပြောပါတယ်။ အဲဒီပစ်ခတ်တဲ့အဖွဲ့ဟာ ဖာပွန်ဘက်ကို ဆုတ်သွားတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်က ရဲတပ်ဖွဲ့တွေ အပါအဝင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ဝန်ထမ်းတွေကို KNU တပ်မဟာ ၅ နယ်မြေမှာ နေထိုင်စားသောက်ဖို့ အကူညီပေးထားတာရှိပြီး နိုင်ငံရေးအရ ပါဝင်ဆောင် ရွက်သူတွေကိုလည်း ကူညီပေးနေတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

KNU အနေနဲ့ လက်ရှိလူထုလှုပ်ရှားမှုတွေနဲ့အတူ လက်နက်ကိုင်လှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ ဆောင်ရွက်နေတယ်လို့လည်း ပဒိုမန်းမန်းက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေမှာ မြန်မာစစ်တပ်နဲ့ KNU/ KNLA တပ်အကြား မတ် ၉ ရက် ဒီနေ့မှာ တိုက်ပွဲဖြစ်နေတယ်လို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့် က ပြောပါတယ်။

KNU ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုကြောင်းနဲ့ အာဏာရှင်စနစ်အမြစ်ဖြုတ်ရေးကို လက်တွဲဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

လက်ရှိမှာလည်း KNU ထိန်းချုပ်ရာနေရာတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို KNU အဖွဲ့ဝင်တွေက လုံခြုံရေး လိုက်ပါပေးတာတွေလည်း ရှိနေပါတယ်။

RFA Burmese



KNU တပ်မဟာ ၁ နယ်မြေမှာ စစ်ရေးတင်းမာနေ KNU တပ်မဟာ ၁ နယ်မြေမှာ စစ်ရေးတင်းမာနေ Reviewed by THITHTOOLWIN on 23:57 Rating: 5

No comments:

Powered by Blogger.