တပ်နဲ့ KNU စစ်ရေးတင်းမာနေ



KNU နဲ့ မြန်မာစစ်တပ်အကြားမှာ လမ်းဖောက်တာ၊ ရိက္ခာပို့တာစတဲ့ အငြင်းပွားဖွယ်ရာ ကိစ္စတွေကြောင့် အပစ်ခတ်ရပ်စဲထားပေမယ့် တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ ကြားမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက တောက်လျှောက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို KNU က လက်မခံဘူးလို့ ပြောထားပြီး တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ နေရာအပြင် ကော့ကရိတ်ဘက်မှာလည်း မြန်မာစစ်တပ်ဘက်က နယ်မြေကျော်လာတာကြောင့် ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။

တပ်မဟာ ၅ နယ်မြေမှာတော့ မနေ့တစ်နေ့ကအထိ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောပါတယ်။

“နေတိုင်းလိုလိုတော့ ကြိုကြားကြိုကြားဖြစ်တယ်၊ သူတို့ဘက်က စစ်ကြောင်းတွေ ထိုးလာတဲ့သဘော ရှိတယ်၊ ဖာပွန်ရဲ့တောင်ဘက်မှာလည်းပဲ စစ်ကြောင်းအင်အားတိုးချဲ့တာရှိတယ်၊ မြောက်ဘက်မှာလည်း တိုးချဲ့တာရှိတယ်၊ မြောက်ဘက်ဆိုတာက အရင်က ကားလမ်းဖောက်တဲ့ နေရာတွေပေါ့၊ တမ်မဟာ ၅၅ ကရင်နီဘက်လည်း တတ်လာတယ်လို့ ကျနော်တို့ကြားရတယ်၊ ဘယ်ဘက်ဦးတည်မယ်ဆိုတာတော့ ကျနော်တို့ မသိရသေးဘူး၊ ဖာပွန်တောင်ဘက် မဲဝိုင်ဒေသမှာလည်း စစ်ကြောင်းတကြောင်းရောက် နေတယ်၊ ပေါ်လိုက်ပြောက်လိုက်နဲ့ ရွာသားတွေကို ခြောက်လှန်ပစ်ခတ်တာတွေရှိတယ်၊ သူတို့စစ်ကြောင်း နဲ့ ကျနော်တို့နဲ့ ပစ်ခတ်တာတွေလည်းရှိတယ်”

ခုရက်ပိုင်းအတွင်းမှာ မြန်မာစစ်တပ်ဘက်က KNU တပ်မဟာ ၅ ဖာပွန်ဒေသမှာ စစ်ကြောင်းတွေရောက် လာပြီး အင်အား တစ်ထောင်ဝန်းကျင်လောက်ရှိတယ်လို့လည်း ပဒိုမန်းမန်းက ပြောပါတယ်။

လောလောဆယ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် KNU တပ်မဟာ ၃ နဲ့ ၅ နယ်မြေမှာ စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်ရှိပြီး မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးနေ ရတယ်လို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုတာဒိုမှူးက ပြောပါတယ်။

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၃ ကျောက်ကြီးမြို့နယ်တွေမှာ တပ်နဲ့ KNU တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေဆဲပဲလို့ တပ်မဟာ ၃ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လူစုခွဲရင်း KNU ထိန်းချုပ်နယ်မြေထဲ ရောက်လာတဲ့ မြန်မာစစ်တပ်ကို ပစ်ခတ်ခဲ့တယ်လို့ (KNU) က ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကြောင့် မြန်မာစစ်တပ်ဘက်က ဗိုလ်မှူးအဆင့် အပါအဝင် သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။ ဒီတပ်သားတွေဟာ ကော့ကရိတ်မြို့ အာရှလမ်းမကြီးကနေ KNU ထိန်းချုပ်နယ်မြေ ထဲကို တစ်မိုင်ကျော်လောက် ကျူးကျော်ပြီး ကော့ကရိတ် - ကျိုက်ဒုံလမ်းမကြီးပေါ်မှာရှိတဲ့ ရွာသစ်ကျေးရွာ အထိ ဝင်ရောက်လာတာကြောင့် ပစ်ခတ်ခဲ့တာလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ်တွေမှာလည်း လက်ရှိအချိန်မှာ မြန်မာစစ်တပ်နဲ့ KNU ကြား စစ်ရေးတင်းမာမှုတွေ ဖြစ်နေပါတယ်။

အခုလိုမျိုး တစ်ဖက်နဲ့တစ်ဖက်အကြား စစ်ရေးတင်းမာလာတဲ့အပေါ် တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင် တာကြောင့် ကောကရိတ်ပြည်သူတွေ စိုးရမ်နေကြတယ်လို့ ကောကရိတ် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်သားတစ်ချို့က အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင် လာကြပြီး KNU ဆီကို လာပြီးခိုလုံတာတွေရှိပါတယ်။

KNU တပ်မဟာ ၅ နယ်မြေအတွင်း CDM လှုပ်ရှားမှုပါဝင်တဲ့ မြန်မာစစ်သား ၁၀ ယောက်ကျော်ရှိပြီး သူတို့ကို ကူညီထားတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

“ကျနော်တို့ တပ်မတော်ကနေ တပ်သားတွေဖြစ်ဖြစ် တပ်မှူးတွေဖြစ်ဖြစ် CDM လှုပ်ရှားမှုမှာ ပါဝင်လာ မယ်ဆိုရင် သူတို့အတွက် ကျနော်တို့ ကြိုဆိုပြီးလမ်းဖွင့်ထားပေးပါတယ်၊ အခုကတော့ ခမရ ၄၀၂ နဲ့ ၄၀၃ က အနီးစပ်ဆုံးကတပ်တွေက ဝင်လာတာ ၁၀ ယောက်ကျော်လောက်ရှိပါပြီ၊ နောက်ထပ်ဝင်လာနိုင် မယ်လို့လည်း၊ ပူးပေါင်းပါဝင်လာနိုင်မယ်လို့လည်း ကျနော်တို့ မျှော်လင့်တယ်ပေါ့၊ အဓိကကူညီ ရတာကတော့ လုံခြုံရေး၊ စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေးပေါ့”

KNU တပ်မဟာ ၅ နယ်မြေထဲ လာရောက်ခိုလှုံတဲ့သူတွေကတော့ ထားဝယ်အခြေစိုက် ခလရ ၄၀၂ နဲ့ ၄၀၃ တပ်ရင်းတွေကဖြစ်ပြီး နောက်ထပ် CDM လုပ်မယ့် တပ်မတော်သားတွေကိုလည်း အကူညီပေးဖို့ ပြင်ဆင်ထားတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

မြန်မာစစ်သားတွေ CDM လုပ်နေတာနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးဖို့ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

လက်ရှိပြည်သူတွေငြိမ်းချမ်းစွာ ဆန္ဒပြတာကို KNU အနေနဲ့ထောက်ခံကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်း ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အကောင်အထည်ဖော်ဖို့ ဆန္ဒရှိလိုလည်း ပဒိုတာဒိုမှူးက ပြောပါတယ်။

KNU အပါအဝင် အပစ်ရပ်ထားတဲ့ PPST အဖွဲ့ကလည်း အာဏာသိမ်းမှုကို လက်မခံကြောင်းနဲ့ ဆန္ဒပြပြည်သူ တွေကို ထောက်ခံတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

RFA Burmese



တပ်နဲ့ KNU စစ်ရေးတင်းမာနေ တပ်နဲ့ KNU စစ်ရေးတင်းမာနေ Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.